တံခါးပိတ်သမိုင်း ၂၅

01Sep11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား၊ ယနေ့တင်ဆက်မှာကတော့ ၁၉၆၂ စစ်အာဏာသိမ်းပီးနောက်ပိုင်း မြန်မာသမိုင်းသင်ကြားရေးနဲ့ ရေးသားမှုမှာ ဘာအပြောင်းအလဲတွေ ရှိလာတယ်ဆိုတာပါ။ သိတဲ့အတိုင်း စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီဟာ ဆိုရှယ်လစ်တော်လှန်ရေး ပဒေသရာဇ်စနစ်ဖျက်သိမ်းရေး ဓနရှင်အဆောင်အယောင်နိုင်ငံရေးစီးပွားရေးစနစ်တွေကိုဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အာဏာသိမ်းအစိုးရပါ။ တနည်းပြောရင် ယခင် ဦးနုအရပ်သားအစိုးရထက် ပိုပီး လက်ဝဲဆန်တဲ့နိုင်ငံရေးအမြင်ရှိပါတယ်။ အာဏာပိုင်လောကမှာ ဒီအမြင်တွေပြောင်းတာနဲ့အတူ စီးပွားရေး လူမှုရေးတွေမှာ နိုင်ငံနဲ့ချီတဲ့အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

ပညာရေးမှာ သိသာတာက ပုဂ္ဂလိကစာသင်ကျောင်းတွေ ပြည်သူပိုင်သိမ်းခံရတာပါ။ အထူးသဖြင့် ခရစ်ယာန်သာသနာပြုကျောင်းတွေကို အဓိကသိမ်းပါတယ်။ သတင်းစာဆရာမ ဒေါ်စန်းစန်းတင်ရဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ် No Time for Dreams မှာ သူ အလယ်တန်းကျောင်းသူဘဝ သာသနာပြုကွန်ဗင့်ကျောင်း ပြည်သူပိုင်သိမ်းခံရတော့ ဗြိတိသျှရာဇဝင်စာအုပ်တွေ ဆက်မသင်ရတော့ပဲ မြန်မာသမိုင်းစာအုပ်တွေကို မြန်မာဘာသာနဲ့ သင်ရတော့တယ်ဆိုတာပါပါတယ်။ ဒီမှာတခုသွားသတိရမိတာက စာရေးဆရာမကြီး ခင်နှင်းယု ၁၉၅၀ ကျော်က မြဝတီမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ နွားတထောင်ဝတ္ထုပါ။ အဲဒိဝတ္ထုမှာ ဇာတ်ဆောင်အမျိုးသမီးက သူ့သမီးလေးမိကို ရန်ကုန်မြို့ထဲက အင်္ဂလိပ်မယ်သီလရင်ကျောင်းကို ကျောင်းအိပ်ကျောင်းစားထားရတော့ ခလေးက အိမ်ကသင်ပေးတဲ့ ဗမာစာပေ ယဉ်ကျေးမှု သမိုင်းတွေကို မေ့ပီး အနောက်တိုင်းအလေ့အထတွေပဲ ဝင်လာတယ်လို့ စိုးရိမ်ပူပန်စိတ်နဲ့ ရေးဖွဲ့ခဲ့ပါတယ်။ သူခိုးသတက်ပြားဆိုတာ ရော်ဘင်ဟုလိုနေမှာဘဲ၊ မေမေပြောတဲ့ ဗမာသူရဲကောင်း ကျန်စစ်သားဆိုတာ ဆိုပီး ခလေးစိတ်ကူးထဲမှာပေါ်လာတဲ့ အလယ်ခေတ် သံချပ်ကာဝတ် အင်္ဂလိပ်သူရဲကောင်းပုံကို ပန်းချီဆရာက သရုပ်ဖော်ဆွဲပီး ဖော်ပြခဲ့ပါတယ်။ ဒီလို စာပေတွေဟာ လွတ်လပ်ပီးခေတ် မြန်မာလူ့ဘောင်မှာ ရိုးရာနဲ့ အနောက်တိုင်းယဉ်ကျေးမှုအားပြိုင်ပွဲတွေရှိတာကို ဖော်ပြနေတာပါ။

ပါလီမန်ခေတ်မှာ ကိုလိုနီခေတ်က ကျန်ခဲ့တဲ့ ပညာရေး လူမှုယဉ်ကျေးမှုအဖွဲ့အစည်းတွေကို ဆက်လက်ရပ်တည်ခွင့်ပေးတာကို မနှစ်လိုတဲ့ မျိုးချစ်ပညာတတ်အသိုင်းအဝိုင်းလည်း ရှိနေပါတယ်။ တချိန်ထဲမှာ စစ်အေးခေတ် အင်အားလွန်ပွဲတွေကြောင့် အမေရိကန် ဆိုဗီယက် တရုတ်စတဲ့ နိုင်ငံကြီးတွေက ဝါဒဖြန့်စာပေယဉ်ကျေးမှုတွေ အပြိုင်အဆိုင်ဖြန့်ဖြူးလာပါတယ်။ မြန်မာပြည်ဟာ တရုတ်နဲ့ အမေရိကန်ဆိုတဲ့ အင်အားကြီးနိုင်ငံကြီး ၂ နိုင်ငံ စစ်တန်ခိုးပြိုင်တဲ့ စက်ကွင်းထဲမှာ အရေးပါတဲ့ ပထဝီနိုင်ငံရေးအနေအထားရှိနေတော့ ပြည်ပသြဇာတွေကို တတ်နိုင်သမျှ နည်းစေချင်တာက အာဏာရအစိုးရများရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံရေးအားပြိုင်မှုတွေနဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ ဦးနုအစိုးရက သေချာမကိုင်တွယ်နိုင်ခဲ့ပဲ သူ့လက်ထက်မှာ ပြည်ပယဉ်ကျေးမှုတွေ အဆီးအတားနည်းနည်းနဲ့ ထိုးဖောက်နေတာကို ဗိုလ်ချုပ်ကြီးနေဝင်းက အမျိုးသားယဉ်ကျေးမှုလုံခြုံရေးလို့ သူမြင်တဲ့ဘက်ကနေ ကာကွယ်ဖြေရှင်းခဲ့တာပါ။ ဒါကြောင့် စစ်အာဏာသိမ်းပြီးတဲ့အခါ သာသနာပြု ကျောင်း တွေပိတ်ခိုင်းခဲ့တဲ့အပြင်၊ အမေရိကန်၊ ဗြိတိသျှ၊ ဆိုဗီယက်၊ တရုတ်၊ မြောက်ကိုရီးယား စတဲ့ သံရုံးတွေက ထုတ်ဝေတဲ့ စာစောင်တွေကို အသေ အချာစိစစ်ဖို့လုပ်ခဲ့ပါတယ်။ အမျိုးသား ယဉ်ကျေးမှုလုံခြုံရေး လို့ သူမြင်တဲ့ဘက်ကနေ ကာကွယ်ဖြေရှင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီကတဆင့် စာပေစိစစ်ရေးအထိ ချဲ့ထွင်လာခဲ့တာကတော့ နောက်ကိစ္စဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ခေတ်ဟောင်းပုံစံ အင်္ဂလိပ်ဘာသာသက်သက် စာသင်ကျောင်းတွေ မြန်မာပြည်မှာ ပြန်ပေါ်နေပီလို့ ကြားသိရပါတယ်။

နောက်ပီး ၁၉၆၂ မှာ နိုင်ငံတော်မူဝါဒဖြစ်လာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ မည်သူ့သြဇာမှမခံတဲ့ ဗုဒ္ဓဘာသာစကားလုံးတွေနဲ့ ဆိုရှယ်လစ်ဝါဒကို အကောင်အထည်ဖော်ဖို့ တက္ကသိုလ်လူမှုဝိဇ္ဇာဌာနတွေ၊ နောက် လမ်းစဉ်ပါတီဝါဒဖြန့်စာအုပ်တွေနဲ့ မီဒီယာတွေက လှုံ့ဆော်ပေးရပါတယ်။ ဒဿနိကဌာန၊ နိုင်ငံရေးသိပ္ပံဌာန၊ ဘောဂဗေဒဌာနတွေလောက် သိသိသာသာ အသုံးချတာမခံရပေမယ့် ရာဇဝင်ဌာနတွေနဲ့ မြန်မာစာဌာနတွေလည်း မဆလမူဝါဒတွေအတွက် အားဖြည့်ပေးခဲ့ရပါတယ်။ အရှေ့တိုင်းနဲ့ အနောက်တိုင်းရာဇဝင်ဌာနတွေကို သမိုင်းဌာနတွေအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ပီး ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းသင်ကြားရေးတွေမှာ လက်ဝဲသဘောတရားရေးအမြင်ဖြစ်တဲ့ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်၊ အရင်းရှင်နယ်ချဲ့နဲ့ ဆိုရှယ်လစ်ခေတ်ဆိုတဲ့ ခေတ်ကြီး ၅ ခေတ်ပြောင်းလဲလာပုံအမြင်နဲ့ ချဉ်းကပ်သင်ကြားရပါတယ်။ ဒီအမြင်တွေကို ကမ္ဘာ့သမိုင်းမှတ်တိုင်များ မြန်မာ့သမိုင်းမှတ်တိုင်များစတဲ့ လမ်းစဉ်ပါတီထုတ် စောင်ရေသောင်းနဲ့ချီဖြန့်တဲ့ စာအုပ်တွေမှာလည်း ထည့်သွင်းဖော်ပြပါတယ်။ ဒီစာအုပ်တွေဟာ ပီအက်စ်စီခေါ်တဲ့ ဝန်ထမ်းရွေးချယ်ရေးစာမေးပွဲတွေ ဖြေဆိုသူတိုင်း လက်ကိုင်ထားကျက်မှတ်ရတာတွေပါ။ ဒါကြောင့် ၂၆ နှစ်တာ မဆလခေတ်ကို ဖြတ်သန်းခဲ့တဲ့ သက်လတ်ပိုင်းနဲ့အထက် မျိုးဆက်တွေအတွက် မဆလခေတ်ပါးရှားဖိနှိပ်မှုတွေကို ဘယ်လိုပဲ မနှစ်မြို့စေကာမူ အဲဒိခေတ်မီဒီယာစာပေနဲ့ ပညာရေးကပေးတဲ့ မဆလသမိုင်းအမြင် ယဉ်ကျေးမှုစံနှုန်းတွေကို မေ့ပစ်ဖို့ ခက်ပါတယ်။ ခေတ်ကြီး ၅ ခေတ်မှာ ဆိုရှယ်လစ်ခေတ်ပီးလို့ အရင်းရှင်ခေတ်ပြန်ရောက်နေတာကတော့ အစပိုင်းမှာ ထူးဆန်းနေမှာပါ။

နောက်ပီး တော်လှန်ရေးကောင်စီဟာ ဖက်ဒရယ်မူကိုအကြောင်းပြပီး အာဏာသိမ်းခဲ့တာဖြစ်တော့ တိုင်းရင်းသားကိစ္စကိုလည်း အထူးသတိထား စည်းရုံးပါတယ်။ တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲစေတဲ့ စကားအသုံးအနှုန်း သမိုင်းရေးသားမှုတွေကို သေချာစိစစ်ပါတယ်။ မွန်လူမျိုးတွေမကြိုက်တဲ့ တလိုင်းဝေါဟာရကိုတားမြစ်သလို ကရင်ပြည်နယ်ကို ဖလံတောင်ဝှေးပေါက်ရာလို့ အဓိပ္ပာယ်ရတဲ့ ကော်သူးလေပြည်နယ်လို့ တိုင်းရင်းဘာသာနဲ့ ပြောင်းလဲ မှည့်ခေါ်တာမျိုးလည်း လုပ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေကို ရှေးမြန်မာဘုရင်တွေက ဖိနှိပ်ရက်စက်မှုကိုပြတဲ့ ချင်းဖဝေး၊ နန်းရွှေကျင်ဇာတ်ထုပ်တွေကို ယုတ္တိမရှိကြောင်း မဆလဘက်တော်သား စာရေးဆရာတွေက ဖြေရှင်းပေးကြသလို လူမျိုးစုပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စစ်အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒေသခံတွေက မယုံကြည်မထောက်ခံကြဘူး၊ ဒီသူပုန်တွေဟာ ပြည်ပနိုင်ငံတွေမှာ ခြေကုပ်ယူပီး ပြည်ထောင်စုကိုပြိုကွဲအောင် ကြံစည်နေသူတွေ စသဖြင့် ခရီးသွားဆောင်းပါး သတင်းဆောင်းပါးတွေရေးပီး ဝါဒဖြန့်ပေးကြတဲ့ မြန်မာစာရေးဆရာတွေလည်း အများအပြားပေါ်ထွက်လာပါတယ်။ ဒီအမြင်အယူအဆတွေကို ပြည်နယ်ဒေသတွေဆီ အရောက်အပေါက်နည်းတဲ့ ပြည်မက မြန်မာတွေအတော်များများက လက်ခံယုံကြည်ပီး တိုင်းရင်းသားသူပုန်တွေကို အကြမ်းပတမ်းလူသတ်လုယက်ဖျက်ဆီးမိုင်းခွဲနေသူတွေလို့ ယူဆကြောက်ရွံ့မှု အတော်ကြီး အမြစ်တွယ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အစိုးရတပ်တွေရဲ့ ဖြတ်လေးဖြတ်ချေမှုန်းတာကို လက်တွေ့ခံရတဲ့ ပြည်နယ်သားတွေကတော့ မဆလဝါဒဖြန့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစာပေမီဒီယာတွေကို အယုံအကြည်အတော်မရှိခဲ့ကြပါဘူး။ ၁၉၈၈ အရေးအခင်းပီး မြို့ပေါ်က တက္ကသိုလ်ကျောင်းသားတွေ တိုင်းရင်းသားနယ်စပ်တွေမှာ လက်နက်ကိုင်တော်လှန်ရေးစမှပဲ ဒီဝါဒဖြန့်ယန္တရားရဲ့ အငွေ့အသက်တွေ စပြယ်တယ်လို့ ပြောရင်ရပါမယ်။ စစ်သားနဲ့ ဝန်ထမ်းမဟုတ်တဲ့ မြန်မာတွေကို စတွေ့ခွင့်ရတဲ့ တိုင်းရင်းသားတွေအတွက် မြန်မာမုန်းစိတ်ကြောက်စိတ် အနည်းငယ်လျော့ပါးသွားသလို မြို့ပေါ်မှာလည်း စစ်တပ်ရဲ့ ရက်ရက်စက်စက်ချေမှုန်းမှုကို လက်တွေ့ကြုံလိုက်ရတော့ သူတို့အထင်နဲ့ကြောက်တဲ့ သူပုန်ဆိုတာမျိုး သူတို့ကိုအုပ်စိုးနေတဲ့ စစ်တပ်လည်း ပြည်သူတွေပေါ် ကျူးလွန်တတ်မှန်း ကောင်းကောင်းသိသွားကြပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။



No Responses Yet to “တံခါးပိတ်သမိုင်း ၂၅”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: