ယဉ်ကျေးမှုအနုပညာသမိုင်း၂၇

15Sep11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျာ အရင်အပတ်ကပြောခဲ့တဲ့ ကျေးလက်သုတေသီများရဲ့ ဒေသိယသမိုင်းတွေအကြောင်းဆက်ရရင် အထင်ရှားဆုံးတအုပ်က ကျောင်းဆရာကြီး ဦးကြာထွန်းရဲ့ယောဖြစ်ပါလိမ့်မယ်။ ၁၉၇၁ က မြန်မာ့ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာစာပေဆုရတဲ့ စာအုပ်ပါ။ ယောနယ်က ပင်နီချောနဲ့ယောထမီ၊ ယောစကား၊ ပယောဂဆရာတွေအကြောင်းထိ စုံစုံလင်လင်ပြုစုထားပါတယ်။ ဒီစာပေဆုဟာ တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို အထောက်အကူပြုရမည်၊ မြန်မာ့ဟန်မြန်မာ့ယဉ်ကျေးမှုအစစ်အမှန်ထွန်းကားရေးရှေးရှုရမည်ဆိုတဲ့ အခြေခံမူတွေနဲ့ စပေးတဲ့ အနုပညာဆိုင်ရာစာပေဆုတခုပါ။ ပထမဆုံးရတဲ့ မယ်တို့ပလောင်စာအုပ်ဟာ ပြည်ထောင်စုယဉ်ကျေးမှုဌာန၊ တိုင်းရင်းသားဌာနစိတ်က အရာရှိဦးမင်းနိုင်ရေးတာဖြစ်ပါတယ်။ ပြည်ထောင်စုသားချင်းနားလည်ရေး ပြည်ထောင်စုစိတ်ဓာတ်
တည်ဆောက်ရေးဆိုတဲ့ အစိုးရအဆက်ဆက်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့စာမျိုးပါ။ ဦးမင်းနိုင်ဟာ ယူနက်စကိုယဉ်ကျေးမှုဆုရတဲ့ ပြည်ထောင်စုအကပဒေသာစာအုပ်အပြင် မနော၊ ကူထိုးဘိုး၊ ရခိုင်ဝတ္ထုပုံပြင်၊ သွေးချင်းတို့ပျော်သည့်မြေစတဲ့ လူမျိုးစုလေ့လာရေးစာပေတွေကို ပြုစုခဲ့တဲ့ မနုဿသုတေသီတယောက်ပါ။

၁၉၆၀ ကျော်မှာပဲ လူထုဦးလှစုဆောင်းတဲ့ တိုင်းရင်းသားပုံပြင်တွေလည်း အဆက်မပြတ်ထွက်လာပါတယ်။ ဒီချိန်ဟာ ဖက်ဒရယ်လှုပ်ရှားမှု၊ လူမျိုးစုခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးစေ့စပ်မှု၊ လက်နက်နဲ့ ဖိနှိပ်ဖြေရှင်းမှုတွေ အပြင်းအထန်လှိုင်းတံပိုးရိုက်နေတဲ့ကာလဖြစ်ပါတယ်။ စာပေယဉ်ကျေးမှုကျွမ်းကျင်သူများကတော့ တိုင်းပြည်ငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ရေးအတွက် တတ်နိုင်တဲ့ဘက်က ကျေပွန်ခဲ့ကြပါတယ်။ မျိုးဆက်သစ် ကလေးလူငယ်တွေကြားမှာလည်း ပုံပြင်ကတဆင့် ရင်းနှီးရတဲ့ တိုင်းရင်းသားဓလေ့သမိုင်းတွေကနေ တိုင်းရင်းသားတွေဘဝကို စိတ်ဝင်စားနားလည်လိုစိတ်တွေပေါ်လာစေပါတယ်။ တိုင်းရင်းသားနဲ့ပတ်သက်ပီး ကြိုကြားထွက်လာတဲ့ စာအုပ်စာပေတွေဟာ ပြည်ထောင်စုသမိုင်းသစ်ပြန်ရေးနိုင်တဲ့တချိန်မှာ ကိုးကားစရာတွေဖြစ်လာမှာပါ။

နောက် လူထုဦးလှ ပြုစုတဲ့ မင်းတုန်းမင်းခေတ်သတင်းစာများအကြောင်း သတင်းစာများသည် သမိုင်းကိုပြောနေကြသည်၊ ပီးတော့ သတင်းစာများပြောတဲ့ စစ်တွင်းဗမာပြည်စာအုပ်တွေဟာ ရှားပါးသတင်းစာအထောက်အထားတွေကိုစုစည်းပြုစုတာမို့ ခေတ်ပြကြေးမုံအဖြစ် မမီလိုက်တဲ့မျိုးဆက်တွေ သုတေသီတွေအတွက် အင်မတန်အကျိုးများပါတယ်။ သတင်းစာများပြောတဲ့ စစ်ပီးစဗမာပြည် ဒုတိယတွဲမှာ ကွန်မြူနစ်-ဖဆပလအားပြိုင်ပွဲတွေအကြောင်းပါလို့ ထုတ်ဝေခွင့်မရခဲ့ပါဘူး။ ဦးလှရဲ့ ကျွန်တော်စာအုပ်စီးရီးထဲက မြင်းသမား၊ လှေသူကြီး၊ ဗျူရိုကရက်၊ သတင်းထောက်၊ ဆားချက်သမား၊ သံလွင်ဖောင်စီးစတဲ့ အလွှာစုံက ပုဂ္ဂိုလ်များရဲ့ ဘဝမှတ်တမ်းတွေကို အကိုးအကားတွေနဲ့ မျှတအောင်တင်ဆက်မှုတွေကတော့ လူမှုသမိုင်းရေးနည်းသစ်အဖြစ် မြန်မာစာပေမှာ ကျန်ရစ်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးသမိုင်းကိုသာ သမိုင်းလို့ထင်တတ်တဲ့ မြန်မာစာဖတ်ပရိသတ်အတွက် ပတ်ဝန်းကျင်က သာမန်လူတွေထဲမှာ သမိုင်းရှာသုံးသပ်တဲ့အလေ့ကို အစပျိုးပေးခဲ့တာပါ။ ဒီစာအုပ်တွေရေးဖို့ ပြည်ပစာအုပ်တွေရဲ့ လှုံ့ဆော်မှုဘယ်လောက်ရှိတယ်ဆိုတာကလည်း စဉ်းစားစရာပါ။

လူထုဒေါ်အမာကတော့ ပြည်သူချစ်သောအနုပညာသည်များ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး၊ အငြိမ့်၊ ရွှေရိုးဘကလေးစတဲ့ သဘင်ဂီတပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ပွဲကြည့်ရှုဒေါင့် သတင်းသမားအမြင်နဲ့ စုံအောင် ခေတ်နောက်ခံအမြင်ပါကြွလာအောင် ရေးခဲ့ပါတယ်။ သူစုဆောင်းခဲ့တဲ့ တေးသီချင်းတွေနဲ့တင် မြန်မာမှုစုဆောင်းရေး မြန်မာ့ဂီတထိန်းသိမ်းရေးမှာ အင်မတန် တန်ဖိုးရှိနေပါပီ။ပညာတတ် ငွေရှင်အရာရှိအာဏာရအသိုင်းအဝိုင်းကိုမှ လူထင်တဲ့ မြန်မာလူ့ဘောင်က ခေတ်ဟောင်းအကျင့်နဲ့ ကြည့်ရင် လူလေလူလွင့်တွေလို့ မြင်ခံရတဲ့ အနုပညာသည်တွေရဲ့ တန်ဖိုးနဲ့ ဘဝကြမ်းတမ်းပုံကို လူတွေနားလည်လက်ခံလာအောင် ရေးတဲ့ ဝတ္ထုဆောင်းပါးတွေလည်း အများအပြား မဆလခေတ်မှာ ပေါ်ထွက်ခဲ့ပါတယ်။

အဲဒိခေတ်မှာပဲ အရှိန်အဟုန်နဲ့ ထုတ်ဝေခဲ့တဲ့ ပုဂံစာအုပ်တိုက်ကနေ သခင်လွင်ရဲ့ ဂျပန်ခေတ်ဗမာပြည်၊ ဗမာပြည်အလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် လိုစာအုပ်တွေလည်းထွက်ခဲ့ပါတယ်။ တကယ်တော့ လွတ်လပ်ရေးနဲ့ တော်လှန်ရေးနောက်ကြောင်းပြန်မှတ်တမ်းတွေဟာ စစ်ပီးစထဲက မြန်မာစာပေနယ်မှာ ခေတ်စားလူကြိုက်များခဲ့တာပါ။ သိန်းဖေမြင့်ရဲ့ စစ်တွင်းခရီးသည်၊ မဟာမိတ်နဲ့ဗမာ့တမန်၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ ဗိုလ်တာရာရဲ့ ရဲဘော်သုံးကျိပ်ပြည်တော်ပြန်လိုစာအုပ်တွေဟာ ရှုမဝ မြဝတီမဂ္ဂဇင်းအခန်းဆက်ကဏ္ဍတွေထဲက အထူးအားပေးဖတ်ရှုခံရတဲ့ သုတရသမှတ်တမ်းစာပေတွေဖြစ်ပါတယ်။

ရှေ့တပတ်မှာတော့ မှတ်တမ်းသမိုင်းတွေကနေ နိုင်ငံရေးလွှမ်းမိုးပုံကို တင်ပြပါမယ်။ ကျေးဇူးတင်ပါတယ်။



2 Responses to “ယဉ်ကျေးမှုအနုပညာသမိုင်း၂၇”

  1. 1 Nan

    ကိုဘိုဘို့ ဘလော့က မှတ်တမ်းမှတ်စုတွေ လာလာဖတ်ဖြစ်ပါတယ်။ ရှေးမြန်မာတွေ အကြောင်းရေးထားတဲ့ သုတေသနစာတမ်းတွေ ရှိရင်လည်း တင်ပေးပါဦး။

    • 2 bobolansin

      ပီဒီအက်ဖ်ရရင် တင်ပေးပါ့မယ်။ အင်္ဂလိပ်လိုဆို ကော်ပီရိုက်ကရှိလို့း)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: