ဆုယူသမိုင်း၂၆

08Sep11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား၊ ဒီတပတ်ကျနော်တင်ဆက်မှာက လွတ်လပ်ပီးခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စာပေသုတေသီများရဲ့ လူမှု ယဉ်ကျေးမှုသမိုင်းတွေဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပီးစကထဲက မြန်မာစာပေပညာရှင်တွေဟာ စာပေနဲ့ယဉ်ကျေးမှုပြန်လည်ထူထောင်ရေးကို အဓိကထား အားထုတ်ခဲ့ကြပါတယ်။ စစ်တွင်း ၃ နှစ်မှာ မဟာမိတ်နဲ့ ဖက်ဆစ် ၂ ဖက်လုံးရဲ့ ရှေ့တန်းစစ်မျက်နှာ ၂ ကြိမ်ဖြစ်ခဲ့တာမို့ မြန်မာပြည်မြို့ရွာတွေ အတော်ကြေပျက်ခဲ့ပါတယ်။ ဒါကြောင့် ရှေးဟောင်းအနုပညာအဆောက်အအုံ၊ လက်ရာ၊ စာပေမှတ်တမ်းဆိုတာတွေလည်း အတော်ပျောက်ပျက်ကုန်ပါတယ်။ စစ်တွင်းပျက်စီးတဲ့ ယဉ်ကျေးမှုအမွေတွေထဲမှာ အထင်ရှားဆုံးက မန္တလေးနန်းတော်နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွေပဲ ဖြစ်ပါမယ်။ ရန်ကုန်တက္ကသိုလ်က စုဆောင်းလာတဲ့ ရှေးဟောင်းစာစုတွေ တရုတ်နဲ့ပတ်သက်တဲ့အထောက်အထားမှတ်တမ်းတွေ စစ်မီးဒဏ်ခံရသလို စစ်ကြီးမဖြစ်ခင်က သခင်ကိုယ်တော်မှိုင်းစတဲ့ မြန်မာပညာရှိကြီးတွေ အားထားရာဖြစ်တဲ့ ဘားနတ်အခမဲ့ပိဋကတ်တိုက်ပိုင် စာစုတွေလည်း ဖရိုဖရဲပျောက်ပျက်ခဲ့ပါတယ်။ ဆရာဇော်ဂျီနဲ့ အခြားပညာရှင်တွေ ရနိုင်သမျှ စုစည်းသိမ်းဆည်းထားတဲ့ထဲက ပြန်ပီး အမျိုးသားစာကြည့်တိုက် တက္ကသိုလ်စာကြည့်တိုက်တွေကို ထူထောင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ပီးခေတ်တိုင်းပြည်လွတ်လပ်ရေးကိုအားထုတ်တာနဲ့အတူ ယဉ်ကျေးမှုထူထောင်ရေးကလည်း အင်မတန်အရေးကြီးလာပါတယ်။ ဒဂုန်တာရာရဲ့ တာရာမဂ္ဂဇင်း၊ ဦးကျော်ရဲ့ရှုမဝမဂ္ဂဇင်း၊ နောက် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးကထုတ်တဲ့ မြဝတီမဂ္ဂဇင်း၊ မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းစတဲ့ စစ်ပီးခေတ်မှာထင်ရှားခဲ့တဲ့ မဂ္ဂဇင်းကြီးတွေဟာ ခေတ်ပေါ်စာပေထွန်းကားရေးနဲ့အတူ ယဉ်ကျေးမှုနဲ့သမိုင်းထိန်းသိမ်းဖော်ထုတ်ရေးကိုလည်း သူရိယ၊ ဒဂုန်စတဲ့ခေတ်ဟောင်းမဂ္ဂဇင်းကြီးတွေနဲ့မခြား ထမ်းဆောင်ခဲ့ကြပါတယ်။

စစ်တွင်းမှာ ဦးဖိုးကျား၊ အဝေးရောက်မင်း၊ မော်ပီဆရာသိန်းကြီး၊ သိပ္ပံမောင်ဝစတဲ့ နာမည်ကျော်စာရေးဆရာပညာရှိကြီးတချို့ အနိစ္စရာက်ကုန်တဲ့အပြင် သခင်ကိုယ်တော်မှိုင်း၊ သဘင်ဝန်ဦးနု၊ ဒဂုန်ခင်ခင်လေးစတဲ့ လက်ဟောင်းကလောင်ကြီးတွေလည်း စာရေးကျဲသွားပါတယ်။ ဒီနေရာကို ဇော်ဂျီ၊ မင်းသုဝဏ်၊ ဇေယျ၊ ငွေဥဒေါင်းစတဲ့ လူလတ်တန်းသုတေသီတွေက အစားဝင်ရေးလာကြပါတယ်။ ရှုမဝမဂ္ဂဇင်း အနှစ် ၄၀ ကျော်သက်တမ်းရဲ့ မာတိကာတွေကိုပြန်စဉ်လိုက်ရင် စာပေလောက ဝါစဉ်ကြီးငယ်အပြောင်းအလဲသဘောကို သိနိုင်ပါတယ်။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့ဟာ မဂ္ဂဇင်းသက်တမ်းတလျှောက် အဆက်မပြတ်ရေးသားချီးမြှင့်ကြသူများပါ။ အရင်ဆောင်းပါးတွေမှာ ပါခဲ့သလိုပဲ ဒီဆရာကြီးတွေဟာ လွတ်လပ်စမြန်မာပြည်ဝန်ကြီးချုပ် ဦးနုရဲ့ မိတ်ဆွေရင်းများဖြစ်တာနဲ့အညီ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးမှာ ဒေါက်တာထင်အောင်စတဲ့ အခြားပုဂ္ဂိုလ်ကြီးများနဲ့အတူ ဦးဆောင်ခဲ့ရပါတယ်။ သူတို့ဦးစီးတဲ့ စာပေဗိမာန်က စာပေဆုပေးတဲ့အခါ စာပဒေသာဆုဆိုတာပါပါတယ်။ ဝတ္ထုနဲ့ ဘာသာပြန်မဟုတ်သောစာပေလက်ရာတွေထဲက ရွေးချယ်ချီးမြှင့်တာပါ။

၁၉၅၁ မှာ ဒီဆုကို ပထမဆုံးဆွတ်ခူးသူက ရဟန်းတော်တပါးပါ။ စစ်မဖြစ်ခင် မန္တလေးကျောက်စာဝန်ရုံးစာရေးဘဝထဲက သူရိယမဂ္ဂဇင်းမှာ ရတနာပုံလှိုင်ခင်အေးနာမည်နဲ့ သုတေသနစာတွေရေးခဲ့တဲ့ ကိုထွန်းလှိုင်ဟာ စစ်တွင်းမှာ ရဟန်းဘဝကူးပြောင်းပီး စာပေသုတေသနအလုပ်တွေဆက်လုပ်ရင်းနဲ့ လူဘဝကရေးခဲ့တဲ့ ဆင်ယင်ထုံးဖွဲ့မှုကျမ်းကို ရွှေကိုင်းသားနာမည်နဲ့ အပီးသတ်ရေးသားထုတ်ဝေခဲ့တာပါ။ စစ်တွင်းနဲ့ စစ်ပီးခေတ်မြန်မာအမျိုးသမီးများ ဆင်ယင်ထုံးဖွဲ့မှုအခန်းတွေကို လူထုဦးလှဖြည့်စွက်ရေးသားတယ်လို့ ဆိုပါတယ်။ တကောင်းခေတ်ကနေ ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ကုန်းဘောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်၊ ရတနာပုံ၊ စစ်ကြို၊ စစ်တွင်းခေတ်ထိ မြန်မာအမျိုးသား၊ အမျိုးသမီး ၀တ်စားဆင်ယင်မှုတွေကို အသေးစိတ် သုတေသနပြုထားတာဖြစ်ပီး စစ်ပြေးဘဝမှာ စစ်ဘေးကြုံခဲ့ရင် အနှစ်နှစ်အလလစုဆောင်းလာခဲ့တဲ့ ဗဟုသုတတွေ တိုင်းပြည်အတွက် မသုံးလိုက်ရပဲ အလဟဿဖြစ်သွားမှာစိုးလို့ လေယာဉ်ပျံသံနားစွင့်ရင်း မြန်မြန်ပြီးအောင်ရေးခဲ့တဲ့စာအုပ်လို့ အမှာမှာ ဆရာတော်ကရေးထားပါတယ်။

ဆင်ယင်ထုံးဖွဲ့မှုဟာ စာပေဗိမာန်ထုတ် ရိုးရာယဉ်ကျေးမှုသုတေသနစာအုပ်တွေရဲ့ အာဒိကမ္ပ မူလအစလည်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ အနှစ်(၁၀၀)ပြည့်မန္တလေး၊ ပုဂံသွားမှတ်တမ်း၊
နှစ် ၆၀၀ ပြည့် အင်းဝ၊ အထက်ဗမာပြည်စာရေးဆရာအသင်း စာဆိုတော်နေ့တွေမှာ ဖတ်ခဲ့တဲ့ စာတမ်းတွေ စတဲ့ကျန်ရစ်ခဲ့တဲ့ စာပေအလုပ်တွေကိုပြန်ကြည့်ရင် ခေတ်ပညာမတတ်ပေမယ့် ရဟန်းတော်တပါးရဲ့ သမိုင်းနဲ့သုတေသနမြတ်နိုးစိတ်က နောက်မျိုးဆက်တွေအတွက် တန်ဖိုးကြီးလှတဲ့သုတေသနတွေ့ရှိချက်တွေ ချန်ထားခဲ့နိုင်တာကို တွေ့ရမှာပါ။ ဆရာတော့်စာတွေက သူ့လိုပဲ ကျေးလက်နေ ရဟန်းတော်၊ ကျောင်းဆရာကြီးစတဲ့ မြန်မာမှုသုတေသီတွေကို သုတေသနလမ်းကြောင်းပေါ် တက်လာအောင် တိုင်းပြည်ကို သူတို့တွေ့ရှိထားတဲ့ ရှားပါးစာစု အနုယဉ်ကျေးမှု အသိပညာတွေနဲ့ ပိုကြွယ်ဝလာအောင် အားထုတ်စေခဲ့ပါတယ်။ နောက်နှစ် ဇန်နဝါရီ ၅ ရက်နေ့ဆို ဆရာတော်ရွှေကိုင်းသား သက်တော်ရာပြည့်ပီမို့ ဂုဏ်ပြုအမှတ်တရစာတမ်းဖတ်ပွဲ ပြပွဲတွေကျင်းပသင့်သလို သူ့စာစုတွေလည်း မျိုးဆက်သစ်တွေအတွက် စုစည်းထုတ်ဝေသင့်ပါတယ်။ ဆရာတော်ဟာ သုတေသနမှာသာမက စာပေရေးချွတ်မှုမှာလည်း လက်ရာထူးခြားတဲ့ စာနယ်ဇင်းဆောင်းပါးရှင်တယောက်ပါ။

နောက် ဆရာဇော်ဂျီရဲ့သခင်ကိုယ်တော်မှိုင်းဋီကာ၊ ရွှေပြည်ဦးဘတင်ရဲ့ မြဝတီစာပေဂီတ၊ ဇေယျရဲ့ မြန်မာ့မျက်ပွင့်၊
မောင်သုတရဲ့ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ သစ်တောဝန်ထောက် အထက်လွှတ်တော်အမတ်ဟောင်းစည်သူမောင်မောင်ကျော်ရဲ့ မဟာဂီတအကြောင်းစာစုတွေကို မန္တလေးတက္ကသိုလ် မြန်မာစာဆရာ ဦးလှမောင်ပြန်တင်ဆက်တာ စတာတွေဟာ အဲဒိခေတ် မဂ္ဂဇင်းကြီးတွေရဲ့ ပင်တိုင်ဆောင်းပါးတွေက ထွက်လာတာပါ။ ဒါတွေက သာမန်အများကြိုက် အချစ်ဝတ္ထုကဗျာစတာတွေနဲ့တင် မတင်းတိမ်ပဲ ခေတ်ဟောင်းခေတ်သစ်ဗဟုသုတတွေမျှဝေနိုင်ဖို့ ဆရာတင့်တယ်၊ သန်းဆွေ၊ ဗိုလ်မှူးကျော်သောင်း၊ ဇဝန၊ ဦးသိမ်းမောင်စတဲ့ စာဖတ်နာတဲ့ မဂ္ဂဇင်းအယ်ဒီတာ စာရေးဆရာကြီးများကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ရှေ့တပတ်မှာတော့ လွတ်လပ်ရေး တော်လှန်ရေးမော်ကွန်းတင်စာပေတွေအကြောင်း ဆက်ပြောပါ့မယ်။ ကျေးဇူးတင်ပါတယ်။



2 Responses to “ဆုယူသမိုင်း၂၆”

  1. ကပ္ပ .. ကမ္ဘာ . ကမ္ဘာတည်ပုံကို ပြဆိုတဲ့ကျမ်းလို့ ဗေဒင်သင်တုန်းက ဖတ်ဖူးတယ်။ ကမ္ပ အစား ကပ္ပလို့ ရေးသင့်တယ် ယူဆပါတယ်။ အကျအပေါက်ဖြစ်သွားတာလို့ အောက်မေ့ပါတယ်။

    • 2 bobolansin

      မသိလို့ပါ ကျပ်မရယ် အနားလဲ ဦးဟုတ်စိန်မရှိလို့

      နေတ္တိဟာရတ္ထဒီပနီ နေတ္တိဟာရတ္ထဒီပနီ
      http://www.dhammavideo.com/files/8f7e5866f6dc9a0c.pdf – United States
      File Format: PDF/Adobe Acrobat – Quick View
      အာဒိက ပ္ပိကာနာဒိက ပ္ပိက တွင် အာဒိက ပ္ပိက ၊ ဗြဟ္မာဗြဟ္မဘာသာ. တွင် ဗြဟ္မဘာသာ၊ သုတာလာပါသုတာလာပတွင် အသုတာလာပ၊ …


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: