သမိုင်းဗျူရို ၃၅

10Nov11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား

မြန်မာရာဇဝင်စာအုပ်တွေရဲ့ စာဖတ်ပရိသတ်လူထုအပေါ် သြဇာကြီးပုံနဲ့ပတ်သက်လို့ တင်ဆက်လာရာမှာ အခုတပတ်မှာတော့ မြန်မာသမိုင်းကော်မရှင်ထုတ် စာအုပ်တွေအကြောင်း တင်ဆက်လိုပါတယ်။ ၁၉၆၀ ၇၀ ၈၀ ကျော်တွေကနေ အခုချိန်ထိ သမိုင်းကော်မရှင်က စာအုပ်စာတမ်းအချို့ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခဲ့ရာမှာ လူဖတ်များ စိတ်ဝင်စားခံရတဲ့စာအုပ်တွေရှိသလို သုတေသီနဲ့ တက္ကသိုလ်လက်သုံးပဲဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ ဒီထဲက ထင်ရှားတဲ့တချို့ကို ကောက်နုတ်ပြရရင် ဒေါ်ကြန်ရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅)၊ ပဒေသရာဇ်မြန်မာနိုင်ငံဇာတ်သိမ်း၊ နောက် အဖွဲ့နဲ့ရေးတဲ့ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ (၁၉၆၂-၁၉၇၄) ၊ မြဟန်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ၊ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၊ ကျော်ငြိမ်းရဲ့ ရဲဘော်သုံးကျိပ်စတာတွေပါ။

၁၉၇၀ကျော် နှစ်လယ်ပိုင်းတွေကထွက်တဲ့ ဒေါက်တာရီရီရဲ့ မြန်မာနိုင်ငံအခြေအနေ (၁၇၁၄-၁၇၅၂)ဟာ ညောင်ရမ်းခေတ်ကုန် မြန်မာနိုင်ငံသမိုင်း အင်းဝ-ဟံသာဝတီဆက်ဆံရေးကို အသေးစိတ်လေ့လာပြုစုတဲ့ကျမ်းပါ။ ဒီလိုမျိုး မြန်မာမူလအထောက်အထားတွေကိုသုံးပီး အသေးစိတ် မြန်မာဘာသာနဲ့ပြုစုတဲ့ ခေတ်ဟောင်းသမိုင်းစာအုပ်က ဒါပထမလို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာမှာလည်း ပါမောက္ခလုစ်ရဲ့ Old Burma Early Pagan ၃ အုပ်တွဲကြီး ထွက်ထားတာ နှစ်ပိုင်းပဲရှိပါသေးတယ်။ ဒေါက်တာရီရီရဲ့ လေ့လာချက်ဟာ မြန်မာသမိုင်းပညာရှင် ပထမမျိုးဆက်အတွက် ဂုဏ်ယူစရာ မှတ်တိုင်စိုက်တဲ့ ခြေလှမ်းကြီးဖြစ်ပါတယ်။ အမျိုးသားစာပေဆုလည်း ရပါတယ်။ ဒိနောက် သူနဲ့တမြို့ထဲ သံတွဲက ထွက်တဲ့ ပညာရှင် ဒေါ်ကြန်ရဲ့ ရတနာပုံခေတ်နိဂုံးလေ့လာချက်စာအုပ်ကြီးတွေ ထွက်ပါတယ်။ ဒီစာအုပ် ၃ အုပ်နောက် နှစ် ၂၀ ကျော်မှ ဖေမြင့်ပိုင် စာအုပ်တိုက်ကထုတ်တဲ့ ရတနာပုံခေတ်နဲ့ မြန်မာသမိုင်းလေ့လာစရာ ဒေါ်ကြန်စာအုပ်တွေဟာ သမိုင်းအထုံပါသူ လူငယ်တွေကြား ကိုးကားစရာတွေပါပဲ။ ဒေါက်တာသန်းထွန်းနဲ့ ဒေါ်ကြန်ဟာ ၁၉၈၈ နောက်ပိုင်း မြန်မာခေတ်ဟောင်းသမိုင်းကို ပညာရှင်ပုံစံနဲ့တင်ပြသူတွေထဲက လူဖတ်အများဆုံးသူတွေပါ။

ဒေါ်နီနီမြင့်ရဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအပိုင်း (၁) (၁၈၈၅-၁၈၉၅) စာအုပ်ကတော့ အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ထုတ်ခဲ့ပေမယ့် လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းရဲ့ အရိပ်ကြောင့်လား တင်ပြပုံအာဘော်ကြောင့်လားမသိ လူသိမများလှပါဘူး။ ၁၉၈၂ လောက်ကထွက်တဲ့ မီနာမီကီကန်းအဖွဲ့အကြောင်းစာအုပ်ကတော့ မြန်မာလွတ်လပ်ရေးသမိုင်းအလှည့်အပြောင်းမှာ အရေးပါတဲ့ ဂျပန်လျှို့ဝှက်အဖွဲ့အကြောင်း ပြုစုတာဖြစ်သလို စာအုပ်ထွက်ချိန်က တံခါးပိတ်မြန်မာပြည်ရဲ့ အရင်းနှီးဆုံးပြည်ပနိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ မြန်မာကြား ဆက်ဆံရေးကိုလည်း ပြန်သတိရစရာပါ။

အရေးအခင်းနောက်မှာ ထွက်လာတဲ့ ၄၇ အခြေခံဥပဒေ၊ ပါလီမန်ခေတ်အကုန် မဆလခေတ်အကူး မြန်မာနိုင်ငံရေးသမိုင်းကို လေ့လာတဲ့ သမိုင်းစာအုပ်တွဲတွေဟာ တချိန်ထဲလိုလို စစ်သမိုင်းသုတေသနကထွက်လာတဲ့ တပ်မတော်သမိုင်းတွေနဲ့အတူ အာဏာရစစ်အစိုးရက မြင်စေချင်တဲ့ စစ်ပီး မြန်မာနိုင်ငံရေးဖရိုဖရဲဖြစ်ခဲ့မှုနဲ့ တိုင်းရင်းသားအရေးရှုပ်ထွေးမှုတွေကို စာဖတ်သူတွေခေါင်းထဲ စွဲဝင်သွားစေတဲ့ စာအုပ်တွေပါ။ သမိုင်းအချက်အလက်မှန်တွေကို အားပြုရေးရတာမို့ စစ်တပ်လွှမ်းမိုးတဲ့ နိုင်ငံရေးရဲ့ ချုပ်ချယ်မှုတွေနဲ့ စီးပွားရေးကျဆုံးမှုတွေကိုလည်း ငြင်းမရအောင် ဖော်ပြထားပါတယ်။ ၁၉၄၈-၅၈ ပါလီမန်ခေတ်နိုင်ငံရေး ပြည်တွင်းစစ်နဲ့ စစ်အေးခေတ်သမိုင်းကို သမိုင်းကော်မရှင်က ဆက်ပြုစုနေတာ မြန်မြန်ထွက်စေချင်ပါတယ်။ ဒီခေတ်အပိုင်းက လက်ရှိမြန်မာပြည်ကို သြဇာအလွှမ်းဆုံး စစ်တပ်နိုင်ငံရေးနဲ့ လူမျိုးစုပြဿနာတွေ ပေါ်ထွက်ခဲ့တဲ့ကာလမို့ပါ။

မြန်မာသမိုင်းသုတေသနစာစောင်တွေ၊ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ရန်ကုန်မှာလုပ်တဲ့ နိုင်ငံတကာပညာရှင်ကွန်ဖရင့်တွေမှာ ဖတ်ကြားတဲ့ စာတမ်းစာအုပ်တွေဟာ မြန်မာစာဖတ်ပရိသတ်တွေအသိနည်းပေမယ့် အသိသစ်တွေ အများကြီးပါတဲ့စာစဉ်တွေဖြစ်တယ်လို့ ပြောလိုပါတယ်။ ၂၀၀၆ သမိုင်းကော်မရှင်ရွှေရတုမှာလည်း ထွန်းဖောင်ဒေးရှင်းအကူအညီနဲ့ ပညာရှင်များရဲ့ လက်ရွေးစင်စာတမ်းတွေ စာအုပ်တွေ အများအစားထုတ်ခဲ့ပါတယ်။ ဒီထဲက ဝက်မစွတ်ဝန်ထောက်နေ့စဉ်မှတ်တမ်းကတော့ ဦးဆောင်တည်းဖြတ်သူ ဒေါက်တာသန်းထွန်းနဲ့ ဒေါ်အုန်းကြည်တို့ရဲ့ ပြောင်မြောက်တဲ့ အားထုတ်မှုကြီးတရပ်ပါ။ ဝန်ထောက်ကြီးထားခဲ့တဲ့ ဗလာစာအုပ်နဲ့ မှတ်တမ်းတွေကို စိတ်ရှည်ရှည်ပြန်ဖတ်ကူးရေးရတာပါ။ ဒီလိုအဖိုးတန်မှတ်တမ်းမျိုး ပြန်ထုတ်နိုင်တဲ့အတွက် ကိုလိုနီခေတ်ဦး မန္တလေးနဲ့ အထက်မြန်မာပြည်သမိုင်းလေ့လာရေးအတွက် အင်မတန်အားကိုးရတာမို့ လူထုရှေ့ ထွက်မလာသေးတဲ့ တခြားပုဂ္ဂိုလ်ကျော်များရဲ့ ကိုယ်ရေးမှတ်တမ်း ပေးစာတွေကို စုစည်းထုတ်ဝေတဲ့အလေ့ မြန်မာပြည်မှာ ထွန်းကားသင့်ပီထင်ပါတယ်။ အရင်က ဒီလိုဒိုင်ယာရီတွေကို စာအုပ်ထုတ်ခဲ့တာက ဂျာနယ်ကျော်ဦးချစ်မောင် သိပ္ပံမောင်ဝတို့ရဲ့ စစ်တွင်းမှတ်တမ်းတွေ၊ ဦးခြိမ့်ရဲ့ အီတာလျံ စပိန် ပူတကေသွားမှတ်တမ်း ဒါလောက်ပဲ ရှိခဲ့ပါတယ်။ စစ်အစိုးရခေတ်တွေမှာတော့ နာမည်ကြီးပုဂ္ဂိုလ်တွေအတွက် ဒိုင်ယာရီထားရတာ အင်မတန်ခက်တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ပုဂ္ဂိုလ်တွေအချင်းချင်း စာပေးစာယူတွေကို တည်းဖြတ်ထုတ်နိုင်ရင်ပဲ မြန်မာသမိုင်းမှာ ဟာကွက်တွေကို ဖြည့်လာနိုင်မှာပါ။

ခုနောက်ပိုင်းမှာ ထွန်းဖောင်ဒေးရှင်းဆုရ သမိုင်းစာအုပ်တွေကျမ်းတွေ သက်သက်ထွက်လာတာလည်း ဝမ်းသာစရာတွေ့ရပါတယ်။ ဖောင်ဒေးရှင်းက လူထုအတွက်ရည်ညွှန်းစာကြည့်တိုက်ကြီးဖွင့်ထားပီလို့လည်းသိရပါတယ်။ မြန်မာပြည်နဲ့ ပြင်ပမှာ သမိုင်းလေ့လာလိုက်စားသူများအတွက် မှီငြမ်းကိုးကားစရာ စာအုပ်တိုက် စာစောင်တွေ ဝက်ဆိုက်တွေ ပွားများထွန်းကားလာမယ်လို့ ပရိသတ်ရဲ့ နိုင်ငံရေးရေချိန်အရ ခန့်မှန်းရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။



One Response to “သမိုင်းဗျူရို ၃၅”

  1. 1 BINO

    I had read all of your blog items relating in History of Burma.
    Thanks for sharing.
    BINO


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: