ဦးစိုးဝင်း နှစ် (၇၀) စစ်အေး၏ဝါဒဖြန့်စက်

29Sep11

တခါက ရန်ကုန်ရုံးတရုံးတွင် အသိအမကြီးတယောက်က သတင်းစာကိုင်ကာ ဝင်လာပီး ဘိုဘိုတို့အမျိုးတွေအကြောင်း ပါလာတယ်ဟေ့ဟု အော်ပြောပါသည်။ ကြည့်လိုက်တော့ သတင်းစာခွဖောင်အလယ်ဆောင်းပါးကြီးတွင် ကွန်မြူနစ်တွေ ဖြုတ်ထုတ်သတ်ဇာတ်ကိုပြန်ခင်းလျက် ကျနော့ဦးကြီး ကိုစိုးဝင်းပုံကြီးနှင့် ဦးလေးဖိုးသံချောင်းကို တုံ့ပြန်ထားခြင်းဖြစ်သည်။ တန်တော့ သူ ရေဒီယိုတခုကနေ စစ်အစိုးရကို တခုခုဝေဘန်လိုက်ဟန်တူသည်။ ဒီကမိသားစုများထဲတွင် အဖွားနှင့် ဦးလေးအငယ်လောက်သာ ရေဒီယိုနားထောင်တော့ ဘာပြောလိုက်မှန်း
သတင်းစာဆောင်းပါးတွင် တအိမ်လုံးကို စော်ကားထားမှပဲသိတော့သည်။ ဖြစ်ရလေ။ ဟိုအမကြီးကတော့ ဆောင်းပါးကို အရေးတယူလုပ်ပြောမနေဘဲ ဘိုဘိုတို့အမျိုးတွေက တူတာဟယ်ဟုသာ ဦးကြီးနှင့် ကျနော် မျက်နှာကျ နှာခေါင်း နှုတ်ခမ်းဆင်ပုံကို ပြောနေသည်။

ဤသို့စကားမျိုးကို ငယ်စဉ်ကလည်း ကြားဘူးသည်။ တနေ့ ရေချိုးပီး ထမင်းစားခန်းထဲဝင်အလာတွင် အမေက အဖွားကို အမေ ဒီလိုကြည့်တော့ ကိုကိုမောင်ဝင်းနဲ့မတူဘူးလားဟု ပြောပါသည်။ အဖွားကလည်း ခေါင်းငြိမ့်ပါသည်။ ဦးကြီးသည် သူ့အမေနှင့်လည်း တူပါသည်။ အထူးသဖြင့် ၁၉၆၀ ကျော်က ခေတ်စားသော မျက်မှန်ထူ ကျွဲကော်ကိုင်းများကို သားအမိ ၂ ယောက်တပ်ခဲ့သဖြင့် ပိုတူသည်။ ဦးကြီး (ကျနော်တို့က ဦးစိုးဝင်းဟုသာခေါ်သည်) ဆုံးစဉ်က မိတ်ဆွေများရေးသော စာထုပ်ထဲတွင် မော်လမြိုင်ပထစအမတ် ဒေါ်နှင်းလှညီမ အမ်အေဒေါ်စောသင်ကြီးက ကလေးက မာငယ်ငယ်ကနဲ့တူလိုက်တာ။ ခုတော့ သူကလေးမိုက်ဇာတ်သိမ်းသွားရှာပီပေါ့ဟု ရေးသည်ကို ဖတ်ဖူးသည်။

ထိုစဉ်က တောထဲကဖမ်းမိ လက်နက်ချလာသူများထံမှကြားရသော စကားများကိုမူတည်၍ ပဲခူးရိုးမဗဟိုတွင် ဘာဖြစ်နေသည်ကို အစိုးရသတင်းစာတွေက ထည့်ကြသည်။ ပုဂ္ဂလိကသတင်းစာဟူ၍ လက်ဝဲဘက်ကမရှိတော့။ ထိုသတင်းစာများတွင် အစိုးရအာဘော်ဝင်အောင် သတင်းကိုပြုပြင်မှောင်ချ၍ ရိုးမပေါ်တွင် ဗကပတွေ ပေါရိသာဒဇာတ်ခင်းနေသည်ဖြစ်အောင် ရေးကြသည်။ အမှန်က ရိုးမကို ဖြတ်လေးဖြတ်စစ်ဆင်ရာတွင် ဒေသခံတွေနှင့် သူပုန်တွေကို ဗီယက်နမ် အမေရိကန်ဝင်သည့်ပုံစံ ရက်ရက်စက်စက်သတ်ဖြတ်ချေမှုန်းသည်ကို လူမသိအောင် ဖုံးနေတာသာဖြစ်သည်။ ထို့နောက် မြရာပင်တိုက်ကထုတ်သည့် စာအုပ်ထူကြီး ၂ တွဲတွင် ကွက်ကွက်ကွင်းကွင်းတွေရေးသည်။ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ဤစာအုပ်တွေကို စစ်ထောက်လှမ်းရေးက မုဒုံမျက်မှန်ဗိုလ်တင်ဦးရေးသည်ဟုသာ ဆိုကြသည်။ ဘခက်စသည့် လက်နက်ချများရေးသည့် သတင်းစာဆောင်းပါးများတွင်လည်း သူ့လက်ရာတွေအများကြီးပါသည်ဟု စွပ်စွဲကြ၍ မကြာခင်က လျှပ်စစ်ဝန်ကြီးက သူများနာမည်ခံပီး ဆောင်းပါးရေးခိုင်းတာကို လူကြားထဲထုတ်ပြောသည်ကို အမှတ်ရမိသေးသည်။

ထိုသို့ တောပြန်နှင့်အမ်အိုင်ပူးတွဲဆောင်ရွက်သည့် သတင်းဝါဒဖြန့်ချက်ကို ကာယကံရှင် အိမ်ကမိသားစုများက လက်မခံခဲ့ပါ။ သေပီ ကျဆုံးပီဟု မအောက်မေ့၍ ဆွမ်းသွပ် လလည်တွေလည်းမရှိပါ။ သူ့မွေးလ စက်တင်ဘာလကုန်ရောက်တိုင်းသာ တောင်ကြီးဦးထွန်းမြင့်ကလေးဇနီး အဖွားစဝ်အုန်းကြူပို့သည့် သဇင်ပန်းကို ဘုရားတင်ဆုတောင်းသည့်ဝတ်သာပြုခဲ့ကြသည်။ ၁၉၇၀ က အဖွားရေးခဲ့သည့် မှတ်တမ်းတခုတွင် သူ့သား အသက် ၂၉ နှစ်ပြည့်မွေးနေ့တွင် ဆေးရုံအတွက် ဆေးထိုးအပ်နှင့် ဆေးဘိုး ၃၀၀ လှူပီး သဇင်ပန်းကပ် ကုသိုလ်ပြုသမျှ အများအကျိုးသယ်ပိုးနေတဲ့သားကြီး ကျန်းမာပကတိချမ်းသာစွာရှိပါစေ၊ အောင်ပွဲအဆင့်ဆင့်ခံပီး မိဘနှစ်ပါးထံပြန်လာနိုင်ပါစေဟု ဆုတောင်းထားသည်ကိုဖတ်ရသည်။ သူအသက် ၆၀ ပြည့် ၁၉၇၅ကလည်း သားကြီးကိုစိုးဝင်း (တော်လှန်ရေးသ္မား)ဟုသာ စာရင်းကောက်ပြပါသည်။ အစိုးရ၏ အရေမရ အဖတ်မရဝါဒဖြန့်တွေထဲက ကျနော့မိဘတွေဟာ ဘူဇွာအရင်းရှင်တွေမို့ ပြန်သတ်ဖို့လိုရင်လဲသတ်ရမယ်ဆိုသော စကားမျိုး ဦးကြီးတကယ်ပြောခဲ့သလား သူတို့ အရာသွင်းစဉ်းစားမည်မဟုတ်ပါ။

သို့သော် အစိုးရကဲ့သို့ ကွန်မြူနစ်ကိုမုန်းသော ကြောက်သော ကွန်မြူနစ်အနွယ်များ ယခုထိ စာပေအနုပညာနယ်တွင် သြဇာကြီးသည်ကို မရှုစိမ့်နိုင်သော ငပိထုပ်ဖက်ဟောင်း လက်ယာနိုင်ငံရေးသမားနှင့် လစ်ဘရယ်ဆိုသူ ခေတ်ပေါ်များကလည်း ဖြုတ်ထုတ်သတ်ဇာတ်ကို ဇာချဲ့၍ လက်ညှိုးထိုးလေ့ရှိသည်။ သူတို့အချင်းချင်းရော နိုင်ငံရေးအရ နောက်ကျောဓားနဲ့ထိုး စားခွက်လုကြသည်များက မြင်၍ပင်မကောင်းပေ။ သမတသစ်ဆိုသူပြန်ခေါ်၍ အထဲဝင်ကြမည်ဆိုတော့လည်း ထိုပဲပြားပင်များပင် ရှေ့ဆုံးက ချီတက်ကြပေလိမ့်မည်။ စာပေအဖတ်အရှုနည်းသော သာမန်လူထုကလည်း ထိုစကားမျိုးကို ယုံတတ်သည်။

ဦးကြီးသေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ပါတီက တရားဝင်တောင်းပန်စာပို့သည်လိုလိုလည်း ကြားဘူးပါသည်။ သို့သော် ဦးလေးအလတ်ကလည်း အကို့ပါတီကိုပင် တောခိုသွားပီး ယနေ့ထိတိုင် ထမ်းဆောင်နေဆဲဖြစ်သလို ဦးလေးအငယ်ကိုလည်း အရေးအခင်းပီးတွင် ပါတီနှင့်စပ်၍ စွဲဆိုထောင်ချခဲ့သည်မှာ ၈ နှစ်ကျော်ကြာပါသည်။ ဆရာဆူးငှက်၏ ခွဲခွဲခြားခြားဆောင်းပါးတွင် ဒေါ်ဒေါ်က လူတော်တွေအကြောင်းပြောတိုင်း ကျွန်တော်ကစိတ်ထဲမှာ ဒေါ်ဒေါ်တို့ မိတ်ဆွေကိုသန်းထွန်းနဲ့ပတ်သက်ပြီး မိသားစုအနာတရကိစ္စတစ်ခုကြောင့် စိတ်အနာကြီးနာကာ အခဲမကျေဖြစ်လေမလားဆိုတဲ့ သာမာန်လူပိန်းစိတ်မျိုး ၀င်တတ်တယ်။ ဒါပေမဲ့ ဒေါ်ဒေါ်ဟာ ကိုသန်းထွန်းလူတော်ဆိုတဲ့ကိစ္စ တစ်ပြားသားမျှ မလျှော့ခဲ့ပါဘူး။ ယုံကြည်ချက်၊ ၀ါဒလမ်းစဉ်နဲ့ တိုင်းပြည်အကျိုးရှေးရှုပြီး လူပုဂ္ဂိုလ်နဲ့ လုပ်နည်းလုပ်ဟန်အပေါ် ခွဲခွဲခြားခြားထားရှိတယ်။ကိုသန်းထွန်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်ပြောသော လူတော်ကွဲ့တစ်လျောက်လုံး သူ့ယုံကြည်ချက်ကိုအတိမ်းအစောင်းမခံဘဲ သူ့အလုပ်သူလုပ်သွားတဲ့သူ ဆိုတဲ့စကားကို ဒေါ်ဒေါ် မကြာမကြာပြောလေ့ရှိလို့ မှတ်မိနေတယ်ဆိုသည့် ဖော်ပြထားသည်ကိုလည်း မှတ်မိပါသည်။

နိုင်ငံရေးအတန်းမြင့်သော ဗမာပြည်တွင် ဦးကြီး လူပြန်ဖြစ်ပီး တိုင်းပြည်အကျိုး ဆောင်နိုင်ပါစေ။ အဖွား အေရိုဖလုတ်လေကြောင်း ရန်ကုန်လာအဖွင့် ဆိုဗီယက်လိုက်သွားစဉ်က ထိုစဉ်က ခေတ်စားသည့် ဂါဂါရင်တို့ အာကာသသိပ္ပံအကြောင်းစာအုပ်တွေကို ရူပဗေဒသင်နေသည့် ဦးကြီးက လှမ်းမှာသည်ကိုလည်းကောင်း၊ လန်ဒန်ဦးတက်ထွဋ်နှင့်ဆက်၍ သူ့ကို ဘိလပ်တွင် သတင်းစာပညာသင်စေဘို့ အဖိုးတို့ စီစဉ်ခဲ့ပုံကို ဦးတက်ထွဋ်ပေးစာများအရလည်းကောင်း၊ သူသင်ချင်သော အင်ဂျင်နီယာဘက်ကို ဒီအက်စ်အိုဆရာတယောက်ညစ်ထား၍ မလိုက်နိုင်ခဲ့သည့်ဦးကြီးအဖြစ်ကိုလည်းကောင်း ပြန်စဉ်းစားမိတိုင်း စိန်ပီတာ၏ အတော်ဆုံးကျောင်းသားတယောက် မက်ထရစ်တွင် တနိုင်ငံလုံးအမှတ်အများဆုံး ၅၀ ခန့်စာရင်းဝင်စကောလားရှစ်သမားတယောက်ဘဝမှာ စစ်အေးမုန်တိုင်းကြားတွင် ပျက်စီးခဲ့ရပါလား၊ နောက်မျိုးဆက်များခေတ်တွင် ဤလိုအဟောသိကံတွေ မကြုံပရစေနဲ့တော့ဟုသာ တွေးမိတော့သည်။



One Response to “ဦးစိုးဝင်း နှစ် (၇၀) စစ်အေး၏ဝါဒဖြန့်စက်”

  1. သူတို့အချင်းချင်းရော နိုင်ငံရေးအရ နောက်ကျောဓားနဲ့ထိုး စားခွက်လုကြသည်များက မြင်၍ပင်မကောင်းပေ။ သမတသစ်ဆိုသူပြန်ခေါ်၍ အထဲဝင်ကြမည်ဆိုတော့လည်း ထိုပဲပြားပင်များပင် ရှေ့ဆုံးက ချီတက်ကြပေလိမ့်မည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: