Burma mapped? 34

05Nov11

လွတ်လပ်တဲ့အာရှအသံ

အရင်ပတ်က တင်ဆက်ခဲ့တဲ့ ပဒေသရာဇ်နွယ်ဝင်တွေရေးတဲ့ မှတ်တမ်းတွေအကြောင်း ဆက်ရရင် ရှမ်းပဒေသရာဇ်တွေအကြောင်း ဗြိတိသျှစာရေးဆရာတဦးရေးခဲ့တဲ့ နာမည်ကျော်စာအုပ်တအုပ်ကို သတိရမိပါတယ်။ သူကတော့ ယိုးဒယားဝှိုက်၊ စန္ဒမာလာ၊ မိဘုရားစော၊ ရခိုင်ဘုရားကြီးစတဲ့ ဝတ္ထုမှတ်တမ်းတွေ ရေးသွားတဲ့ မောရစ်ကောလစ်ပါ။ ရွှေဥဒေါင်း၊ လူထုဒေါ်အမာ၊ အမျိုးသားဦးလှဒင်စသူတွေ ဘာသာပြန်မှီငြမ်းရေးသားခဲ့လို့ သူ့လက်ရာတွေကို မြန်မာစာဖတ်ပရိသတ်က ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထဲက သိကြပါတယ်။ စန္ဒမာလာဝတ္ထုမှာ မြိတ်ရောက် ကနောင်မင်းသားအဆက်အနွယ်တွေအကြောင်း အရိပ်အငွေ့ယူရေးထားပီး မိဘုရားစောမှာတော့ ဘုရင့်အတိုင်ပင်ခံ တရုတ်အမတ်ကြီးနဲ့ မိဘုရားကြိုက်နေသယောင် ထိုးဇာတ်တွေပါနေပါတယ်။

သူကိုယ်တိုင် ရှမ်းပြည်တက်လေ့လာပီးရေးတဲ့ နေဝင်ဘုရင်များစာအုပ်ကတော့ မြန်မာပြည် ခရီးသွားမှတ်တမ်းနဲ့ ဒေသလေ့လာရေးစာအုပ်ကောင်းတအုပ်အဖြစ် ထင်ရှားကျန်ရစ်ပါတယ်။ မြန်မာလို ကွယ်လွန်သူ ဆရာကျော်အောင် ဘာသာပြန်ခဲ့ပီး ဘာသာပြန်အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်ခါနီး တရုတ်-ဗမာလမ်းမကြီးဖောက်နေချိန် ဗြိတိသျှအင်ပါယာရဲ့ ချောင်ထဲမှာ အိပ်မောကျနေတဲ့ ရှမ်းပြည်ဟာ စစ်ရိပ်စစ်ငွေ့တွေကြောင့် လှုပ်ရှားလာပါတယ်။ ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း တလျှောက် တောင်ကြီးအရေးပိုင်ဖိုဂါတီနဲ့ လိုက်ကြည့်ရင်း တွေ့ဆုံခဲ့တဲ့ စော်ဘွား မင်းသမီးတွေအကြောင်း စိတ်ဝင်စားစရာဖွဲ့နွဲ့ထားတာပါ။ လှုပ်ရှားတက်ကြွတဲ့ လယ်သမားစော်ဘွား မိုင်းပွန်စဝ်စံထွန်း၊ အင်္ဂလန်သူယူလာတာ ခမည်းတော်သဘောမတူပေမယ့် ပြန်ရောက်ချိန်မှာ ခမည်းတော်နတ်ရွာစံသွားလို့ စော်ဘွားဖြစ်သွားတဲ့ မိုးမိတ်စဝ်ခွန်ချို ၊ သူက နောင်မှာ ရှမ်းပြည်နယ်ဝန်ကြီး ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူတွေအကြောင်း ဖတ်ရသလို ကျိုင်းတုံရင်ခွင်ပိုက်စော်ဘွားဟောင်း စောနန်းတစ်ထီလာမင်းသမီးကြီးရဲ့ ထက်မြက်ရွှင်ပြတဲ့စိတ်ဓာတ်အကြောင်းကိုလည်း ဖတ်ဖူးသူတိုင်း မှတ်မိကြမှာပါ။ သူရောက်သွားချိန်မှာ ပူပူနွေးနွေးဖြစ်သွားတဲ့ ကျိုင်းတုံစော်ဘွားကို တူတော် တက္ကသိုလ်ကျောင်းသားက သတ်မှုအကြောင်းကိုလည်း သမိုင်း နိုင်ငံရေးလေ့လာသူတွေ ဖတ်နိုင်ပါတယ်။ စဝ်သီဟထောင်ကျနေတုန်း သူဖတ်ခွင့်ရတဲ့ ကမ္ဘာ့ဂန္ထဝင်စာပေလက်ရွေးစင်ထဲက လက်ဝဲစာအုပ်တွေကို သခင်နိုင်ငံရေးသမားတွေ ငှားဖတ်လေ့လာခဲ့ရတယ်ဆိုတာပါ ပြန်သတိရစေပါတယ်။ နိုင်ငံရေးတက်ကြွတဲ့ အရပ်သားရှမ်းလူငယ်တွေနဲ့ မတွေ့နိုင်ခဲ့တာတခုပဲ ဒီစာအုပ်မှာပြောစရာရှိပါတယ်။

မြန်မာထဲက ကမ္ဘာသိ မိသားစုဇာတ်ကြောင်း အတ္ထုပ္ပတ္တိမျိုးရေးနိုင်သူက ဒီခေတ်မှာ ကယန်းစာရေးဆရာ ပါစကယ်ခူးသွယ်၊ ကရင်တိုင်းရင်းသူ ဇိုရာဖန်နဲ့ မြန်မာမှူးမတ်မျိုးနွယ် ဒေါက်တာသန့်မြင့်ဦးပါပဲ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်တွေလည်း တော်တော်ထွက်ခဲ့ပါပီ။ အနောက်တိုင်းသားအမြင်နဲ့ သူတို့ရနိုင်တဲ့အထောက်အထားရင်းမြစ်တွေပေါ် မူတည်ရေးတာမို့ မြန်မာတွေမြင်တဲ့အမြင်မျိုး ရဖို့တော့ မရှိပါဘူး။ ဒီခေတ်မှာ မြန်မာပြည်ကို အာရုံပိုထားလာတာမို့ အရင်ခေတ်က ဦးနုအကြောင်း အမေရိကန်တွေရေးတဲ့ နောက် သူကိုယ်တိုင်ရေးတဲ့ တာတေစနေသားဆိုတာတွေကို လူဖတ်ခဲ့တာထက် ပါစကယ်၊ ဇိုရာနဲ့ ကိုသန့်မြင့်ဦးစာအုပ်တွေက ပိုနာမည်ကြီးနိုင်ပါတယ်။ ဒီစာအုပ်တွေက ပြည်တွင်းမှာ ဘာသာပြန်လို့မရသေးပေမယ့် မကြာခင်အချိန်မှာ သန့်မြင့်ဦးစာအုပ်တွေ ပြန်ဆိုလာနိုင်မယ်လို့ နိုင်ငံရေးပွင့်လင်းလာမှုအရ တွက်ဆနိုင်ပါတယ်။ ပါစကယ်၊ ဇိုရာနဲ့ သန့်မြင့်ဦး ဒီစာအုပ်တွေကို ယှဉ်ကြည့်ရင်ပဲ မြန်မာပြည်မှာ တိုင်းရင်းသားနဲ့ ဗမာလူကြီးပိုင်းမှာ ကွဲပြားနေတဲ့ ဆန့်ကျင်ဘက် နိုင်ငံတည်ထောင်ရေးအမြင် ၂ ခုကို တွေ့ရပါမယ်။

ပြည်ပမှာ ပညာဆည်းပူးနေတဲ့ တိုင်းရင်းသားလူငယ်တယောက်ကတော့ သန့်မြင့်ဦးစာအုပ်ဟာ မြန်မာလူမျိုးကြီးစိတ်ကို အပြည့်ပြတာပဲလို့ ဝေဖန်ဘူးပါတယ်။ မြန်မာအဓိက နိုင်ငံထူထောင်ချင်တဲ့စိတ် ပဒေသရာဇ်လက်ကျန်စိတ်ဓာတ်နဲ့ တိုင်းပြည်မှာ အသာစီးယူချင်တဲ့စိတ်တွေများတယ်လို့ သူကစွပ်စွဲပါတယ်။ ဒါကလည်း ကိုလိုနီလက်ကျန် မြန်မာပညာတတ်လူတန်းစားမှာ ပဒေသရာဇ်အဆက်အနွယ်ရှိတာကို ဂုဏ်ယူတတ်တဲ့စိတ်က အမြစ်တွယ်နေတာကို မငြင်းနိုင်သလို ဒီလူတန်းစားဟာ ဘုရင်ခေတ်အမွေ ဗုဒ္ဓဘာသာမြန်မာ နိုင်ငံတော်ကို ပြန်ထူထောင်ဖို့ တာဝန်ရှိတယ်လို့ လက်ခံထားသူတွေဖြစ်တယ်ဆိုတာကလည်း လွတ်လပ်ပီးခေတ်ဖြစ်ရပ်တွေအရ ငြင်းလို့မရပါဘူး။ ဘုရင်ခေတ်ကမှ ဘုရင့်သစ္စာခံရင် လူမျိုးဘာသာမခြား အခွင့်အရေးတန်းတူရအုံးမယ်ထင်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ခေတ်တွေမှာတော့ တိုင်းရင်းသားနယ်မြေတွေက အရင်းအမြစ်တွေကို ထုတ်ယူနေပီး တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာကွဲတွေအပေါ် မသိမသာနဲ့ သိသိသာသာခွဲခြားနှိမ်ချပုံတွေက လူမျိုးစုတွေကြားမှာ ကြာလေ ညှိနှိုင်းရခက်လေဆိုတဲ့ အနေအထားမျိုး ရောက်လာနိုင်ပါတယ်။ တန်းတူညီမျှမှုမရှိဘဲ ငြိမ်းချမ်းညီညွတ်ရေးဆိုတာလည်း ပေါ်မလာနိုင်ဘူးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေအရေး စိတ်မအေးနိုင်သူတွေ အလေးအနက်ထားစဉ်းစားရမှာပါ။

ပါစကယ်နဲ့ ဇိုရာရဲ့စာအုပ်မှာပါတဲ့ မြန်မာတွေအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ရေးသားထားမှုတွေကိုလည်း
မြန်မာပညာတတ်ပိုင်းက မနှစ်ခြိုက်တဲ့အပြင် ဒါတွေဟာ အနောက်တိုင်းမှာ ဈေးကွက်ဝင်အောင်ချဲ့ကားရေးတာတွေလို့ ဝေဖန်လေ့ရှိပါတယ်။ ဒါကြောင့် အဂတိတရားရှင်းရှင်း အမြင်ကြည်ကြည်နဲ့ရေးတဲ့ မြန်မာသမိုင်းမှတ်တမ်းတွေ ပေါ်လာဖို့လိုသလို နိုင်ငံရေးနဲ့ တိုင်းပြည်တာဝန်ကြီးကြီးထမ်းခဲ့သူတွေရဲ့ အမြင်တွေကို အများပြည်သူသိအောင် ပြန်ဆိုဖော်ပြသင့်တယ်လို့ ယူဆပါတယ်။ ဒေါက်တာဘမော်ရဲ့ Breakthrough in Burma စစ်တွင်းတော်လှန်ရေးမှတ်တမ်းကို မြန်မာလိုပြန်ဆိုထုတ်ဝေတော့မယ်လို့ သိရသလို ပထမဆုံးစစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ ကိုယ်ရေးမှတ်တမ်း Memoirs of the Four-Foot Colonel အရပ်လေးပေရှည် ဗိုလ်မှူးကြီးစာအုပ်ကိုလည်း မြန်မာ-ကရင်ဆက်ဆံရေးနဲ့ သိနားလည်ရေးအတွက် ဆာစံစီပိုးစာအုပ်နဲ့အတူ ထုတ်ဝေသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။



One Response to “Burma mapped? 34”

  1. it is worth mentioning this book by a Shan Exile, a son of the first president of Burma. here it is

    http://www.selectbooks.com.sg/getTitle.aspx?SBNum=049295


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: