ဟိုရှေးအနှစ် ၂၀ ကျော်က (အဆုံး)

30Aug11

တပ်မတော်ဘက်က စတင်မီးမွှေးသည်ဟု စွပ်စွဲခံရသော ကိစ္စ ၂ ရပ်က စစ်အာဏာသိမ်းပွဲတွင် လမ်းစထွင်ပေးပုံရှိသည်။ ပထမကိစ္စတွင် စစ်ရုံးအနီး ဆန္ဒပြလူအုပ်ကို ဂိတ်ဝမှ ဖယ်ခိုင်းရာတွင် စစ်ကားတန်းနှင့် ရင်ဆိုင်ရသည်။ ဒေါသထွက်နေသော လူအုပ်က ဓားလှံများကိုင်၍ စစ်ရုံးဝရောက်လာသည်။ ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလူကြီးများ အခြေအနေကို ဖြေရှင်းပေးရသည်။ စက်တင်ဘာ ၁၇ တွင်လည်း ကုန်သွယ်ရေးရုံးက တပ်သားတစု ဆန္ဒပြလူအုပ်ကို ပစ်ခတ်ရာ အနာတရရကြသည်။ ဤတခါ အခြေအနေပိုဆိုးသွားပီး တမြို့လုံးက ဘတ်စ်ကားများနှင့် ဆင်းလာသောလူများ ရုံးကိုဝိုင်းကြသည်။ ရဟန်းတချို့ စစ်သားများကို လက်နက်ချဖို့ဝင်ဖျောင်းဖျပီး ခေါ်ထုတ်သွားရသည်။ လျစ်လျူမရှုနိုင်တော့သော အာဏာသိမ်းဖို့ အကြောင်းပြစရာများဟု တပ်ဘက်က ယူဆသည်။ တနင်္ဂနွေနေ့ညနေတွင် စစ်ကားများ ရန်ကုန်မြို့ထဲ တပ်စွဲကာ ရေဒီယိုမှ အာဏာသိမ်းကြောင်းကြေညာသည်။ ည ၈ နာရီမှ မနက် ၄ နာရီထိအပြင်မထွက်ရအမိန့်ထုတ်သည်။

နောက်နေ့မနက်တွင် ထောင်နှင့်ချီသော လူအုပ် လမ်းများပေါ်ထွက်လာပီး စစ်အာဏာသိမ်းပွဲကို ဖီဆန်ကြသည်။ မဆိုင်းမတွ ပစ်ခတ်နှိမ်နင်းရာ ငြိမ်းချမ်းနေသည့်ကာလမျိုးတွင် မြန်မာပြည်၌ မကြုံဘူးသော ပမာဏဖြစ်သည်။ လူအများတုန်လှုပ်စရာဖြစ်ရသော်လည်း မြန်မာစစ်တပ်အတွက် မှန်တမ်းသာရှိသေးသည်။ မြို့ပေါ်တွင် လူများများသေသည်သာထူးပါသည်။ တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လာမှုမျိုး ယခုမှ မြို့သားများ ကြုံရသည်။ အရပ်သားကို မလွှဲမရှောင်သာ ပစ်ရခြင်းလည်းမဟုတ်၊ ဖိအားပေး၍ပစ်ရခြင်းမျိုးလည်းမဟုတ်ပေ။ မြို့အနှံ့အပြားတွင် လက်နက်မဲ့ (ဝါ) မဆိုသလောက်သာပါသော လူထုအုံကြွမှုကို အလုံးအရင်းနှင့် ဖြိုခွင်းသတ်ဖြတ်သော စစ်နှိမ်နင်းရေးသာဖြစ်ပီး အသေအပျောက်ကကြီးလှသည်။ ရန်ကုန်တွင် သြဂုတ် စက်တင်ဘာ ၂ လအတွင်း သေကြေဒဏ်ရာရမှုမှာ သူပုန်နယ်များတွင် ၂ နှစ်စာပမာဏထက်ကြီးသည်။ မဆလခေတ်အတွင်း တပ်မတော်မည်သို့ပြောင်းလဲကြမ်းကြုတ်လာပုံကို ထုတ်ပြသလိုရှိသည်။ ဆိုရှယ်လစ် စစ်အာဏာရှင်စနစ်၏ ကျရှုံးချေမှုန်းမှုများက ဗမာပြည်ကို ကိုယ့်အမျိုးသားတပ်က တိုင်းခြားသားဝင်သိမ်းသည့်နှယ် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။

လက်နက်ကလွှဲအပ်သောအာဏာ

အာဏာသာရသော်လည်း စစ်တပ်အနေနှင့် နိုင်ငံရေးအရ နလံမထူနိုင်သည်က အမှန်ပေ။ တပ်အနေနှင့် အရေးကြီးဆုံးဖြစ်သော အများထောက်ခံမှုကို ဆုံးရှုံးလေသည်။ အကြီးအကျယ်သိက္ခာဆည်သောအားဖြင့် ဗကပနှင့် ကရင်သူပုန်များနှင့် စစ်ခင်းနေသော တပ်သားများအတွက် အလှူအတန်းစာရင်းကြီးကို အစိုးရသတင်းဌာနများက မပီးနိုင်အောင် ထည့်ပေးသည်။ ( ဘဏ်ကငွေထုတ်သူများ၊ လစာချက်လက်မှတ်ထုတ်သည့် အစိုးရဝန်ထမ်းများထံမှ အလှူအတွက်ဖြတ်သေးသည်) တချိန်ထဲမှာပင် တပ်မတော်သည် ၄င်း၏နိုင်ငံရေးမျက်နှာဖုံး တစညလောင်းရိပ်အောက်က လွတ်အောင်ရုန်းပီးဖြစ်သည်။တပ်မတော်သည် နိုင်ငံရေးတွင် မပါတော့ဆိုသော်ငြား အနာဂတ်တွင် အရေးမပါပဲရှိတော့မည်ဟု မယူသင့်။ စစ်ရေးကိစ္စသာ အာရုံပြုဖို့မှာ တပ်၏သဘာဝမဟုတ်။ လတ်တလောအရေးကြီးဆုံးက တပ်မတော်နှင့်တစည၏ဆက်ဆံရေးဖြစ်သည်။ တပ်က နိုင်ငံရေးတွင် ဝင်ပါတိုင်း ပြဿနာတက်ခဲ့စမြဲ။

စစ်ဝန်ထမ်းပီသသူတို့အမြင်တွင်ကား စစ်-ဆိုရှယ်လစ်အုပ်ချုပ်ရေးစမ်းသပ်မှုကြီးသည် မမေ့ပျောက်နိုင်သော ဘေးဆိုးကြီးဖြစ်တော့သည်။ ငြိမ်းချမ်းရေးနှင့် သောင်းကျန်းမှုလျော့ကျရေးဆိုသည့် ပင်မတာဝန်ကိုပင် မကျေပွန်နိုင်သည်ဖြစ်၍ တိုင်းပြည်ကို မနိုင်ဝန်ထမ်းပီး မည်းမည်းမြင်ရာပစ်သည့် လက်နက်စကြာရှင်ဖြစ်နေလေသည်။ စစ်အရာရှိလောကအပြောင်းအလဲကိုမျှော်ကြသူများလည်းရှိသည်။ လွတ်လပ်ရေးနှင့်သောင်းကျန်းသည့်ကာလက ပညာအခြေခံနည်းနည်းနှင့် တပ်ထဲဝင်လာသည့် လူကြီးများနေရာတွင် လူတော်များကဝင်လာလေပီ။ ၁၉၅၉ က စစ်တက္ကသိုလ်ပထမပတ်ဆင်းများမှာ ယခုအခါ ဗိုလ်မှူးချုပ်အဆင့်သို့ရောက်နေကြပီး ၄င်းတို့ထဲမှ စစ်တိုင်းမှူးများလည်း ရှိနေပီဖြစ်သည်။ မဆလခေတ်ကိုဖြတ်လာရသော်လည်း စိန်လွင်၏လမ်းမျိုးကိုနင်းမည့်ပုံနည်းသည်။ (၁၉၈၉ က အမြင်များဖြစ်သည်-ဘာသာပြန်သူ)

အခြားအာဏာရှင်များကဲ့သို့ပင် ဦးနေဝင်းသည် သူ့ကိုဆက်ခံမည့်သူကိုရှာမထားခဲ့။ ရှိခဲ့လျှင်လည်း သူ့ကိုယ်ရည်ကိုယ်သွေး၊ အဆင့်အတန်းနှင့် သူ့ခေတ်က တိုင်းပြည်အခြေအနေမျိုးမီနိုင်သူကမရှိပေ။ ဘယ်ဗိုလ်ချုပ်မှ ဦးနေဝင်း၏ အမျိုးသားနိုင်ငံရေးကဏ္ဍကို တုမရပါပေ။ ဤမျှထိမျှော်ဝံ့သည့် ဗိုလ်ချုပ်မျိုးပေါ်လာလျှင်လည်း သူ့အတွက်ရော တိုင်းပြည်အတွက်ပါ ဒုက္ခတွေ့ပေလိမ့်မည်။ (ထိုစဉ်က ဗိုလ်ချုပ်သန်းရွှေ ဓားမထက်သေး- ဘာသာပြန်သူ)

သို့သော် ခုချိန်ထိ တပ်မတော်သည် မူလကြေညာထားသည့်အတိုင်း ပါတီစုံနိုင်ငံရေးဖွံ့ဖြိုးလာစေရန် ခွင့်ပြုထားသည့်နှယ်ရှိသည်။ မရှောင်သာသည့် နိုင်ငံရေးတိုးတက်ပြောင်းလဲမှုကို လက်ခံချင်လွန်း၍မဟုတ်ပဲ ရွေးစရာလမ်းမရှိ၍သာ ဇွတ်မှိတ်လက်ခံထားရသည်။ စစ်တပ်မှာ ထောက်ခံသူနည်းပီး အဘက်ဘက်က ဖိအားပေါင်းစုံလာမည့်ခံစစ်နှင့်ရင်ဆိုင်နေရသည်ကိုတော့ အသိအမှတ်ပြုလိမ့်မည်ထင်သည်။ တပ်မတော်အနေနှင့် မကြုံဘူးသည့် သူပုန်သူကန်ပမာဏကို လက်ရှိအကျပ်အတည်းက မီးထိုးပေးလိုက်သည့်နှယ်ရင်ဆိုင်နေရပီး တန့်အောင်ထိန်းထားဖို့ကလည်း လူထုထောက်ခံမှုက နည်းလွန်းလှသည်။ လက်ရှိ စစ်တပ်၏ ဝါဒဖြန့်ပုံကလည်း လူထုထောက်ခံမှုထက် သူ့ကိုယ်သူ ပြန်အယုံသွင်းနေရသည့်ပုံရှိသည်။ အရေးအခင်းတွင်းကလည်း တပ်များထဲ မြို့ထဲခေါ်မလာမီ ဆန္ဒပြသူများနောက်တွင် ဗကပသူပုန်များက မြို့သိမ်းဖို့ပြင်နေသည်ဟု ဝါဒဖြန့်သည်။ အရေးအခင်းပီးနောက် အဓိကထားဆောင်ရွက်သည့် ဝါဒဖြန့်မှာ သွေးထွက်သံယိုနှိမ်နင်းမှုများကို လူမသိအောင် ဖုံးခြင်းဖြစ်သည်။ နယ်တပ်များတွင် ဆန္ဒပြပွဲများကို တပ်မတော်က ထိန်းထိန်းသိမ်းသိမ်းနှင့် ဖြိုခွဲခဲ့သည်၊ ၄င်းတို့က အတင်းအဓမ္မ လက်နက်လုယူလာမှ ကာကွယ်ခုခံသည့်အနေဖြင့် နှိမ်နင်းရသည်ဟု ရှင်းပြထားသည်။ နိုင်ငံခြားရေဒီယိုဌာနများကိုလည်း နားမထောင်ရပေ။

တပ်အနေဖြင့် ဝါဒဖြန့်များကြားက ဖိနှိပ်ကြီးစိုးရင်း ချုံးချုံးကျနေသည့် စီးပွားရေးနှင့် အစိုးရယန္တရားကို လည်ပတ်ရမည့် ခံဝန်ချက်နှင့်မိနေသည်။ ဤအခြေအနေမျိုးတွင် ဦးနေဝင်းပင် ကြာကြာအုပ်ချုပ်နိုင်မည်မဟုတ်။ နိုင်ငံရေးပျော့ပျောင်းလာမှုနှင့် အစိုးရသစ်အတွက် ရွေးကောက်ပွဲဆိုသည့်အိပ်မက်များကြောင့်သာ တိုင်းပြည်ငြိမ်နေခြင်းဖြစ်သည်။ အခြေအနေကိုရိပ်စားမိသည့် စစ်တပ်အဖို့ ကတိအတိုင်း ရွေးကောက်ပွဲလုပ်၍ အာဏာလွှဲပေးဖို့သာရှိသည်။

တစညအဖို့ စစ်တပ်အရိပ်ကိုဖျောက်သင့်သော်လည်း ဤသို့လုပ်သဖြင့် စစ်သားအကြောင်း ခါးမှန်းသိနေကြသည့် လူငယ် တိုင်းရင်းသားနှင့် မြို့နေလူတန်းစား၏မဲကိုရဖို့တော့ မလွယ်ပေ။ အကြောင်းများစွာက တပ်မတော်ကို နိုင်ငံရေးထဲဆက်ဆွဲထားမည်ဖြစ်ပြီး လက်ခံနိုင်စရာ အမျိုးသားရေးခေါင်းဆောင်မှုအဖြစ် နဂိုမူလနေရာကို ပြန်ထိန်းထားမည့်ပုံရှိသည်။ လက်ရှိနှင့် စစ်ခေါင်းဆောင်ဟောင်းများ ဆန္ဒလုပ်ရပ်နှင့် တော်ပြေမည့် အရပ်အနေသင့်ရာအနေအထားသို့ စစ်ဆုတ်မည်ဖြစ်သည်။

လက်ရှိနိုင်ငံရေးအနေအထားအရလည်း စစ်တပ်၏ခြေလှမ်းကိုမှန်းနိုင်သည်။ နိုဝင်ဘာလလယ်တွင် မှတ်ပုံတင်ထားသောပါတီ ၁၂၀ခန့်ရှိပီး တိုး၍သာလာသည်။ ညွန့်ပေါင်းအုပ်စုများဖွဲ့မည်မှန်းရသော်လည်း အုပ်စုကွဲပီး မညီမညွတ်ပြန်ဖြစ်မည်က ကြောင့်ကြစရာရှိလာသည်။ အပြိုပြိုအကွဲကွဲရှိလာလျှင် နိုင်ငံရေးလမ်းစက တပ်ဘက်ပြန်လှည့်လာလိမ့်မည်။ ဖြစ်ခဲ့သည့်အကျပ်အတည်းနှင့် ကြုံခဲ့ဖူးသည့်အတိတ်ဒဏ်များက ဖြစ်တန်ရာသည့် နိုင်ငံရေးလမ်းစွန်း ၂ သွယ်ကိုပြနေသည်။ မင်းမဲ့တိုင်းပြည်၏ဖရိုဖရဲဘဝနှင့် စစ်ဖိနပ်အောက် ပြန်ရောက်မည့်ဘေးဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပီး တိုးတက်လိုလျှင် အလယ်အလတ်လမ်းကိုရှာရမည်ဟု သတိပေးနေသည်။

နိဂုံး

၁၉၈၈ ဖြစ်ရပ်များက အုပ်စိုးသူနှင့် အုပ်စိုးခံအကြား တဖက်နှင့် တဖက်မည်မျှ နားလည်မှုလွဲနေသည်ကို ပြနေသည်။ ၂၆ နှစ်လုံးလုံး နိုင်ငံရေးလမ်းစက ပျောက်နေခဲ့သည်။ အမြော်အမြင်နည်းပီး သူတို့ပုဂ္ဂလိကဘဝလုံခြုံရေးသာ အာရုံရှိသည့် မဆလခေါင်းဆောင်များမှာ အခြေအနေမှန်ကို မသိကြပေ။ တဖက်တွင်လည်း ပြည်သူများမှာ အထီးကျန်ချောင်ပိတ်မိနေပီး ဆန္ဒပြပွဲကဲ့သို့ ပုံမှန်နိုင်ငံရေးလှုပ်ရှားမှုနှင့်ပင် အဆက်ပြတ်နေကြသည်။ ၈၈ အကူးအပြောင်းကာလတွင် ဤချွတ်ချော်ချက်များ နှာခေါင်းနှင့်ကျည်ပွေ့တွေ့မိပီး ရှောင်လွှဲမရသည့် အကျိုးဆက်များပေါ်လာခဲ့သည်။ လက်နက်ပြအုပ်စိုးမှုနှင့် လွတ်လပ်ရေးမျှော်မှန်းမှုအကြား ဖိနှိပ်သူနှင့် အဖိနှိပ်ခံအကြား ရင်ဆိုင်တွေ့မိခြင်းသာဖြစ်သည်။ စစ်ဆိုရှယ်လစ်အသွင် နေဝင်းအာဏာရှင်ပဒေသရာဇ်စနစ်ကို အန်တုကြခြင်းဖြစ်သည်။ ဦးနေဝင်း၏ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှု၊ မြန်မာပြည်၏ အထီးကျန်မှု၊ မြန်မာလူ့အဆောက်အအုံ၏ကွဲပြားပြိုကွဲမှုနှင့် ဦးဆောင်နိုင်စွမ်းမရှိမှုစသည့် အခြေအနေများကြောင့် ပြဿနာက ဤမျှရှည်ကြာနေရသည်။ ဤလူ့အဖွဲ့အစည်းကပင် မွေးထုတ်လိုက်သည့် စစ်တပ်၏မလျော်မကန်အင်အားသုံးမှုကြောင့် လူထုတွင်း နာကြည်းမှုကြီးကြီးမားမား ပေါ်လာစေသည်။ အစိုးရက ပါးပါးနပ်နပ်မဖြေရှင်းပေးလျှင် စစ်သားမုန်းတီးမှုမှာပြေလျော့မသွားပဲ သမိုင်းတလျောက် အမြစ်တွယ်သွားလိမ့်မည်။

ယခုပဋိပက္ခမှာ ၁၉၃၀-၃၂ ဆရာစံလယ်သမားသူပုန်၊ ဒုတိယကမ္ဘာစစ်တွင်းနှင့် ၁၉၄၈ လွတ်လပ်ရေးရချိန်က အမျိုးသားရေးဝါဒခေါင်းထောင်ခဲ့ပုံများနှင့် အသွင်တူသော်လည်း ဤတကြိမ်တွင် ပြည်တွင်းဖြစ် ဖိနှိပ်သူအစိုးရနှင့် ယှဉ်ပြိုင်နေရ၍ အခြေအနေက ရှုပ်ထွေးလွန်းသည်။ ရွေးကောက်ပွဲအပီး ဒီမိုကရေစီအစိုးရတကျော့ပြန်လာဖို့ဆိုသည်ကလည်း အပေါ်ယံမျှသာဖြစ်သည်။ လက်နက်ဖြင့်မင်းလုပ်မှုကို ဆန့်ကျင်သည့် အောက်ခြေက ခုခံရေးလှိုင်းများမှာ အစောပိုင်းအမျိုးသားလှုပ်ရှားမှုများက နိုင်ငံခြားအုပ်စိုးမှုကို ဆန့်ကျင်သလိုရှိသည်။ ရင်ကြားစေ့ရေးဆိုသည်မှာ လွယ်လွယ်နှင့်ဖြစ်မည်တော့မဟုတ်၊ စစ်အစိုးရ (ဝါ) စစ်တပ်နောက်ခံအစိုးရများအဖို့ အစွမ်းရှိရှိအုပ်စိုးဖို့မမှန်းနိုင်သည့်ပြင် အရေးအခင်းတွင်ပါသော ဝန်ထမ်းရာနှင့်ချီပီးလည်း ထုတ်ပစ်ခဲ့သေးသည်။ မြန်မာတို့ဘဝတွင် အစိုးရနှင့် နိုင်ငံရေးစက်ဝန်း အတိုင်းအတာထက်လွန်၍ အမျိုးသားစိတ်လက္ခဏာတခုလုံး ထိခိုက်ခံနေရသည်။ ကရင် ရှမ်း ကချင်စသည့် တိုင်းရင်းသားများမှာ ရန်ကုန်သားများထက်အရင် သေနတ်ပြအုပ်စိုးမှုဒဏ်ခံလာရသည်။ အနှေးနှင့်အမြန်ဆိုသလို မြန်မာများ သူတို့ဘဝကို ရိပ်စားမိလာပီး မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားရတော့မည်ဖြစ်သည်။ ပုဂ္ဂလိကလွတ်လပ်ခွင့်ပြန်တည်ဆောက်ခြင်း၊ ဆင်းရဲမှုနှင့် မဖွံ့ဖြိုးမှုလျှော့ချရေး၊ တိုင်းရင်းသားများနှင့် ညှိနှိုင်းစေ့စပ်ရေးစသည့် ပဓာနတာဝန်များမှာ အုပ်ချုပ်မှုပြဿနာမဖြေရှင်းပဲ အစပျိုးနိုင်မည်မဟုတ်။

အရွေးကောက်ခံအစိုးရသစ်ကို ဖော်ဆောင်မည့် ဒီမိုကရေစီတပ်ပေါင်းစုအနေဖြင့် စပ်ကူးမတ်ကူးကာလကို ရင်ဆိုင်ရန် ခိုင်မာပီး ကွေးလွယ်ညွတ်လွယ်ရှိရန်လည်းလိုသည်။ အစိုးရအဆက်ဆက်မအောင်မြင်ခဲ့သမျှ ဒဏ်ချက်တို့ကိုလည်း လက်ခံထားရဦးမည်။ ဒီမိုကရေစီနည်းကျတက်လာမည့်အစိုးရအတွက် အောင်မြင်ရာအောင်မြင်ကြောင်းလမ်းစရှိပီး တိုင်းပြည်ပြန်လည်ထူထောင်ရေးကို မူလဦးတည်မည်ဆိုလျှင် ခေါင်းဆောင်သစ်များအနေဖြင့် ပုဂ္ဂိုလ်ရေး ဂိုဏ်းဂဏရေးများကို နောက်ချိတ်ထားဖို့လည်းလိုသည်။ တကျော့ပြန်ပါလီမန်ဒီမိုကရေစီ ပထမနှစ်နှစ် သုံးနှစ်အတွင်း အောင်မြင်မှု ဆုံးရှုံးမှုများသည် ညီညွတ်မှုပေါ်တွင်သာမက လူထုအတွင်း စိတ်နေသဘောထားထင်မြင်ချက်ပြောင်းလဲမှု၊ စီးပွားရေးထူထောင်မှုနှင့် အဓိကအားဖြင့် တပ်နှင့်ဆက်ဆံရေးထူထောင်နိုင်မှုတို့ပေါ်တွင်လည်း တည်မှီကြောင်း အတိတ်က သင်ယူခဲ့ရပေမည်။ တပ်မတော်၏အနာဂတ်အရေးမှာ နိုင်ငံရေးဘောင်ထက်ပင်ကျော်လွန်နေပီး အထူးသိမ်မွေ့စွာ ကိုင်တွယ်ရမည်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လျှင် သူပုန်နှိမ်နင်းရေးအတွက် စစ်တပ်လိုမှုကို လျှော့ချနိုင်ပေမည်။

လတ်တလောကိစ္စများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တကယ်တမ်းစေ့စပ်ဖို့ လိုနေကြောင်းပြသည်။ အမျိုးသားနိုးကြားမှုသစ်ကနေ ခပ်စောစောညှိနှိုင်းမှုများ၊ အပစ်အခတ်ရပ်စဲမှုများနှင့် အင်အားစုများကြား ရန်မစောင်ရေးတို့ကို လမ်းခင်းပေးလာနိုင်သည်။ အနှေးမြန်ဆိုသလို ဆုတ်ယုတ်နေသည့် စစ်ပြိုင်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်လိုက်လာသင့်၏။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေးကိုလည်း ဒီမိုကရေစီနည်းကျ ဆွေးနွေးသုံးသပ်ပီး ဖွဲ့စည်းပုံပြင်ဆင်မှုအသစ်တွင် ထည့်သွင်းသင့်သည်။

ဤနှစ်ပြဿနာများအတွင်း အရင်းကြီးရင်း၍ မြန်မာပြည်အဖို့ အဖတ်တင်ကျန်ခဲ့သည်များရှိပါသည်။ တိုင်းပြည်ကို အာဏာရှင်အမှိုက်ပုံအောက်တွင် လူမသိသူမသိ ခါးစည်းခံနေရသည့်ဘဝက ဆွဲထုတ်ပေးခဲ့သည်။ နလံထဖို့စောသေးသော်လည်း အပြောင်းအလဲအတွက် အခြေအနေပေးနေပီဖြစ်သည်။ ဦးနေဝင်း၏ ကြိုးကိုင်မှု နောက်ဆုံးဆင့်တွင်ရောက်နေသည်ကလည်း မမှားပါ။ သူလုပ်နေကျအတိုင်း သူဖြစ်စေချင်သည့်ဘက် တိုင်းပြည်ကို ဇွတ်ဆွဲခေါ်သွားမည်ပင်။ တိုင်းပြည်ကို သွေးထွက်သံယိုနှိမ်နင်းစည်းရုံးပီး ပြိုင်ဘက်ကိုဖယ်ရှားတတ်သည့် ရာဇဝင်လာ ပုဂံအနော်ရထာကဲ့သို့ ဦးနေဝင်းက သူရဲကောင်းဘုရင်ပုံစံဖမ်းနေသည်က အတော်ဆီလျော်လှသည်တော့မဟုတ်ပေ။ ထို့ပြင် ဦးနေဝင်းသည် ထိုဘုရင်များကဲ့သို့ ဝပြောစည်ပင်သည့် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်သူလည်းမဟုတ်။

တိုင်းပြည်ကို ၂၆ နှစ်တိုင် စီးပွားရေးချွတ်ခြုံကျအောင် လုပ်ခဲ့ပီးနောက် သွေးထွက်သံယိုနှိမ်နင်းခဲ့သော ဦးနေဝင်းတယောက် တိုင်းပြည်ကို ၁၉၆၂ မတိုင်မီ ဖရိုဖရဲအနေအထားမှ ပြန်ထူထောင်ပေးသည့်အမှတ်ကို ယူရတော့မည်ဖြစ်သည်။ တိုင်းပြည်ကို အစိုးရပီပီသသလက်ထဲပြန်ထည့်သွားနိုင်သည်ဆိုသောဂုဏ်ကိုတော့ သူလိုချင်ပုံရသည်။ သမိုင်းတွင်တော့ ဦးနေဝင်းတိုင်းပြည်ဖျက်ပုံကိုလည်းကောင်း မြန်မာ့လွတ်လပ်ရေးအတွက် အရင်းအနှီးကြီးပုံကိုလည်းကောင်း မေ့ပျောက်နိုင်မည်မဟုတ်ပေ။

(မူရင်းရေးသူ၏ အာဘော်မှာ ဖြစ်ပျက်ခဲ့သည့် စစ်အစိုးရသက်ရှည်ကြီးနှင့် တက်တက်စင်လွဲစေကာမူ လက်ရှိရင်ကြားစေ့သံတွေထွက်နေသည့်အခြေအနေနှင့် ကိုက်သည့်အချက်များလည်း ရှိသေးသည်၊ အသုံးကျသေးသည်ဟု အောက်မေ့ပါသည်။ )



No Responses Yet to “ဟိုရှေးအနှစ် ၂၀ ကျော်က (အဆုံး)”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: