စစ်ရာဇဝင်တော်ကြီး ၂၈

22Sep11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျာ ဒီတပတ် တော်လှန်ရေးနဲ့ လွတ်လပ်ရေးမော်ကွန်းတင်မှတ်တမ်းတွေအကြောင်း ဆွေးနွေးပါ့မယ်။ ဒီမှတ်တမ်းတွေရဲ့ မူလအစကတော့ စစ်ကြီးမဖြစ်ခင် အမျိုးသားအောင်ပွဲနေ့နှစ်လည်တွေမှာပါဝင်ခဲ့ကြ တဲ့ ပထမ တက္ကသိုလ်သပိတ်မှောက် ကျောင်းသားဟောင်းကြီးတွေရဲ့ အမှတ်တရဆောင်းပါးတွေနဲ့ တက်ဘုန်းကြီးသိန်းဖေရဲ့ ဆရာလွန်း အတ္ထုပ္ပတ္တိက စမယ်ထင်ပါတယ်။ အစောပိုင်း နယ်ချဲ့ ဆန့်ကျင် ရေး လက်နက်ကိုင် အုံကြွမှုတွေအကြောင်းကိုတော့ ကိုလိုနီဝန်ထမ်းပညာရှင်တွေ နှိမ်ချရေးခဲ့တာတွေ က လွဲရင် တိုင်းရင်းသားစာပေတွေမှာ အတိအလင်းချီးကျူးရေးသားခွင့် မရှိခဲ့ဘူးလို့ ယူဆရပါတယ်။

ဒါကြောင့် မြန်မာတွေ အင်္ဂလိပ်လက်အောက်ခံမဟုတ်တဲ့ ကိုယ်ပိုင်စစ်တပ် ဖွဲ့စည်းထူထောင်ပြီး ကိုလိုနီ သခင်ဟောင်းတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ မြန်မာစာပေလောကသား တွေက ဒီအောင်ပွဲတွေကို မှတ်တမ်းတင်ဖို့အားထုတ်ခဲ့ကြပါတယ်။ အစောဆုံး အထင်အရှား ထွက်လာ တာက မြဒေါင်းညိုရဲ့ ရဲဘော်သုံးကျိပ်စာအုပ်ပါ။ ဒီစာအုပ်ဟာ မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ် ခရစ်နှစ် ၁၉၄၃အတွက် စာရေးဆရာအသင်းရဲ့ ရာဇဝင်ဆုရခဲ့ပါတယ်။ မေဂျာဂျင်နရယ်အောင်ဆန်း၊ သခင် ထွန်းအုပ်၊ ဗိုလ်နေဝင်း၊ ဗိုလ်ထိန်ဝင်းစတဲ့ ရဲဘော် ၁၀ယောက်အကြောင်း ခပ်ရှင်းရှင်းရေးထားတာပါ။ ဒီစာအုပ်မှာ လွတ်လပ်ပြီးနောက်ပိုင်းထုတ်စာအုပ်တချို့လို အလွန်အကျွံသိဒ္ဓိတင်ထားတဲ့သူရဲကောင်း ကိုးကွယ်မှုပုံစံမျိုး ရေးထားတာမတွေ့မိဘူးလို့ မှတ်မိပါတယ်။ နောက်ပိုင်းရိုက်နှိပ်မှုမတွေ့ရလို့ ဒီစာအုပ်မှာပါတဲ့ လတ်လတ်ဆတ်ဆတ် ရာဇဝင်အနီးပုံရိပ်တွေကို ခေတ်လူတွေ လက်လှမ်းမီအောင် ပြန်ထုတ်စေချင်ပါတယ်။ မြဒေါင်းညိုရဲ့ နာမည်ကျော် ရွှေတောင်တိုက်ပွဲအကြောင်း၊ လွတ်လပ်မှ အမျှဝေပါ ဆိုတဲ့ ကိုယ်တိုင် ဆင်နွှဲခဲ့တဲ့ ဖောင်ကြီးတိုက်ပွဲအကြောင်း စာအုပ်တွေ ရေးခဲ့တာကိုလည်း အခုအခါ လူသိနည်းနေပါပြီ။

ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို ဂျပန်ခေတ်မှာ အရေးတော်ပုံရာဇဝင်ရေးခိုင်းတယ်လို့ ပါပါတယ်။ ဂျပန်မှာ စစ်ပညာသင်ခဲ့တဲ့ ဗိုလ်ဇေယျ ၊ ဗိုလ်စကြာ၊ ဗိုလ်ရန်အောင်စတဲ့သူတွေကိုမေးမြန်းပြီး ဖတ်ချင်စဖွယ်ရေးသားခဲ့တယ်လို့ ဒဂုန်တာရာကရေးပါတယ်။ ကိုဘဟိန်းကိုပေးထားတာ လက်ရေးမူတွေပျောက်ဆုံးကုန်လို့ မထုတ်ခဲ့ရပါဘူး။ ဗိုလ်ချုပ်က သူ ရေးလက်စ ‘ဥဿဟ’ ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုလည်း သူ့ကိုပြသခဲ့ကြောင်း ဒဂုန်တာရာက ဆိုပါတယ်။

စစ်ပြီးခေတ်မှာတော့ တော်လှန်ရေးနောက်ခံ စစ် အချစ်ဝတ္ထုတွေခေတ်စားလာပါတယ်။ ကိုယ်တိုင် ပါခဲ့တဲ့ မင်းရှင်၊ ဗန်းမော်တင်အောင်စတဲ့ လူငယ်စာရေးဆရာသစ်တွေရဲ့လက်ရာတွေလည်း ထင်ရှား လာပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ ရဲဘော်ဘခင်မှတ်တမ်းကတော့ ကျဆုံးသွားတဲ့တပ်သားလေး တယောက်ရဲ့အဖေက ပြန်ပြောဟန်ရေးဖွဲ့ထားတာပါ။ နောက် ခင်မျိုးချစ်၊ နောက် လွတ်လပ်ရေးရပီး ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ သတင်းစာဆရာဦးထွန်းဖေစသူတွေရေးတဲ့ Three Years Under Japs, Sun over Burma စတဲ့ အင်္ဂလိပ်ဘာသာနဲ့ စစ်ကိုယ်တွေ့မှတ်တမ်းတွေအပြင် စစ်ရဲ့ ခါးသီး ကြမ်းတမ်းမှုကို သရော်တဲ့ မန်းတင်ရဲ့ ထိုသုံးနှစ် လည်း နာမည်ကြီးခဲ့ပါတယ်။

လွတ်လပ်ပြီးခေတ်မှာ ပြည်တွင်းစစ်ကြီးဖြစ်တော့ လွတ်လပ်ရေးမှတ်တမ်းတွေမှာ တောခိုသူပုန် ဖြစ်နေတဲ့ ကွန်မြူနစ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအကြောင်းက မှိန်သွားပြီး အာဏာရ ဖဆပလနဲ့ တပ်မတော်အရာရှိကြီးတွေရဲ့ ဂုဏ်ပြောင်တဲ့စွန့်စားမှုတွေကို ရေးဖွဲ့မယ့်သူတွေ ပေါ်လာ ပါတယ်။ သခင်သန်းထွန်းအကြောင်း အကောင်းရေးတဲ့ ဒဂုန်တာရာလိုလူမျိုးရှားလာပြီး ဗိုလ်မှူးကြီး ချစ်ခိုင်၊ မောင်မောင်စသူတွေအကြောင်းဖွဲ့တဲ့ ရန်ကုန်ဘဆွေရဲ့ သူရစံကျော်၊ တိုက်ယူရသော မျက်ရည်တပေါက်ဝတ္ထုမျိုးတွေ အများဖတ်မဂ္ဂဇင်းတွေမှာ ဖော်ပြလာပါတယ်။ တော်လှန်ရေးကာလတွင်းမှာ ကွန်မြူနစ်တွေရဲ့ သစ္စာမဲ့မှုမျိုးကိုရေးတဲ့ တော်လှန်ရေးသမားဟောင်းဆိုသူတွေရဲ့ စာတွေလည်း ပေါ်လာပါပြီ။

ကျဆုံးသွားတဲ့လွတ်လပ်ရေးဖခင် ဦးအောင်ဆန်းကိုတော့ အာဏာဆက်ခံတဲ့အစိုးရများက သူတို့ရဲ့ စံပြခေါင်းဆောင်အဖြစ်ဦးထိပ်ထားပီး သမိုင်းမှာ အင်မတန်ကြီးမားတဲ့နေရာကိုပေးပါတယ်။ အပေးလွန် တဲ့အတွက် လက်ဝဲ လက်ယာလူငယ်လူကြီးခေါင်းဆောင်တွေရဲ့ စုပေါင်းခေါင်းဆောင်အားထုတ်မှုနဲ့ ရခဲ့တဲ့ တော်လှန်လှုပ်ရှားမှုတွေအကြောင်းက မှိန်သွားပီး ဗိုလ်ချုပ်အောင်ဆန်းတယောက်ထဲ မင်းသမီး ထည်လဲနဲ့ကတဲ့ဇာတ်ပုံစံ သူရဲကောင်းသမိုင်းဆရာတွေရဲ့လက်ရာတွေလည်း တွေ့လာရပါတယ်။ ခုတလော ထွက်နေတဲ့ ဗိုလ်ချုပ်စာအုပ်တွေထဲမှာ အဲဒီလို စာကဗျာတွေ အများစု ပါဝင်ပါတယ်။ ဗိုလ်ချုပ်အကြောင်းစုပေါင်းအတ္ထုပ္ပတ္တိအနေနဲ့ သခင်ကိုယ်တော်မှိုင်းစုစည်းပီး ခေတ်ပြိုင် စာရေးဆရာတွေပါဝင်ရေးသားတဲ့တအုပ်နဲ့ ဒေါက်တာမောင်မောင် ယေးတက္ကသိုလ်အတွက် စုဆောင်း မေးမြန်း တည်းဖြတ်တဲ့ အင်္ဂလိပ်လိုတအုပ် အခိုင်အမာထွက်ခဲ့ပါတယ်။ မဆလခေတ်က တက္ကသိုလ် သမိုင်း သုတေသနက ပြုစုတဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိကြီးခုထိ ထွက်မလာတာတော့ ဝမ်းနည်းစရာပါ။

စစ်အာဏာပိုင်ခေတ်ကိုရောက်လာတာနဲ့အမျှ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ခေတ်ပြောင်းတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းစတဲ့ စစ်ဗိုလ်ကြီးများအကြောင်း အတ္ထုပ္ပတ္တိစာတွေခေတ်စားလာပီး ဒေါက်တာမောင်မောင်ရေးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ မြန်မာ့ နိုင်ငံရေးခရီးစာအုပ်ကို ဒဂုန်တာရာက မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့လို့ ခပ်ထေ့ထေ့ဝေဖန်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။



One Response to “စစ်ရာဇဝင်တော်ကြီး ၂၈”

  1. 1 dantaryee

    အကယ်လို့သာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ညမှာ လုပ်တဲ့ အစည်းအဝေးကနေ ဦးနု ခေါင်းဆောင်ဖြစ်လာတဲ့နေရာမှာ ဦးနုမဖြစ်ဘဲ သခင်သန်းထွန်းဆိုရင်လည်း ဗိုလ်ချုပ်သမိုင်း ပြောင်းသွားမှာပဲ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: