လွမ်းမပြေ မန်းမြေသို့

29Nov11

ဒေါ်အမာရေ

မာရဲ့နော်။ ဘာလိုလိုနဲ့ ခဗျားလဲ တနှစ်ကြီးသွားပြန်ပေါ့။ အသက်သာကြီးလာတာ ခဗျားက အိုမသွားဘူး၊ ဘယ်အိုမလဲဗျ သေပီကိုး ဟဲဟဲ။

ခေတ်ကာလက သေသူကို ရှင်သူတရတဲ့ခေတ်ကြီးဆိုတော့ သေသွားတာ ကောင်းပါတယ်ဒေါ်အမာရယ်။ အကောင်းတရခြင်းမှမဟုတ်ပဲ။ ရှင်ကျန်နေရတာ ကံဆိုးခြင်းတမျိုးပါပဲ။ တိုင်းပြည်အခြေအနေက သောင်မတင်ရေမကျက တဆင့်တက်ပီး ဘယ်သောင်တင်လို့ ဘယ်ကမ်းဆိုက်ပါလိမ့်ဆိုတဲ့လမ်းကြောင်းကြီးမှာ ရွေ့နေတာကိုး။ ထီလက်မှတ်ပါတဲ့ ထမ်းပိုးလွှတ်ပစ်ပီး ‘ပေါက်’သွားတဲ့ ရေထမ်းသမားလိုပါပဲ ၊ တချို့သော နိုင်ငံရေးပုဂ္ဂိုလ်များဟာ သံပတ်ကုန် ဘက်ထရီခမ်းကုန်လားမသိပါဘူး၊ အရေးကြီးဆုံးစခန်းရောက်ပါမှ လက်တွဲဖြုတ်တဲ့အချိုးတွေ ချိုးပြ တာဝန်မဲ့စကားတွေပြောကြတာကတော့ အံ့ပဗျာ။ အံ့လဲမအံ့ပါဘူး၊ ဒီလူများသတ္တိဗျတ္တိကို တိုင်းပြည်က ပီးခဲ့တဲ့အနှစ် ၂၀ ကျော်တွင်းမှာ ကောင်းကောင်းသိခဲ့ပီးသားပဲ။ ပွဲကျမယ့်အလုံးလေးတွေပြော၊ ပီးတော့လဲပီးရောဆိုသလို မေ့ထားနိုင်သူတွေ၊ ဒီစကားမျိုး သူတို့မပြောခဲ့ မပြခဲ့ပါဘူးဆိုတဲ့ ကြောင်ကွက်လေးတွေက ရှုပ်ချည်နှပ်ချည်တော့ နိုင်သားဗျာ။ အလိုတူအလိုပါ မီဒီယာဆိုတာတွေနဲ့အတူ လူပါးလဲ ဝကြပါပေရဲ့။ တကယ့်သာပြောင်းတွေပါပဲ။ ဘယ်သူတွေ ဘယ်ကွေ့မှာ ဘယ်လိုပဲ သွေးကျဲပါစေ ပြည်သူတွေကတော့ မင်းလောင်းတမျှော်မျှော်နဲ့ တောင့်ခံကြရအုံးမှာပေါ့။ သူတို့လဲ ဒါပဲတတ်နိုင်တော့တာကလား။

မင်းလောင်းမျှော်ဆို ကျုပ်တို့တိုင်းပြည်ကြီးမှာ ပဒေသရာဇ်စော်နံတဲ့ ဟန်ပန်လေလံတွေက ဟာ ..ခုတလော တယ်ပွနေပါလား။ ဘယ်သူ့သားသမီးမို့ ဘာတွေအနစ်နာခံခဲ့လို့ နိုင်ငံရေးဦးဆောင်နိုင်ခွင့်ရှိတယ်တို့ မဝေဘန်ရဘူးတို့ ပြောလားပြောကြရဲ့။ သဟာဖြင့် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီနဲ့ မဆိုင်ဘူးထင်ပ။ နောက်ပီး ဖောင်လောက်အောင်ပြောတာက ဒီမိုကရေစီစကား၊ ပီးတော့ လူတွေကပဲ သူတို့လုပ်သမျှ စောင့်ပီးကြည့်ရ လိုက်လုပ်ရအုံးမယ့်ပုံလို ခက်တာပါပဲ။ မြှောက်ခံရတာများပီး မြောက်ကားကားကုန်တာထင်ပါရဲ့။ ဒီမယ်လေ ဒေါ်အမာ၊ ခေါင်းဆောင်ကြီးလမ်းညွှန်သမျှ နာခံရတာ တိတ်စေစမြှောင် အဓိပတိမော်ခေတ်ကနေ ဘဝရှင်ကိုရွှေနု၊ ဗိုလ်ချုပ်ကြီးနဲ့ သူ့လူအဆက်ဆက် ပြည်သူတွေ နားရွက်မှ လှုပ်နိုင်ခဲ့ကြပဲဟာ။ တော်ပါပီ။ နောက်ထပ် သူရဲကောင်းတွေ ဘုရားလောင်းတွေ မလိုတော့ပါဘူး။ လူတွေမှာ နိုင်ငံရေးအသိချို့တဲ့ပီး လူစွဲကိုးကွယ်မှုပဲကျန်တာကို အခွင့်ကောင်းယူပီး လူဘုန်းကြီးလုပ်ချင်သူတွေကတော့ ပျော်ပျော်ကြီးလုပ်ကြပေမပေါ့။ အဲဒိကိုးကွယ်မှုဒဏ်တွေကို ခဗျားလဲ သိသားပဲ။ ကာယကံရှင်တွေမှာ နေရင်းထိုင်ရင်း နတ်ရုပ်ဖြစ်ပီး သြဝါဒပဲချွေနေရတာ။ အလုပ်ပျက်တယ်။ ကျုပ်တို့လိုနေတာက ပုံမှန်လူလိုတွေးခေါ်ဆောင်ရွက်မယ့် နိုင်ငံရေးသမားတွေပဲ။ ဇာတ်သမား ဘောက်သမားလေတွေတော့ ငြီးပါပီပဲ။ ခေါင်းမပါသူများ ရောင်တော်ပြန်နဲ့ရောကြိတ်ချင်သူများသာ ရောယောင်လိုက်ပါလိမ့်မယ်။

မီဒီယာဆိုတာတွေမှာ ဒီမိုကရေစီသံမြည်နေကြပုံများ ဇာဂနာ လျှပ်စစ်ပြက်လုံးလိုပဲ ကိုင်ဖတ်ရင် လူပါမြောက်ပါသွားမယ် မှတ်ရတာပါပဲ။ တကယ်ကတော့ ဇာတ်ခုံနောက်မှာ လည်ပင်း ဓားနဲ့ကြိတ်လှီးနေတာ မမြင်ယောင် ဆောင်နေကြတာကလား။ လူအများစုကတော့ ခုခေတ် ဒီမိုကရေစီဆိုတာ သူတို့မိုချင်တဲ့သူသာ မိုတာ ၊ မင်းသမီးရည်းစားထဲမှာ နင်မပါဘူး ကိုကုလားရဲ့ဆိုတာမျိုး ဟန့်ခံရမှာ လန့်နေကြတာပါ။ အေးလေ ဗမာပြည် ဒီမိုကရေစီရဘို့က ဗမာ့ကိစ္စပဲ ဘယ်သူနဲ့မှမဆိုင်ပါဘူး။ ကိုယ့်လူတွေသာ ဘုမသိ ဘမသိမျှော်ခဲ့ကြတာ။

မတွေ့တာ ကြာပီမို့ နိုင်ငံရးတွေပဲ လှိမ့်ရေးနေတာ စိတ်တော့မဆိုးလောက်ဘူးထင်ပါရဲ့။ နိုင်ငံရေးမပါပဲ စကားပြောလို့မရဘူးလား ဆိုရမှာလဲ ကျုပ်တို့အလေ့က တိုင်းရေးပြည်ရေးနဲ့ စာကြောင်းပေကြောင်း ယဉ်ကျေးသမှုအကြောင်းမှ ပြောချင်တာပဲ။ စာပေဆို အခုဗမာပြည်မှာ ဗမာစာကို ဗမာစာနဲ့တူအောင် မရေးတတ်ကြတော့ဘူးတဲ့။ ဟိုနေ့က ဂျာနယ်တစောင်မှာ ဆွေးနွေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။ မရေးတတ်ဆို ရန်ကုန်မှာ ဗမာလို ပြောမှမပြောတတ်ပဲလား။ ဗမာစကားကို ဗမာသံထွက်အောင် ပီပီမြည်မြည်ပြောမှ ဗမာစာကို ဌာန်ကရိုဏ်းကျအောင် ရေးတတ်တာပါ။ စာတော့တတ်ရမယ်ပေါ့လေ။ စာတတ်ဆို တတ်အောင်သင်ရမယ့်ဆရာတွေကိုယ်နှိုက်ကကော ဘယ်လောက်များတတ်ကြသေးလဲမသိ။ ခေတ်တွေ လူတွေ ပြောင်းပုံများတော့ ဒေါ်အမာရယ် တရားရပီးရင်း ရရင်းပါပဲ။ နောက်ဆုံးတော့ ဘာကိုမှ အလွယ်လက်မခံ ကြာကြာမယုံတာ အကောင်းဆုံးဆိုတဲ့ မူကိုလက်ကိုင်သုံးနေမိတော့တာပဲ။

ဒါနဲ့ ဒေါ်အမာတို့မိတ်ဆွေ ဆရာဇေယျဦးယောကြီးကို တွေ့ရင် နှုတ်ဆက်ပေးစမ်းပါ။ သူရေးတဲ့ ကလောင်သွားနဲ့ မုန့်ဟင်းခါးလေးကို သတိရလွန်းလို့ပါ။ စာရေးဆရာဟာ စိတ်ကူးသမားပါ ဒါပေမဲ့ ကူးတဲ့စိတ်ကူးက လူမျိုးရေး ဘာသာရေး အရောင်ဆိုး သွေးထိုးတာမျိုးက မလုပ်ကောင်းတဲ့အရာပါ။ ပတ်ဘလစ်မှာပေါ်ပျူလာလုပ်ချင်တာနဲ့ ဒီကိစ္စတွေ ခုတုံးလုပ် သွေးထိုးတာဟာ စာသမားတယောက်အဖို့ အင်မတန်ရှက်စရာကောင်းတဲ့အလုပ်ပါ။ အသိတရားစောင့်စည်းမှုမရှိတဲ့သူမျိုးကတော့ ဘာမှရှက်ရရွံ့ရမယ်မှန်း သိမယ်မထင်ဘူး။ ဒီလိုစာဆိုးတွေဖတ်ပီး ယောင်ယောင်မှားမှားဖြစ်နေတဲ့ အမျိုးသားရေးသွေးကြွတွေကို ကြည့်ပီး အာဏာရှင်ကတော့ ဝမ်းသာနေမှာပဲ။ မျက်လှည့်ပါးရိုက်လုပ်လို့ကောင်းမယ့် ကျွန်လက်သစ်လေးတွေဆိုပီး။

တခြားတော့ ထူးတထွေမရှိပါဘူး။ ဒီမိုကရေစီခေတ်မှာ ဦးလှထောင်စာအုပ်တွေ ပြန်ထွက်လာတယ်။ ဒေါ်အမာ ဝမ်းသာပေရော့ပဲ။ ပြန်ထွက်ရုံတင်မက ထောင်မဂ္ဂဇင်းဆိုတာမှာပါ ထည့်နေသေး၊ ထောင်ကျတဲ့နိုင်ငံရေးသမားတွေလဲ မလွတ်သေး၊ အာစီယံဥက္ကဋ္ဌတော့ ဖြစ်သွားပါပီ။ အမေရိကန်မကြီးလဲ ဒီမိုဘုရားလာဖူးရင်း မန်းအခေါ် ရွှေဘေ (ချ) အုံးမယ်။ ကောင်းကြပါတယ် ဒေါ်အမာ အားလုံးကောင်းကြတာပါပဲ။ နင်ပလီရင်တော့ ခံရမှာမလွဲဆိုတဲ့ ငိုချင်းလေးကိုသာ သတိရပါရဲ့။

ဗမာမှု ဗမာဓလ့လေ့လာရေးတွေ သူများတိုင်းပြည်တွေမှာ လုပ်နိုင်ကိုင်နိုင်နေတာလဲ မုဒိတာပွားမိပါတယ်။ ကိုယ့်ဆီမှာ ဘာမှဖြစ်ဖြစ်ထွန်းထွန်းမထွက်လာတော့ပဲ ရှိပီးသားလေးတွေတောင် ဆုတ်ယုတ်လာတာလဲ တွေးမိတိုင်း မချိပါဘူး။ မှတ်မှတ်သားသားတင်ကျန်ခဲ့အောင် မြို့တွေ နယ်တွေမှာ ပြတိုက်ဆိုတာလေးတွေ ထူထောင်ကြပါ၊ ပြတိုက်ကို စာကြည့်တိုက်နဲ့ တွဲဖွင့်လို့ရပါတယ်။ ပြတိုက်မှာ ပြရုံအပြင် ပြောတာဟောတာတွေလဲ ဆောင်ရွက်ပေးကြပါ၊ မြို့က ဟောနေကျတွေ ခေါ်ဟောတာအပြင် နယ်က ရွက်ပုန်းသီး ပညာရှိတွေ စာသမားလူငယ်တွေ အလေ့အကျင့်လုပ်ပီး လူရှေ့ထွက်ပြောတာလေးမျိုးလဲ တွဲတင်ပေးကြပါလို့ ဆောင်းပါးတပုဒ်လာက်ရေးပါ ဒေါ်အမာရယ်။ ဒေါ်ကလျာစာမူရရင် သိပ်ပျော်ရှာမှာပဲ။ တလက်စထဲ ဒေါ်ခင်စု (ခင်နှင်းယု)၊ ဆရာသန်းထွန်းတို့ဆီကပါ တောင်းပေးပါအုံး။ ခုခေတ်စာအုပ်တွေမှာ လူကြီးကလောင်တွေ တဖြုတ်ဖြုတ်ကြွေပီး လူပေါတွေပဲ များလာတာကြောင့်ပါ။

ဒေါ်အမာရေ ဒါပဲနော် သေနေ့အလွန် မွေးနေ့ကို နှုတ်ဆက်တာပါပဲ။ ကံကြုံရင် ပြန်ဆုံပီး သတင်းစာထုတ်ကြသေးတာပေါ့။

မာပါစေ မာ၏

ဘိုဘိုလန်းစင် (ဟေ့ မင်းနာမည်ကြီး ငါမကြိုက်ဘူးလို့ ပြောလှည့်အုံးလေ)



6 Responses to “လွမ်းမပြေ မန်းမြေသို့”

  1. ကောင်းဗျာ…ကောင်းချက်တော့…(အလွယ်လက်မခံ..ကြာကြာမယုံတာ အကောင်းဆုံး) ဆိုတာက အကောင်းဆုံးပါ။
    မျိုးမြငိ့

  2. 3 မျိုးမြတ်သူ

    ကျွန်တော်ထင်တယ်လေ…လူပေါတွေပဲ များလာတယ် ဆိုတာ ကျွန်တော့်ကို စောင်းပြောနေတာလားလို့။
    ဘယ်လိုပြောရမလဲဆိုတော့…. လူပေါဆိုရင် မြတ်ခိုင်တို့ မောင်ကိုကိုတို့ ကိုပါ ပြောသလိုဖြစ်နေမယ်ထင်တယ်လေ။

  3. ကောင်းတယ်…(ရှင်ဂွမ်းဂွိ)

  4. 6 စာဖတ်သူ

    ပြည်တွင်းက စာရေးဆရာတွေ နယ်လှည့်စာပေဟောပြောပွဲတွေနဲ့ ခေတ်ကိုကိုယ်ရောစိတ်ပါနှစ်ပြီး ထမ်းနေကြတာ၊ ဒီစာရေးဆရာက အဲသည်လောက်လုပ်နေရင် အခုစာဝင်ရေးဖြစ်မှာမဟုတ်ဘူး။
    ဒီစာရေးဆရာက ခေတ်ကို ဘယ်နှစ်လက်မရွေ့ အောင် ရွှေ့ ပေးမလဲ၊ နိုင်ငံရေးခေါင်းဆောင်ကတော့ ခေတ်ကိုရွှေ့ ဖို့ ဒီစာရေးဆရာထက်ပိုပြီး လက်တွေ့ ကျအောင်လုပ်နေတယ်။
    ဒီစာရေးဆရာက နိုင်ငံရေးခေါင်းဆောင်ကို ခနဲ့ သလို ရွဲ့ သလို လုပ်ပေမယ့် နိုင်ငံရေးသမားက မခနဲ့ ဘူး၊ မရွဲ့ ဘူး သူ့ အလုပ်သူလုပ်နေတယ်။
    စာရေးဆရာက တစ်ကိုယ်တော်သမား၊ နိုင်ငံရေးခေါင်းဆောင်က အသင်းအဖွဲ့ လူစုလူဝေးနဲ့ လုပ်ရတဲ့သူ။
    စာရေးဆရာကခေတ်ကိုစာရေးပြီးထမ်းတဲ့သူ၊ နိုင်ငံရေးခေါင်းဆောင်က ခေတ်ကိုကိုယ်ရောစိတ်ပါဘ၀နှစ်ပြီးထမ်းတဲ့သူ။ ဝေဖန်တာလွယ်ပါတယ်ဗျာ၊ ကိုယ့်ကိုယ်ကိုဝေဖန်ရေးက ဝေဖန်ရေးရဲ့ ရေသောက်မြစ်ဆိုတာလည်း သတိရပါ။
    စာရေးဆရာက စာရေးတဲ့အလုပ်လုပ်၊ နိုင်ငံရေးခေါင်းဆောင်က နိုင်ငံရေးအလုပ်လုပ်လိမ့်မယ်။
    လူထုက ဘယ်သူ့ ကို ဘယ်လောက်ချစ်သလဲဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: