သန်းထွန်း ပွဲဦးထွက်၂၃

18Aug11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား။ ဖဆပလခေတ် သမိုင်းပညာရှင်တွေအကြောင်း ပြန်ဆက်ရရင် ဒီ ၁၉၅၀ ကျော်ကာလ ကိုရီးယားစစ်အတွင်း ဆန်ဈေးကောင်းခဲ့ရာက မြန်မာအစိုးရမှာ ပြည်ပငွေပိုလျှံပီး အနောက်နိုင်ငံတွေကို ပညာတော်သင်တွေ စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ရာမှာလည်း တိုင်းပြည် ထူထောင်ရေးမှာ အသုံးကျမယ့် ဘာသာရပ်ပေါင်းစုံပါဝင်ပါတယ်။ တိုင်းပြည်တခုရဲ့ လမ်းကြောင်း အနာဂတ်ကိုပဲ့ပြင်ရာမှာ အရေးကြီးတဲ့ သမိုင်းပညာရပ်အတွက်လည်း အင်္ဂလန် အမေရိက တက္ကသိုလ်ကြီးတွေကို စေလွှတ်သင်ကြားစေခဲ့တာပါ။ အဲဒီထဲမှာ မြန်မာသမိုင်းလေ့လာရေးအတွက် အစဉ်အလာ ကြီးတဲ့ လန်ဒန်တက္ကသိုလ်နဲ့ စစ်အေးခေတ်သြဇာချဲ့ထွင်ရေးမှာ အရေးကြီးတဲ့ အရှေ့တိုင်းနိုင်ငံများ လေ့လာရေးကို စောက်ချလုပ်ကိုင်နေတဲ့ အမေရိကန်တက္ကသိုလ်တွေဆီ လွှတ်တာဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်တွေမှာ ပညာသင်ခဲ့တဲ့ မြန်မာသမိုင်းပညာရှာတွေထဲက နောင်မှာ သမိုင်းဌာနတွေကို ဦးစီးလုပ်ကိုင်ရတဲ့ ပညာရှင်ကောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။

အကြောင်းကြောင်းကြောင့် ပြည်ပပြန်ထွက်သွားသူတွေရှိပေမယ့် မြန်မာပြည်မှာအခြေချပီး သမိုင်း သုတေသန ကိုစူးစိုက် လေ့လာ ပို့ချ ဖြန့်ဖြူးနေတဲ့ ဆရာတွေလည်းရှိပါတယ်။ သူတို့ထဲက ထင်ရှားသူ တချို့ကတော့ ဒေါက်တာသန်းထွန်း၊ ဒေါက်တာရီရီ၊ ဦးထွန်းအောင်ချိန်၊ စိုင်းအောင်ထွန်း၊ ဒေါက်တာ ခင်မောင်ညွန့် စသူတွေပါ။ သူတို့တွေဟာ ပြည်ပကပြန်လာပြီး တက္ကသိုလ်တွေ
သုတေသနဌာနတွေမှာ ဝင်အမှုထမ်းရင်း အင်္ဂလိပ်မြန်မာဘာသာတွေနဲ့ သုတေသနစာတမ်းဆောင်းပါးတွေ ရေးကြပါတယ်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်နဲ့ ရှုမဝ မြဝတီစတဲ့ အများဖတ်မဂ္ဂဇင်းကြီးတွေမှာ ထည့်သွင်းကြပါတယ်။ နောက် ၁၉၆၀-၇၀ ပြည့်လွန်နှစ်တွေမှာ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ စာအုပ်တွေ မြန်မာဘာသာနဲ့ ထွက်ရှိလာပါတယ်။ ဒီလိုထွက်လာခဲ့တဲ့စာအုပ်စာတမ်းတွေထဲမှာ လူပြောသူပြောအများဆုံး ကတော့ မန္တလေးတက္ကသိုလ်သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေလို့ဆိုရင် ရနိုင်ပါတယ်။

ဒေါက်တာသန်းထွန်းကို အများပရိသတ် စပီးသိကြတာက ရန်ကုန်တက္ကသိုလ်သမိုင်းကထိက ခန့်အပ်ရေး ကိစ္စမှာ ဗိုလ်မှူးဘရှင်နဲ့ ယှဉ်ပြိုင်လျှောက်ထားတာက စပါတယ်။ ၁၉၆၀ စစ်အာဏာမသိမ်းခင် လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေခေတ်မို့ တက္ကသိုလ်ကောင်စီမှာ အချေအတင်ဆွေးနွေးကြတာတွေက အပြင်ပရိသတ်တွေကြား အုတ်သြသောင်းသဲဖြစ်ခဲ့တာပါ။ အဲဒီနှစ်ပိုင်းမှာပဲ မြန်မာစာပါမောက္ခ
နေရာအတွက် မင်းသုဝဏ် (ဦးဝန်)နဲ့ ဦးဧမောင်တို့ နှစ်ယောက် အပြိုင်လျှောက်တာ နှစ်ယောက်စလုံးကို မြန်မာဘာသာပါမောက္ခ နဲ့ မြန်မာစာပေပါမောက္ခဆိုပြီး
( ၂ )နေရာခွဲပေးခဲ့တဲ့ကိစ္စကလည်း အများသူငါ စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ ဒါကြောင့်မို့ ဒီတခါ သမိုင်းကထိကနေရာမှာ ပညာရှင်တွေ ဘယ်သူ့ဘက်က ရပ်ကြမလဲဆိုတဲ့ကိစ္စက လူသိချင်တဲ့သတင်းဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ပညာရေးအဖွဲ့မှာရှုံးပေမယ့် ကောင်စီမှာ ဒေါက်တာသန်းထွန်းနိုင်ခဲ့ပါတယ်။

၁၉၆၁ မှာ ခေတ်ဟောင်းမြန်မာရာဇဝင် မြန်မာရာဇဝင်စာတန်းအမှတ်တစ်ဆိုတဲ့ စာအုပ်ကို သူထုတ်ပါတယ်။ သူ့ရဲ့ပါရဂူဘွဲ့ယူစာတမ်းနဲ့ ဒေါက်တာလုစ်စာတမ်းတွေဘာသာပြန်ထားတာကို စုစည်းပီးထုတ်တဲ့ အဲဒီစာအုပ်မှာ အစဉ်အဆက် ထွက်ခဲ့တဲ့မြန်မာရာဇဝင်တွေကို အရှိအတိုင်း ဘယ်သူ့မှ မငဲ့ကွက်ပဲ ပြန်သုံးသပ်ထားပါတယ်။ ဒါကြောင့် မြန်မာသမိုင်းကိုသိလိုသူတွေအတွက် ဒီအမှာစာကို အရင်ဖတ်ကြည့်တာဟာ အများကြီး ခရီးတွင်လိမ့်မယ်လို့ တိုက်တွန်းလိုပါတယ်။ အမှာစာမှာ ဒေါက်တာသန်းထွန်းက မျိုးချစ်စိတ် အပိုအကဲနဲ့ သူများရာဇဝင် ကိုယ့်ရာဇဝင်ကို မရေးသင့်ဘူး၊ မြန်မာရာဇဝင်ကို မြန်မာတွေကိုယ်တိုင် အပို မပါပဲ ရေးပြီး ကမ္ဘာကိုပြဘို့ အချိန်တန်ပီ၊ အင်္ဂလိပ်နဲ့ ကုလားတွေက မြန်မာအဆိုးရေးတာတွေကို မဟုတ်တာပြင်၊ ဟုတ်တာဝန်ခံဘို့ အချိန်ရောက်ပီလို့ သူ့ရဲ့သမိုင်းအမြင်ကို အကျဉ်းချုပ်ရေးသားခဲ့ပါတယ်။ တရားသဘော ကမ္မဋ္ဌာန်းစာ၊ နယ်ချဲ့ဝါဒ၊ အမျိုးသားရေးဝါဒ၊ လူတန်းစားအမြင်၊ ပြည်ထောင်စုစိတ်ဓာတ် စတဲ့ အမြင်တမျိုးမျိုးစွဲကိုင်ပီး သမိုင်းရေးသူတွေက သူ့စကားကို လက်ခံမှာမဟုတ်ဖူး၊ ရာဇဝင်ကို သူတို့စိတ်ကြိုက်အရောင်ခြယ်နေအုံးမှာပဲ၊ ပေါ်ပင်လိုက်ရေးပီး ဘာသာရပ်တန်ဘိုး လျော့အောင် ဈေးချနေတာလို့ သူပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့စကားဟာ ဒီမိုကရေစီအရေးတော်ပုံခေတ် တပ်မတော်ဦးဆောင်သော ပြည်ထောင်စုသမိုင်းခေတ်တွေထိ မှန်နေဆဲလို့ ဆိုရမှာပါ။ မြန်မာသမိုင်းကို ကမ္ဘာသိဖို့မပြောနဲ့ မြန်မာအငယ်တွေတောင် မသိကြတဲ့ခေတ်ရောက်နေပီး အင်္ဂလိပ်လိုရေးတဲ့ မြန်မာသမိုင်းစာအုပ်တွေမှာလဲ သူတို့အမြင်အာဘော်တွေကို မဝင်ဝင်အောင် နည်းပေါင်းစုံနဲ့ သွင်းနေကြဆဲဆိုတာကို ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ်။

ဒီနေရာမှာ ဝေဖန်ရေးနဲ့ပတ်သက်ပီး ပြောရရင် တကယ်က အဲဒီအချိန်မှာ ဒေါက်တာ သန်းထွန်းဟာ ရှုမဝမှာ စရေးတာကလွဲရင် အပြင်စာဖတ် ပရိသတ်ကြားမှာ လူသိများလှသေးတာ မဟုတ်ပါဘူး။ သုတေသနအသင်းဂျာနယ်မျိုးမှာ အင်္ဂလိပ်လို ဆောင်းပါးရေးတဲ့သူမျိုးပါ။ ရာထူး အားဖြင့် ကျော်ကြားမှုအားဖြင့် သူ့ထက်သာတဲ့သူတွေကို ဒီလို ဝေဖန်ပြောကြားရဲတာဟာ အဲဒီခေတ်မှာ အတော်လေးအခြေကျနေပီဖြစ်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုစနစ်ကြောင့်လို့ ဆိုချင်ပါတယ်။ နောက် ထင်ရှားတဲ့ဥပမာတခုကတော့ အရှေ့ကနေဝန်းထွက်သည့်ပမာ ဝတ္ထုထဲမှာ ဦးသိန်းဖေမြင့်က စစ်ကြီး မဖြစ်ခင်က နိုင်ငံရေးသမားကြီးတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာပါ။ အဲဒီစာရေးချိန် ၁၉၅၀ကျော်မှာ မြန်မာပြည်တရားဝန်ကြီးချုပ်ဖြစ်နေတဲ့ ဦးသိမ်းမောင်ကို ဝေဖန်တာတွေလဲ ပါပါတယ်။ ဒါပေမဲ့ အဲဒိဝတ္ထုကို ဖဆပလအစိုးရက စာပေဗိမာန်ဆုပေးခဲ့ပါတယ်။ အလားတူပဲ စစ်အာဏာမသိမ်းခင် မြန်မာစာပေနဲ့ ပညာရပ်နယ် လူမှုနယ်တွေမှာ အတော်လွတ်လပ်ပွင့်လင်းတဲ့ဝေဖန်ရေးယဉ်ကျေးမှု တခုရှိခဲ့တယ်ဆိုတာကို အမှတ်ရကြစေချင်ပါတယ်။ နားထောင်တဲ့အတွက် ကျေးဇူးပါ။



3 Responses to “သန်းထွန်း ပွဲဦးထွက်၂၃”

  1. 1 ထွန်း

    ဖဆကလကိုပဲလွမ်းရမလိုလို

  2. 2 kohlahan

    ထွန်း :ဖဆကလကိုပဲလွမ်းရမလိုလို

  3. 3 kohlahan

    ဆန်ဈေးကောင်းလို့ ပို့လျှံတဲ့ပြည်ပငွေ အသုံးနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ ပြည်ပငွေ အသုံး၊ အသုံးနှစ်ခုကို ယှဉ်ပြီး လက်တံရှည်ရှည်နဲ့ ဆောင်းပါးတပုဒ် ရေးရင် နောင်အကျိုးများလိမ့်မယ် ထင်ပါတယ်။ အသံလွှင့်ဆောင်းပါး မဟုတ်သည့်တိုင် သမိုင်းအချက်အလက်နဲ့ ဗဟုသုတဖြစ်စေမယ့် ဆောင်းပါးသဘောမျိုးကို နှောင်းလူများအတွက် တစုတစည်းတည်း လေ့လာနိုင်တဲ့အတွက် အကျိုးများမယ် ထင်ပါတယ်။ ကျေးဇူးတင်သည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: