ဗိုလ်ချုပ်လောက ၃၀

06Oct11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား။ ရာဇဝင် နိုင်ငံရေးနဲ့ လူထုခံစားချက်တွေကြားက ဆက်စပ်မှု တနည်း သမိုင်းနိုင်ငံရေးရဲ့ အင်အားကို အယင်ပတ်က ပြောခဲ့ပါတယ်။ ခုဆက်ပြောလိုတာက ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ရေးမှတ်တမ်းများ စစ်ပွဲမှတ်တမ်းများဖြစ်ပါတယ်။

အရင် မဆလခေတ်ကတော့ ဆိုရှယ်လစ်သြဇာကြီးလို့ စစ်အရာရှိကြီးတွေရဲ့ ကိုယ်ရေးမှတ်တမ်းဆိုတာ တွေ့ရခဲပါတယ်။ အရာရှိဟောင်းတချို့ရဲ့ ဂျပန်ခေတ်စစ်ပညာသင်မှတ်တမ်း တော်လှန်ရေးမှတ်တမ်း ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး နယ်စပ်ဒေသဖွံ့ဖြိုးရေး မှတ်တမ်းအနည်းငယ်ပဲရှိပါတယ်။ မိုမိုတာရောစန်၊ မှူးသမိန်၊ ဗိုလ်ဉာဏ်မောင်၊ မြလှိုင်စတဲ့သူတွေကို ကြားဘူးကြမှာပါ။ ချယ်ရီမဂ္ဂဇင်းတည်ထောင်သူ မြတ်ထန်ခေါ် ဗိုလ်မှူးကြီးဟောင်းတင်မောင်ရဲ့ တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်ကတော့ လူသိများတဲ့ စစ်ကိုယ်တွေ့တအုပ်ပါ။ အလားတူ ဒေါက်တာမောင်မောင် ရဲ့ သားမောင်စစ်သည်သို့ စာအုပ်ကလည်း ဂျပန်ခေတ် စစ်သင်တန်းတွေအကြောင်း ပြန်ပြောင်းအောက်မေ့ထားပါတယ်။ ဒီစစ်မှတ်တမ်းအများစုရဲ့တူညီတဲ့အာဘော်တခုကတော့ မြန်မာတပ်မတော်သားများဟာ
မြန်မာ့လွတ်လပ်ရေးအတွက် အလွန်အင်မတန် အဆင်းရဲအပင်ပန်းခံပြီး စစ်ပညာသင်ယူခဲ့ရတယ် ဆိုတာပါပဲ။ ဒီစာအုပ်တွေရဲ့ သြဇာကလည်း လူထုကြားမှာ အထိုက်အလျောက် ပျံ့နှံ့ခဲ့ပါတယ်။

ဒိနောက် ၈၈ အရေးအခင်းတွင်းမှာ တပ်မတော်ရဲ့ ရက်ရက်စက်စက်လူစုခွဲသတ်ဖြတ်မှုတွေကြောင့် လူထုကြားမှာ ရှိနေတဲ့တပ်ရဲ့သိက္ခာနဲ့ လူကြိုက်များမှု ထိုးကျသွားပါတယ်။ ၁၉၆၂ က ဆဲဗင်းဂျူလိုင်အရေးအခင်း ၁၉၇၄ ဦးသန့်အရေးအခင်းနှိမ်နင်းမှုတွေက မျိုးဆက်တဆက်အခြားမှာ မေ့ပျောက်သလိုရှိနေရာက စစ်လက်သည်း အစွမ်းကုန်ထုတ်ပြလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့်မို့ တက်လာတဲ့စစ်အစိုးရသစ်ဟာ နိုင်ငံရေးအံတုမှုကို ဖြိုဖျက်တဲ့အနေနဲ့ ၈၈ ကာလဖြစ်ရပ်တွေကို မင်းမဲ့စရိုက်ဆူပူဖျက်ဆီးမှုတွေအနေနဲ့ အစိုးရမီဒီယာတွေကနေ အကြီးအကျယ်ဝါဒဖြန့်ထိုးစစ်ဆင်ပါတယ်။ ဒါပေမဲ့ ဒီတခါထိုးစစ်ဟာ ၁၉၅၀-၆၀ ကာလ ကွန်မြူနစ်ဆန့်ကျင်ရေး ဓမ္မန္တရာယ်ထိုးစစ် တရုတ်ဖြူကျူးကျော်စစ်ဆန့်ကျင်ရေး ပုလဲမျက်ရည်ဇာတ်ကားခေတ်တွေလို မအောင်မြင်တော့ပါဘူး။ ကျည်ဆန်က ပြည်မတန်တော့ဘဲ လူထုအသက်တွေအများကြီးပေးခဲ့ရလို့ပါ။ ဒါကြောင့် စစ်ဝါဒဖြန့်တီဗီဇာတ်လမ်းတွေ ဝတ္ထုတွေကို လူထုက လက်မခံနိုင်ကြပါဘူး။

ဒါပေမဲ့ ၂၀၀၆ ၂၀၀၇ ကာလမှာ နဝတဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေရဲ့ ကိုယ်ရေးမှတ်တမ်း သေတစ်နေ့ မွေးတစ်နေ့ နောင်စစ်သည်နာမည်နဲ့ ထုတ်ခဲ့တာဟာ မထင်မှတ်ဘဲ လူဖတ်များခဲ့ပါတယ်။ နဝတဝန်ကြီးဟောင်းတယောက်ရဲ့ ကိုယ်ရည်သွေးခန်းတွေ အများစုဖြစ်ပေမယ့် ဒီထဲက သမိုင်းမြှုပ်ကွက်တွေ အထူးသဖြင့် ၈၈ အရေးအခင်း မဆလခေတ် နဝတခေတ်အာဏာရလောကက ထွက်လာတဲ့ အမြင် အတွေ့အကြုံတွေကို လူတွေက သိချင်ပါတယ်။ အလားတူပဲ အရေးအခင်းကာလ ဝန်ကြီးချုပ်သူရဦးထွန်းတင်ရဲ့ ကိုယ်ရေးမှတ်တမ်းဟာ အမျိုးသားစာပေဆုရခဲ့ပေမယ့် အရေးအခင်းနဲ့ပတ်သက်တဲ့ စာမျက်နှာတော်တော်များများကို စစ်ထောက်လှမ်းရေးခေတ်ကတည်းက သိမ်းဆည်းခံရတယ်လို့ ပြောဆိုသံကြားရပါတယ်။ ဒါပေမဲ့လည်း အာဏာရှင်ဟောင်း ဦးနေဝင်းအပေါ် စစ်ဗိုလ်ချုပ်များသဘောထား မဆလခေတ်နိုင်ငံစီးပွားရေးဆုတ်ယုတ်မှုတွေကို မကွယ်သာပဲဝန်ခံထားရတာမို့ ဒီစာအုပ်မျိုးတွေကို လူစိတ်ဝင်စားလာပါတယ်။

တနည်းအားဖြင့်လည်း စစ်ဗိုလ်ချုပ်တွေဟာ တဦးချင်းလူသိရှင်ကြားထုတ်ပြောခွင့်မသာပေမယ့် တိုင်းပြည်ကောင်းကျိုးလိုလားသူတွေဖြစ်ကြောင်း ခေတ်စနစ်ကြောင့်သာ လုပ်ခွင့်မသာတာဖြစ်ကြောင်း ဘယ်လိုကောင်းကျိုးတွေကိုတော့လုပ်ခဲ့သေးကြောင်း စသဖြင့် မျက်ဖြေစာ စည်းရုံးရေးစာသဘောမျိုးရေးလာကြတာ တွေ့ရပါတယ်။ မဆလဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးချုပ်သန်းတင်ရဲ့ စစ်ဆင်ရေးပြီးစစ်ဆင်ရေးမှမှာတော့ သူပုန်တွေပေါ် ဘယ်လိုထိုးစစ်ဆင်ချေမှုန်းခဲ့တယ်ဆိုတာ မြိန်မြိန်ရှက်ရှက်ပြန်ရေးထားပီး လက်နက်ကိုင်လှုပ်ရှားမှုများအပေါ်ထားတဲ့ စစ်အစိုးရများသဘောထားကို ထင်ဟပ်တဲ့သဘောလားမသိ အမျိုးသားစာပေဆုရခဲ့ပါတယ်။ ဒီလိုစာအုပ်တွေနဲ့ လျှပ်တပြက်ဂျာနယ်ပါ တော်လှန်ရေးသမားဟောင်း မဆလတွေနဲ့ အင်တာဗျူးတွေဟာလည်း သမိုင်းကြောင်းဖော်ရင်း တပ်ခေါင်းဆောင်တွေရဲ့ပုံရိပ်တွေကို စာဖတ်သူတွေကြား သြဇာညောင်းလာအောင် ကြိုးစားထားတာတွေ့ရပါတယ်။

အကြောင်းကတော့ ပြင်ပရေဒီယိုတွေနဲ့ ပြည်တွင်းစာပေတွေမှာ အစိုးရအတိုက်အခံ နိုင်ငံရေးသမား စာရေးဆရာ သတင်းစာဆရာဆိုသူတွေအကြောင်းက အနှစ် ၂၀ နီးနီးလွှမ်းမိုးခဲ့တာကို ပြန်ချေဖျက်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ သခင်ဗဟိန်း၊ ဦးနု၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်စတဲ့ အတိုက်အခံဘက်က သူရဲကောင်းတွေနဲ့ယှဉ်ဖို့ စစ်တပ်သူရဲကောင်းတွေ ရှိဖို့လိုမှန်း သိလာလို့ပါပဲ။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗမာစစ်ဘုရင်တွေလောက်နဲ့ ပြည်သူက ရင်မခုန်မှန်းသိလာတာလို့ ပြောရင် ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ခံပုံရိပ် ဗိုလ်ချုပ်အောင်ဆန်းအရှိန်အဝါကို မှိန်ဖို့ကြိုးစားတဲ့အနေနဲ့ ဗမာစစ်ဘုရင်တွေ သူရဲကောင်းတွေကို မီဒီယာတွေမှာ တင်ပေးရင်းနဲ့ မြန်မာအမျိုးသားရေးစိတ်နဲ့ ပဒေသရာဇ်ကိုးကွယ်မှုကို လှုံ့ဆော်ပေးခဲ့တဲ့အကြောင်း ဆက်တင်ပြပါ့မယ်။ ကျေးဇူးတင်ပါတယ်။



2 Responses to “ဗိုလ်ချုပ်လောက ၃၀”

  1. စောင့်ဖတ်နေပါတယ် ကျေးဇူး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: