အသံနဲ့ အမှန်၂၄

25Aug11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား၊ ယခင်အပတ်က ဒေါက်တာသန်းထွန်းရဲ့ ရာဇဝင်ဝေဖန်မှုအကြောင်းပြောခဲ့ပါတယ်။ အဲဒိ ခေတ်ဟောင်းမြန်မာရာဇဝင် စာအုပ်နိဒါန်းမှာပဲ ဒေါက်တာသန်းထွန်းက ရာဇဝင်ကိုအသုံးချပီး ဝါဒဖြန့် လူထုအမြင်ကို လွှမ်းမိုးတဲ့အလေ့အထတွေအကြောင်း ရှင်းပြပါတယ်။ ကိုလိုနီအစိုးရက မြန်မာပြည်ကို တိုက်ခိုက်သိမ်းရတဲ့အကြောင်းနဲ့ပတ်သက်ပီး အင်္ဂလိပ်ကိုလိုနီဝါဒီတွေရေးတဲ့ ရာဇဝင်စာအုပ်တွေမှာ ပေးလေ့ရှိတဲ့အကြောင်းပြချက်က မြန်မာမင်းဟာ ရက်စက်ကြမ်းကြုတ်တယ် တရားသဖြင့်အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေကြောင့် မြန်မာတွေ ကြီးပွားတိုးတက်အေးချမ်းလာပါသတဲ့။ အင်္ဂလိပ်ခေတ်မှာလူဖြစ်တဲ့ မြန်မာကြီးများရဲ့ အပြောအဆိုတွေမှာ ဒီအမြင်မျိုးပါလာတတ်တယ်လို့ ဒေါက်တာသန်းထွန်းက သုံးသပ်ပါတယ်။ လူထုဒေါ်အမာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရေးခဲ့တဲ့ တို့ပယောဂဆိုတဲ့ဆောင်းပါးတပုဒ်မှာ ကောလိပ်ကျောင်းသူ တဦးနှင့် မြန်မာပြည်၏ လွတ်လပ်ရေးစကားစမိကြရာ၊ ထိုမိန်းကလေးက “လွတ်လပ်ရေး ဘာလုပ်ဘို့လဲရှင့် အင်္ဂလိပ် အုပ်စိုးနေတာ အကောင်းသားဘဲ။ ကျွန်မတို့ လက်နက်လဲ ဘာမရှိ၊ ညာမရှိနဲ့ ကိုယ့်ဘာသာ အုပ်စိုးနေရင် တရုပ်တွေ ဂျပန်တွေက ဝိုင်းတိုက်ကုန်မှာပေါ့။ ပီးတော့ ဘမာမင်းဆိုတာ တယောက်မကောင်းရင် တမျိုးလုံးသတ်တယ်ဆို” စသည်ဖြင့် ကိုယ့်အမျိုး၏ စွမ်းရည်ကို မယုံ၊ ကိုယ့်အမျိုး၏ မင်းများကို အလွဲလွဲထင်၊ ကိုယ့်အမျိုးကို ကိုယ်မရိုသေ။ ကိုယ်သင်ထားသော ပညာမျှဖြင့် မချင့်ချိန်ဘဲ ထင်မြင်ချက်ပေးနေတယ်လို့ ရေးဖူးပါတယ်။ ဒါက ပညာရေးသမိုင်းသင်ရိုးကတဆင့် လူထုကြား လွှမ်းမိုးပုံပါ။

ဇာတ်ကတဲ့အခါမှာ ဘုရင်ကလူစွမ်းကောင်းကိုသတ်၊ သူများသားမယားကိုသိမ်းတဲ့ဇာတ်တွေကတာဟာ နယ်ချဲ့ဝါဒကိုအားပေးနေသလိုရှိတယ်လို့ ဒေါက်တာသန်းထွန်းက မှတ်ချက်ချပါတယ်။ မြန်မာဘုရင်စနစ်အပြစ်ကို အင်္ဂလိပ်ကပြလျှင် မြန်မာအုပ်ချုပ်ရေးစနစ်မည်မျှအခြေခံကြီး၍ မည်သည်ကပဓာနချီးမွမ်းဖွယ်ဖြစ်သည်ကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမပေါ်ခဲ့ဘူးလို့ အင်္ဂလိပ်ဝါဒဖြန့်တာကို တန်ပြန်ဖို့ မျိုးချစ်ပညာရှင် စာရေးဆရာတွေ ရေးတဲ့သမိုင်းတွေရဲ့ အားနည်းချက်ကို ထောက်ပြခဲ့ပါတယ်။ ပင်မရင်းမြစ်တွေကိုးကားပီး ရေးတဲ့ ပုဂံဦးတင်စာတမ်းကြီးကိုက နယ်ချဲ့ဝါဒကိုလက်ခံလာအောင်ရေးရတဲ့ ပေါ်လစီစာမို့လို့ အင်္ဂလိပ်အုပ်ချုပ်ရေးကောင်းတာကို သိသိသာသာနဲ့ မသိမသာဖော်ပြနေရတယ်လို့ ဒေါက်တာသန်းထွန်းကဆိုပါတယ်။

မြန်မာရာဇဝင်ကို မြန်မာစာမတတ်ပဲ မြန်မာရာဇဝင်နဲ့မညှိနှိုင်းပဲ တဖက်စကားတဖက်နားနဲ့ ရေးခဲ့တဲ့ လူမျိုးခြားတွေရဲ့ရာဇဝင်တွေကို ပြန်စစ်ဆေးဖို့ကောင်းပီလို့လည်း အဲဒိ ၁၉၅၀ ကျော်က အနောက်နိုင်ငံတွေမှာ ဦးတက်ထွဋ်စတဲ့ မြန်မာပညာရှင်တွေက အင်္ဂလိပ်ရာဇဝင်သမားတွေရေးခဲ့တဲ့ မြန်မာရာဇဝင်စာအုပ်တွေထဲက အမှားတွေ ကဲ့ရဲ့ပြောင်လှောင်တဲ့စာတွေကို သုတေသနညီလာခံတွေမှာ ထောက်ပြဝေဖန်တာတွေကို ကိုးကားပီး ဒေါက်တာသန်းထွန်းက သတိပေးပါတယ်။ သူ့သတိပေးစကားဟာ အနှစ် ၅၀ လွန်လေပီးနောက် ခုချိန်ထိကို မှန်နေတုန်းပဲဖြစ်ပါတယ်။ မြန်မာစာမတတ် မြန်မာပြည်ပင် မရောက်ဖူးပဲ မြန်မာပြည်အကြောင်း ရေးသားထုတ်ဝေနေတဲ့ ပညာရှင်ဆိုသူတွေ အတော်ပေါ်ထွန်းလာတာကို တွေ့နေရလို့ပါပဲ။ နိုင်ငံခြားသားပြောရင် အထင်ကြီးအဟုတ်ထင်တတ်တဲ့ ဓလေ့စရိုက်အားနည်းချက်ကို ဂရုစိုက်ပြုပြင်ချိန်တန်ပီဖြစ်ပါတယ်။ ပီးတော့လည်း ဒေါက်တာသန်းထွန်းပြောသလို စစ်ဆေးလေ့လာပီး သုတေသနလုပ်တဲ့ ကျမ်းပြုတဲ့အကျင့် မြန်မာပြည်မှာ သေချာထွန်းကားဖို့ လိုနေပါပီ။

နိုင်ငံခြားသားက မြန်မာရာဇဝင်ကို ချိုးချိုးဖဲ့ဖဲ့ရေးသလို မြန်မာကတော့ ဖုံးဖိရေးတယ်၊ လှအောင်ပြင်ရေးတယ်လို့ ဒေါက်တာသန်းထွန်းက ဝေဖန်ပါတယ်။ မျိုးချစ်စိတ်ကို ဦးစားပေးပီး မဖြစ်ဖူးပဲ ဖြစ်ခဲ့သလိုရေးတာတွေက တကောင်းကို သာကီဝင်တွေ ၂ ကြိမ် တည်ထောင်တာ၊ အနော်ရထာက တရုတ်ဥတည်ဘွားကို ခြိမ်းခြောက်တာ၊ အလောင်းစည်သူ ဖောင်စကြာနဲ့တိုင်းခန်းလှည့်တာ၊ မွန်သူရဲကောင်းသမိန်ဗရမ်း ၂ ယောက်က အင်းဝကို တရုတ်စစ်ကနေ ကာကွယ်ပေးတာတွေလို့ သူကထောက်ပြပါတယ်။ နောက် မလိုတဲ့အုပ်စုကိုသမိုင်းမှာ နာမည်ဖျက်တဲ့ဥပမာကိုတော့ အရည်းဂိုဏ်းနဲ့ပေးပါတယ်။ ပန်းဦးလွှတ်တယ်ဆိုတာ သက်သေအထောက်အထားမတွေ့ပါဘူးတဲ့။ နောက်ပီး ပုဂံခေတ်မှာ ဘုရင်တွေက အရည်းတွေကို နှိမ်နင်းတယ်ဆိုတာလည်းမဟုတ်ပါဘူး၊ ဝိနည်းလိုက်စားတဲ့ ဘုန်းကြီးလူထွက် ဓမ္မစေတီမင်းလက်ထက်ကျမှ သီဟိုဠ်သံဃာတွေကိုအားပေးလို့ ဒီဂိုဏ်းအရှိန်ကျသွားပီးနောက်မှ မကောင်းရေးတာတွေပေါ်လာတယ်လို့ ဒေါက်တာသန်းထွန်းကဆိုပါတယ်။ အရည်းဂိုဏ်းဟာ ပွဲကျောင်းဂိုဏ်း လက်ဝှေ့သတ်သင်တဲ့ဂိုဏ်းအဖြစ် ကုန်းဘောင်ခေတ်ထိရှိခဲ့ပီး မင်းတုန်းမင်းအမိန့်နဲ့မှ ပွဲကျောင်းပညာရေးချုပ်ငြိမ်းခဲ့ရတာပါ။ ပတူကြီးသင်္ဃရာဇာဟာ အင်းဝခေတ်မှာထင်ရှားတဲ့ လက်ဝှေ့အကျော် သာသနာပိုင်ဖြစ်ပါတယ်။

နောက်ပီး နိုင်ငံခြားသားတွေစွပ်စွဲတတ်တဲ့ မြို့တည်ရင်လူစတေးတယ်ဆိုတဲ့ဓလေ့ဟာ ဟုတ်မဟုတ် မြို့ဟောင်းတွေမှာ တူးဖော်ကြည့်သင့်တယ်လို့လည်း သူကအကြံပေးပါတယ်။ အပြစ်ရှိတဲ့လူ ဆိတ်နွားကြက်ဘဲစတာတွေသာ မြို့တည်ရင် မင်္ဂလာယူပီးလွှတ်တာတွေ့ရပါသတဲ့။ ဒီမှာတော့ မဇ္ဈိမတိုင်းမှာစီရင်တဲ့နည်းဆိုပီး အင်းဝခေတ်မှာ
သတ္တဝါတွေခေါင်းကိုဖြတ်ပီးအင်းမြှုပ်တဲ့ဓလေ့ရှိကြောင်း အမိန့်တော်တွေကို ကိုးကားပီးရေးတဲ့ မြန်မာဘလောက်တခုကိုတွေ့ထားပါတယ်။ နောက် နိုင်ငံခြားသားမှတ်တမ်းတွေမှာ တွင်တွင်ကျယ်ကျယ်ဖော်ပြတတ်တာတခုက အင်းဝ ဟံသာဝတီက မြန်မာ မွန်အမျိုးသားတွေရဲ့ တန်ဆာမှာ ချူဆွဲတဲ့အလေ့ပဲဖြစ်ပါတယ်။ ဇဝနစတဲ့ မြန်မာစာရေးဆရာတွေကတော့ ဒါဟာ တောင်ပေါ်သား ကျွန်းသားလူရိုင်းတွေနဲ့မှားယွင်းတာပါလို့ ငြင်းဆိုလေ့ရှိပါတယ်။

ဒါပေမဲ့လည်း ဒေါက်တာသန်းထွန်းရေးခဲ့သလိုပဲ လူမျိုးတိုင်းတခါကရိုင်းခဲ့ နောက်မှာ ယဉ်ကျေးလာခဲ့တာရှိသလို အောင်မြင်တာ ကျရှုံးတာတွေလည်းရှိတာပါပဲ။ သမိုင်းရဲ့တာဝန်က ဒါတွေကနေ သင်္ခန်းစာထုတ်တတ်ဖို့ဖြစ်ပီး အနိမ့်ကို ပိုနိမ့် အမြင့်ကိုပိုမြင့်အောင် မလှည့်စားသင့်ဘူးလို့သူက သတိပေးသွားပါတယ်။ မျက်မှောက်ခေတ်မှာပဲ နိုင်ငံရေးဝါဒဖြန့်အတွက် စစ်အာဏာမသိမ်းခင် ကိုလိုနီခေတ် ဖဆပလခေတ်တွေကို ခေတ်ကောင်းကြီး၊ အာရှမှာ ဗိုလ်လုပ်ခဲ့တဲ့အချိန်၊ အာဏာသိမ်းပီး အကုန်ဆုတ်ယုတ်ပျက်စီးတယ်လို့ ဟုတ်တာထက် ပိုလွန်ချဲ့ကားပြောကြ ရေးကြတာတွေကို ပြည်တွင်းပြည်ပမီဒီယာတွေမှာ တွေ့နေရပါတယ်။ တကယ်က မြန်မာပြည်ခေတ်အဆက်ဆက်မှာ ပြည်တွင်းမငြိမ်သက်မှု၊ ဖိနှိပ်သွေးစုပ်မှုတွေက သူ့အထွာနဲ့သူ ရှိခဲ့တာဖြစ်ပီး အဆင်ပြေဝပြောမှုဆိုတာ သူ့ခေတ်သူ့အထွာ လူလတ်တန်းစားတရပ်မှာသာရှိခဲ့တယ်ဆိုတဲ့ သုတေသနကျမ်းပြုချက်တွေ ခေတ်ပြိုင်အထောက်အထားတွေ ရှိပါတယ်။ စစ်အာဏာသိမ်းတာ ကြာလာတာနဲ့အမျှ ပိုမိုကျပ်တည်းလာတာရှိသလို ဒေသဌာနအပေါ်မူတည်ပီး အဆင်ပြေချောင်ချိလာသူတွေလည်းရှိပါတယ်။ တကယ်က ခေတ်တိုင်းမှာဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုးတွေကို ဟုတ်တိုင်းမှန်ရာစာတင်ဖို့က ကလောင်သမား ပညာရှင်တွေရဲ့ တာဝန်ကြီးမို့ ဒီတာဝန်ကို တည့်တည့်မတ်မတ်ထမ်းကြဖို့လိုပီး ကလောင်သိက္ခာကို ဆန္ဒဒေါသအလိုလိုက်ကာ ဝါဒဖြန့်အဖြစ်တလွဲမသုံးသင့်ဘူးလို့ ယူဆပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။



One Response to “အသံနဲ့ အမှန်၂၄”

  1. နိုင်ငံတကာ စာအုပ်နှစ်ထဲက ဒေါက်တာသန်းထွန်းဖတ်တဲ့ စာတမ်း (ဖတ်စာအုပ် သမိုင်း) ရယ်၊ ဒေါက်တာသန်းထွန်း ရ၅ နှစ်ပြည့် ဝမ်းမြောက်ဝမ်းသာ စာတမ်းများထဲက မြင့်သန်း ရေး စာတမ်း -( လူဖြူ၏ အမြင်/ လူဖြူ၏ အရေးအသား) ထဲမှာ အသံနဲ့ အမှန်အကြောင်း လည်း ဖတ်ဖူးတယ်….


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: