My Burma 2

24Nov11

သောတရှင်များခင်ဗျား အရင်ပတ်က စခဲ့တဲ့ တိုင်းရင်းသားနဲ့ နိုင်ငံအရေးကိစ္စကို ဆက်ပြောပါ့မယ်။ မြန်မာမင်းနိုင်ငံက လက်ရှိမြန်မာပြည်ထောင်စုရဲ့အမြုတေဆိုတော့ အဲဒိဘုရင်နိုင်ငံကရော အခုခေတ် နိုင်ငံစံနှုန်းတွေနဲ့ကြည့်ရင် ဘာကွာခြားပါလဲ။ တည်ငြိမ်တဲ့ နယ်နိမိတ်နဲ့ ပြည်သူ အခွန်ကောက်ခံပုံ စာသင်ကျောင်းသင်ရိုး စတဲ့ တပြေးညီအုပ်ချုပ်ရေးစနစ်တွေ ရှိပီလားဆိုရင် မရှိသေးဘူးပြောရပါမယ်။

ဒုတိယနောက်ဆုံးဘုရင် မင်းတုန်းမင်းခေတ်ကစတဲ့ အခွန်ကောက်ခံပုံစနစ်သစ်က အရင် မြို့စားရွာစားစနစ်ကိုပျက်ပြားစေပီး အခြေမခိုင်သေးတာမို့ အခွန်လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် မအောင်မြင်ဘူးလို့ ပြောရပါမယ်။ တနည်း မြန်မာမင်းနိုင်ငံသားတွေဟာ အစိုးရနဲ့ အမြဲတိုက်ရိုက်ထိတွေ့လိုတဲ့ဆန္ဒမရှိဘူး၊ မြို့ရွာအကြီးအကဲထက်ပိုပီး သူတို့စိတ်ထဲမှာ မြင်မထားနိုင်သေးဘူးလို့ ဆိုပရစေ။ ဒီတော့ ဗဟိုအစိုးရခိုင်ခိုင်မာမာမရှိသေးချိန်ပါ။

နယ်စပ်က ပဒေသရာဇ်နဲ့ ပြည်သူတွေဟာလည်း နီးရာ အင်အားကြီးတဲ့ ပဒေသရာဇ်ကြီးတွေကိုအခွန်ဆက်နေရတာမို့ ၂ ဖက်အခွန်ဆက်ရတဲ့စော်ဘွားနယ်တွေ တရုတ် မြန်မာ ထိုင်း နယ်စပ်တွေမှာ အများကြီးပါ။ သီပေါမင်းခေတ်မှာဆိုရင် မိုးခေါင်တဲ့အငတ်ဘေးကြောင့် ခိုးသားဓမြထူတဲ့အတွက် အစိုးရအာဏာစက်ဟာ မန္တလေးမြို့ရိုးအပြင်မှာ မြစ်ကြောင်းတလျှောက် မီးသင်္ဘောခုတ်နိုင်သလောက်ပဲ ရှိပါတယ်။ ကျန်တာက မြို့ဝန်တွေ ထိန်းထားနိုင်တဲ့ အာဏာစွမ်းလောက် ရှိပါတယ်။ ရှမ်းပဒေသရာဇ်တွေဟာလည်း အရိုက်အရာဆက်ခံရေးအရှုပ်အထွေးတွေကြောင့် ဗမာဘုရင်ကို ထောင်ထားခြားနားနေကြတာပါ။

တကယ်က ဗမာမင်းနဲ့ တောင်တန်းသားတွေအကြားမှာ တနှစ်တခါ အခွန်ပဏ္ဏာအဖြစ် ရွှေပန်းခိုင် ငွေပန်းခိုင် ကြံ့ချို သစ်ခွပန်း အင်တွဲပွဲညက် ဆိုတာတွေ ဆက်သရတာလောက်ပဲ အထိအစပ်ရှိပါတယ်။ ကျန်တာတော့ နေပြည်တော်မှာ ဓားစာခံသဘောမျိုး သူတို့သားမြေးတွေကို လွှတ်ထားရတာနဲ့ သမီးကညာဆက်တာ၊ စစ်သားလိုရင် စုပေးရတာလောက်ပါပဲ။ အင်္ဂလိပ်ခေတ်မှာပေါ်တဲ့ ခွဲခြားအုပ်ချုပ်ရေးဆိုတာ ဗမာဘုရင်ခေတ်ကလည်း သိပ်မထူးပါဘူး။ အဓိကက အုပ်ချုပ်ရေးစရိတ်အရ ဘယ်လိုမှမကိုက်လို့ပါပဲ။

နောက် တောင်ပေါ်သားတွေဟာ စရိုက်အရ အအုပ်စိုးမခံလိုတဲ့သဘောရှိလို့ လှည့်ပြောင်းကျက်စားတဲ့ ဘဝဓလေ့လည်းရှိပါတယ်။ ဒီသဘောတရားကို မကြာခင်က ယေးလ်တက္ကသိုလ်က ပါမောက္ခဂျိမ်းစ်စကော့ရေးသားတဲ့ The Art of Being Not Governed အနိုင်မခံခြင်းဆိုတဲ့ စာအုပ်မှာ အသေးစိတ်ဖော်ပြထားပါတယ်။ ဦးရွှေရိုးလို့လည်း လူသိတဲ့ ပါမောက္ခစကော့က အရှေ့တောင်အာရှကုန်းမြေပိုင်းနိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယတို့မှာ နေထိုင်ကြတဲ့ တောင်တန်းဒေသကြီးက သန်းနဲ့ချီတဲ့လူမျိုးစုတွေဟာ မြေပြန့်က လာရောက်တိုက်ခိုက်အုပ်စိုးသူတွေကို ရှောင်တဲ့အနေနဲ့ အထက်တက်ပြေးသူတွေ၊ အောက်ကနေ အပေါ်ပြေးလာသူတွေစုပီး လူမျိုးတွေစုံလာတာဖြစ်တယ်၊ သူတို့ဟာ ကိုလိုနီအုပ်စိုးသူတွေသာမက ခုချိန်ထိ ခေတ်ပေါ်အစိုးရနိုင်ငံတွေကို သူတို့တတ်နိုင်သလောက် ဆန့်ကျင်တွန်းလှန်နေဆဲပဲလို့ သုံးသပ်ပြထားတဲ့အတွက် ဒီစာအုပ်ဟာ နိုင်ငံရေးသိပ္ပံလေ့လာရေးနယ်မှာ အထူးထင်ရှားနေပါတယ်။ ဆရာစကော့က တရုတ်ပြည်က နာမည်ကျော် မဟာတံတိုင်းကြီးကိုတောင် အခွန်ရှောင်ချင်လို့ ထွက်ပြေးတဲ့ တရုတ်လယ်သမားတွေကို တားဆီးတဲ့အနေနဲ့ဆောက်တာလို့ အစဉ်အလာအရ လက်ခံထားတဲ့ လူရိုင်းတွေရန်က ကာကွယ်ဖို့ ဆောက်ထားတာဆိုတဲ့အမြင်ကို မေးခွန်းထုတ်ပါတယ်။

ဒီလိုဆို ကျနော်တို့ဆီက အနော်ရထာစောတည်ခဲ့တဲ့ ထောင်ပြု ရာပြု ဆယ်ပြုဆိုတဲ့ ရှမ်းပြည်စပ်က ခံမြို့တွေကရော ရှမ်းယွန်းတို့မရောစိမ့်သောငှာဆိုတဲ့ ရာဇဝင်ကြီးတွေလာ စကားအတိုင်းဆောက်တာ ဟုတ်ရဲ့လား၊ မြေပြန့်က ဗမာနဲ့ စကြော မွန်စတဲ့တိုင်းရင်းသားတွေ ထွက်မပြေးအောင် ဆောက်တာလားလို့ စဉ်းစားစရာရှိလာပါတယ်။

တကယ်က ပဒေသရာဇ်တွေရဲ့ နယ်ချဲ့စစ်တွေဟာ ပြည်တွင်းဝမ်းစာဖူလုံရေးအတွက် လယ်စိုက်ဖို့လိုတဲ့လူကို ဖြည့်တင်းတဲ့အနေနဲ့ ပြည်နီးဝန်းကျင်က လူတွေကို လိုက်ဖမ်းသိမ်းသွင်း ခေါ်လာတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်း ကျောက်ဆည် ရွှေဘိုစတဲ့
ရေသွင်းစိုက်နယ်တွေမှာ အစဉ်အဆက် နေခဲ့ကြသူတွေထဲမှာ ညောင်ရမ်းခေတ်က စစ်ရှုံးတဲ့ ပေါ်တူဂီဘုရင်ဂျီတွေ၊ ကုန်းဘောင်ခေတ်မှာ စစ်ပွဲကသိမ်းလာတဲ့ ယိုးဒယား လောခေါ်တဲ့ လင်းဇင်း ဇင်းမယ်သားအဆက်အနွယ်တွေအများကြီးရှိပါတယ်။

အလားတူပဲ တောင်ပေါ်သားတွေက မြေပြန့်သားတွေကို ကျွန်ပြုဘို့ ဖမ်းခေါ်သွားတာ ရောင်းစားတာတွေလည်း အင်္ဂလိပ်ခေတ် ၂၀ ရာစုဦးအထိ ရှိနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ရင်းက သူတို့ကို လာတိုက်မယ့် မြေပြန့်က မြို့ရွာတွေကို ပျက်စီးအောင်လုပ်ဖို့၊ ပီးတော့ သူတို့အတွက်လိုတဲ့ ကျွန်ဦးရေရဘို့ပဲဖြစ်ပါတယ်။ ယောနဲ့ ချင်းတောင်အစပ်၊ ကရင်နီနယ်နဲ့ နီးတဲ့မြေပြန့်တွေမှာ လူဖမ်းတဲ့ပုံပြင်တွေ ရှေးစကားမှတ်တမ်းတွေ ပေါပါတယ်။

ရှေ့တပတ်ဆက်ပါမယ်။



No Responses Yet to “My Burma 2”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: