တော်ကြီးတို့သမိုင်း ၃၂

20Oct11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား၊

နဝတခေတ်မှာ အမျိုးသားရေးစိတ်ကို လှုံ့ဆော်မီးထိုးတဲ့ သမိုင်းစာအုပ်တွေအကြောင်း အရင်ပတ်က ပြောခဲ့ပါတယ်။ အဲဒီစာမျိုးကို ရေးသားတဲ့ထဲမှာ စစ်အစိုးရဝန်ထမ်း အစိုးရနဲ့မကင်းတဲ့ ပညာရှင် စာသမားတွေသာမက အတိုက်အခံနိုင်ငံရေးသမားတွေပါ ပါလာပါတယ်။ အထင်ရှားဆုံးတယောက်ကတော့ နောက်ဆုံးမြန်မာဘုရင် သီပေါမင်းရဲ့မြေးတော် တော်ဘုရားကလေးပါပဲ။ တော်ဘုရားကလေးဟာ နဝတခေတ်ထိ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အရေးယူထောင်ချခံရလေ့ရှိတဲ့ လက်ဝဲနိုင်ငံရေးသမားတယောက်ပါ။ ဒါပေမဲ့ သူ့မျိုးရိုးနောက်ခံအရ ဘိုးတော်ကိုနန်းချ တိုင်းပြည်သိမ်းသွားတဲ့ အင်္ဂလိပ်နယ်ချဲ့ကျူးကျော်မှုကို အင်မတန်ဆန့်ကျင်စိတ်များပါတယ်။ ဒါကြောင့် သူရေးတဲ့ သမိုင်းအတွေအကြုံဆောင်းပါးတွေဟာ နယ်ချဲ့လက်သစ်ဆန့်ကျင်ရေးဆိုပီး မြန်မာအတိုက်အခံလှုပ်ရှားမှုကို ထောက်ခံနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို တန်ပြန်ဝါဒဖြန့်ထိုးစစ်ဆင်နေတဲ့ စစ်အစိုးရအာဘော်သတင်းစာဆောင်းပါးတွေနဲ့ လေယူလေသိမ်းဆင်နေတတ်ပါတယ်။

ဒါကြောင့် သူ့မိတ်ဆွေ လူထုဒေါ်အမာက ဒီလိုအကြောင်းအရာတွေက ရှင်ကလွဲပြီးဘယ်သူမှ မရေးနိုင်ဘူး။ ရှင်နဲ့ ရှင့်အသိုင်းအ၀ိုင်းပဲ ကိုယ်တွေ့ကြုံရတဲ့ကိစ္စတွေ ဟုတ်လား။ ဒါပေမဲ့ မြစ်ရေတွေကစီးဆင်းနေပြီရှင့်။ ၁၈ ရာစု၊ ၁၉ ရာစုက နယ်ချဲ့အရင်းရှင်၊ ကိုလိုနီနယ်ချဲ့၊ နယ်ချဲ့လက်ပါးစေ၊ နယ်ချဲ့ပုဆိန်ရိုး ဆိုတာတွေက ဒီကနေ့ ၂၀ ရာစုနှောင်းပိုင်းမှာရော ဟုတ်ပါသေးရဲ့လား။ ခုထိမျက်စိမှိတ်ပြီး ဆန့်ကျင်နေအုံးမှာလား။ ရှင်တို့ ကျွန်မတို့ ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့၊ သားခဲ့ ရတဲ့အိမ်နီးချင်းမိတ်ဆွေကြီးကရော အခုထိကျွန်မတို့ အတွက် မိတ်ဆွေဖြစ်နေသေးပါရဲ့လား။ ဒီတော့ အင်မတန်ကောင်းမွန်တဲ့ ရှင့်စာတွေထဲက နတ်သုဒ္ဓါထဲ ၁၈ ရာစု၊ ၁၉ ရာစုက ရန်သူ အသုံးအနှုန်းတွေ ဖောဖောသီသီပါနေတော့ ကျွန်မကတော့ မစင်တစက်လိုခံစားရတယ် လို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ နိုင်ငံရေးရေစီးအရွေ့မှာ ပုဂ္ဂိုလ်ရေးခံစားချက်မဖျောက်နိုင်တဲ့ သမိုင်းသမားတွေကြုံရတဲ့ အခက်အခဲတမျိုးပါ။ သူလိုပဲ အခြားကိုလိုနီအလွန်နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ ပဒေသရာဇ်အနွယ်တွေ နယ်ချဲ့ဆန့်ကျင်ရေးမျိုးဆက်တွေနဲ့ မျိုးဆက်သစ်တွေအကြား ကမ္ဘာ့နိုင်ငံရေးချိန်ခွင်အရွေ့မှာ ညှိနှိုင်းလို့မရတဲ့ကိစ္စတွေ ရှိစမြဲပါ။ ဒါပေမဲ့ ဒါကပဲ တည်ဆဲအာဏာရအစိုးရရဲ့ ပြည်ပဆန့်ကျင်ရေး မီဒီယာထိုးစစ်ကို သွယ်ဝိုက်အကျိုးပြုသလိုမျိုး ဖြစ်တတ်ပါတယ်။

လောလောဆယ်အထင်ရှားဆုံး ဥပမာကတော့ ဧရာဝတီမြစ်ဆုံဆည်ကိစ္စမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးသောင်းကျန်းမှုအပေါ် မခံမရပ်နိုင်တဲ့ စာပေသမား သတင်းသမားဆိုသူများရဲ့ အမျိုးသားစိတ်လှုံ့ဆော်မှုက တည်ဆဲအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကစားကွက်မှာ ပူးပေါင်းဆောင်ရွက်မိသလိုဖြစ်တာပါပဲ။ အရင်ကလည်း လူထုဒေါ်အမာနဲ့ မန္တလေးစာရေးဆရာများရဲ့ တရုတ်လွှမ်းမိုးမှုဆန့်ကျင်တဲ့စာပေအရေးအသားတွေက ဆင်းရဲကျပ်တည်းတဲ့ လူထုကြားထဲမှာ အရင်းအနှီးအလုံးအရင်းကြီးနဲ့ လာရောက်ဖောက်ကားနေတဲ့ တရုတ်လူမျိုးများအပေါ် မကြည်လင်တင်းမာတဲ့သဘောထားဆန့်ကျင်မှုတွေကို နှိုးဆွပေးလာခဲ့တာပါ။

တော်ဘုရားလေးနဲ့အလားတူ အနွယ်တော်သမိုင်းပညာရှင် စာရေးဆရာတွေရဲ့ အမျိုးသားရေးဝါဒကဲတဲ့ သမိုင်းစာပေတွေကလည်း လူထုကြားမှာ အထူးသဖြင့် အသစ်ပေါ်လာတဲ့ လူလတ်တန်းစားပေါ်မှာ လွှမ်းမိုးမှုတစုံတရာရှိပါတယ်။ ရွှေဘိုမိမိကြီး၊ ဦးစိန်မောင်ဦးအစရှိသူတွေထဲမှာ လူသိအများဆုံးက ကြံ့ဖွံ့ပါတီကနေ အမျိုးသားလွှတ်တော်အမတ်ဖြစ်နေတဲ့ မောင်သန်းဆွေ (ထားဝယ်)ပါ။ သူက ကနောင်မင်းသားအဆက်အနွယ် တရုတ်ကပြားမိုင်းသူဌေးနိုင်ငံရေးသမားမိသားစုက ဆင်းသက်ပါတယ်။ သူနီးစပ်ရာ မင်းမျိုးမတ်မျိုးတွေအကြောင်းကို ဟိုဆယ်နှစ်လောက်ကစပီး ရနံ့သစ်မဂ္ဂဇင်းမှာ စရေးပါတယ်။ ရေးခါစက လက်ဝဲကဗျာဆရာကြီးဦးအံ့မောင်က ရနံ့သစ်မှာပါနေတဲ့ မင်းသားတွေအကြောင်းက ဘယ်သူတွေဖတ်မှာလဲ လနဲ့ချီထည့်နေတယ်လို့ မဂ္ဂဇင်းတစောင်မှာ ဝေဖန်တာဖတ်ဖူးပါတယ်။ ကျနော်လည်း အစက အထူးတလည်စိတ်မဝင်စားလှပါဘူး။ ဖတ်မိရင်းက သူသိတဲ့အကြောင်းအချက်တွေကို စိတ်ဝင်စားအောင် တင်ပြတဲ့ကလောင်စွမ်းက ပိုသွက်လာပါတယ်။ မက္ခရာလို တချို့အနွယ်တော်မိသားစုတွေက သဘောမတူတဲ့အချက်တွေရှိပေမယ့် သာမန်ပြည်သူတွေကြားမှာတော့ ပါတော်မူနောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့မင်းဆွေစိုးမျိုး ပဒေသရာဇ်ဟောင်းတွေအကြောင်းက အသစ်အဆန်းဖြစ်ပီး စိတ်ဝင်စားလာကြပါတယ်။ ကိုလိုနီခေတ်တလျှောက် အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှာ မင်းမျိုးအနွယ်အဆက်တွေကို နေရာပေးအသုံးချတာရှိခဲ့ပေမယ့် လွတ်လပ်ရေးရပီးနောက်ပိုင်း ဆိုရှယ်လစ်ခေတ်တွေမှာ ခေတ်ဟောင်းမင်းစိုးရာဇာတွေ ပင်စင်တွေရပ်စဲခံရပီး တဖြေးဖြေးတိမ်မြုပ်သွားခဲ့တာပါ။

ခုလို မင်းမျိုးတွေအကြောင်းရေးလာကြတဲ့စာတွေမှာ အများစုက နယ်ချဲ့ဖိနှိပ်ချုပ်ချယ်မှုကြောင့် ဘဝပျက်တိမ်ကောသွားတဲ့အနွယ်တော်အထည်ကြီးပျက်တွေဘဝကို သနားစရာ ဖွဲ့တာကများပါတယ်။ ဒီလူတန်းစားဟာ နယ်ချဲ့လက်အောက်မှာ စီးပွားရေးသွေးစုပ်ချယ်လှယ်ခံနေရတဲ့ လူထုအများစုကို ဦးဆောင်မှုပေးတဲ့ နိုင်ငံရေးကဏ္ဍကိုမရယူပဲ နယ်ချဲ့လက်ဝေခံအခွင့်အရေးမျှော်ဘဝနဲ့ တိမ်ကောသွားတာကို ဝေဖန်ပြနိုင်ရင် ပိုပြည့်စုံတဲ့ မြင်ကွင်းကို ရမှာပါ။ ခုတော့ နယ်ချဲ့မုန်းတီးရေး ပဒေသရာဇ်တမ်းတတဲ့ လူမျိုးရေးသွေးထိုးစာတွေပဲထွက်လာတာ များပါတယ်။ ဒီနေရာမှာ ကွယ်လွန်သူ မြသန်းတင့်ရဲ့ တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့ ဆောင်းပါးကြီးဟာ
ပြတ်သားရှင်းလင်းတဲ့ နိုင်ငံရေးသမိုင်းဝေဖန်ချက်တွေပေးခဲ့တယ်ဆိုတာ ၁၉၈၀-၉၀ ကျော်မှာ ရှုမဝမဂ္ဂဇင်းဖတ်ခဲ့တဲ့ ပရိသတ်တွေ သဘောတူကြမှာပါ။ အခုထိလည်း မြန်မာဘာသာနဲ့ မန္တလေးသမိုင်းကိုပြုစုသူတွေထဲမှာ မြသန်းတင့်ရဲ့စာအုပ်ကို ကျော်နိုင်သူ မရှိသေးပါဘူး။

ကျေးဇူးတင်ပါတယ်။



No Responses Yet to “တော်ကြီးတို့သမိုင်း ၃၂”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: