အာကျယ်လစ်ဇင်း

08Dec11

ဒိုင်အာခီပူးတွဲအုပ်ချုပ်ရေးကိုလက်ခံ၍ ပြုပြင်ပြောင်းလဲရေးလိုလားသော ၂၁ ဦး အုပ်စုမှာ မြန်မာပညာတတ်လူလတ်တန်းစားဓနရှင်လက်တဆုပ်ပေါ်တွင် သြဇာညောင်းလှရာ ၂၁ ဦးအသံ သူရိယမှာ ရန်ကုန်ကောလိပ်ကျောင်းထွက် ကျနော့အဘေး မှာယူဖတ်ရှုစရာဖြစ်သည်။ သူရိယကို စထွက်ကထဲက မှာယူသူ၊ ရှယ်ယာဝင်သူများတွင် မောင်ထင်၊ ဦးသန့်စသည့် ခေတ်စမ်းနှင့် လွတ်လပ်ရေးခေတ်မြန်မာပညာတတ်သတင်းသမား အရာရှိကြီးများ၏ ဖခင်များ တောမြို့လေးများက စာဝါသနာအိုး လူရည်တတ်များပါဝင်သည်။….

သူရိယမှာ ဦးဘဘေတို့ ၂ ယောက် ငွေအစိတ်ဆီ စုထည့်မတည်ကာ မိတ်ဆွေများထံမှ ၁၅ ကျပ်စီ အေးဓမြတိုက်၍ ငါးထောင်အရင်းတည်စခဲ့ရသော်လည်း တနှစ်အတွင်း ငါးသောင်းတန် လီမိတက်ထိ တိုးတက်လာခဲ့သည်။ တိုးတက်အောင်လည်း မြန်မာမျက်နှာဖုံးပွဲစားကြီးများနှင့် ပညာတတ်ဝတ်လုံများက ဖေးမခဲ့ကြသည်။ သူရိယဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌမှာ (ဆာ)ဦးသွင်ဖြစ်၍ ဥပဒေအကြံပေးမှာ ဘေပုရှိန်အဖွဲ့ခေါင်းဆောင်နှင့် နန်းရင်းဝန်ဖြစ်လာသည့် ဝတ်လုံဦးပုဖြစ်သည်။ သူရိယကို မြန်မာကြီးများဝိုင်းဝန်းကြသည်မှာ တိုင်းပြည်တွင် လူမျိုးအားဖြင့် အကြီးဆုံးဖြစ်သော်လည်း ဓနသြဇာအရ အင်္ဂလိပ် အိန္ဒိယ တရုတ်တို့အောက်ကဖြစ်သည်။ ရန်ကုန်မြို့တွင် အိန္ဒိယသားဦးရေက မြန်မာ ၂ ဆရှိသည်။ ထို့ကြောင့် တိုင်းပြည်နိုးကြားရေးအထူးလိုနေချိန်မို့ ပြောင်းလဲနေသော ဂျပန်ပြည် တရုတ်ပြည် အိန္ဒိယတို့မှ နိုင်ငံရေး ခေတ်မီရေးလှုပ်ရှားမှုများကို ခြေလှမ်းကြဲနှင့် အမီလိုက်ရန် ဗမာခါချဉ်များ သတင်းစာထုတ်ကြသည်။ …

ဒီနှစ်ထဲ စာကြွေးရေးစရာတွေ ကျန်နေတဲ့ထဲက သူရိယသတင်းစာကြီးရာပြည့်အတွက် ရေးဘို့လျာထားတဲ့ထဲကပါ။ ရုရှဝတ္ထုဟာ ဂိုလ်ဂိုလ်ရဲ့ အိင်္ကျီအိတ်ထောင်က ဆင်းသက်လာတယ်ဆိုယင် ကျနော်တို့ ဗမာစာနယ်ဇင်း စာပေတွေဟာလဲ သူရိယ မြန်မာ့အလင်းတို့သြဇာရိပ်အောက်က ဖြာထွက်လာတယ် ပြောရမှာပါပဲ။ စာ နယ် ဇင်း ဆိုတဲ့ သတင်းစာ ရုပ်စုံဂျာနယ် မဂ္ဂဇင်း ဘက်စုံမှာ အောင်မြင်ခဲ့တဲ့ သူရိယဟာ မန်းသူရိယဆိုပီး နယ်သတင်းစာသက်သက်ထွက်နိုင်တဲ့ထိကို အောင်မြင်ခဲ့တာပါ။ မြန်မာ့အလင်းလဲ ထို့တူပါပဲ။ စစ်ပီးနောက်မှာတော့ ဒီလို သုံးပန်လှစာနယ်ဇင်းအုပ်စုမျိုးမရှိတော့ပဲ သတင်းစာလိုင်းနဲ့ မဂ္ဂဇင်းလိုင်းက ကွဲထွက်သွားပါတယ်။ အဲဒိ သူရိယ မြန်မာ့အလင်းကထွက်တဲ့ စာရေးဆရာ သတင်းသမားတွေကလဲ လွတ်လပ်ရေးခေတ် ဗမာစာပေကို ဦးဆောင်ခဲ့ကြတာများပါတယ်။ ဥပမာ မဟာဆွေ ဇဝန ဦးသိမ်းမောင် ဂျာနယ်ကျော်ဦးချစ်မောင် လူထုဦးလှ ဓူဝံ (ဦးသန်းတင်) စသူတွေပါပဲ။ ခုနှစ်များမှာ ဒီပုဂ္ဂိုလ်တွေရဲ့ ရာပြည့်နှစ်တွေ အစီအရီကျင်းပနေကြတာ နက်ဖန်ဆို ဆရာဇဝနရာပြည့် ရန်ကုန်မှာလုပ်မယ်လို့ သိရတယ်။ နောက်လဆန်း ၂၀၁၂ နှစ်ဦးမှာလဲ ဂျာနယ်ကျော်ဖခင်ကြီးရာပြည့်ရှိပါတယ်။ ဒီပုဂ္ဂိုလ်များမှာ ခုထိအမှတ်ရစရာ စာပေ နိုင်ငံရေး သမိုင်းလုပ်ဆောင်ချက်တွေက မြန်မာလူအဖွဲ့အစည်းပေါ်မှာ သြဇာညောင်းနေဆဲမို့ သူတို့ကို လွယ်လွယ်နဲ့ မေ့မသွားကြတာပဲလို့ ဆိုချင်ပါတယ်။

ဆရာဇဝနခေါ် ဇဝနောစကီးကို ခုတလောသတိရမိတာက သူ့ရဲ့ အပါပြောမယ် ဦးလေးနားထောင်ပုံပြင်တွေနဲ့ ဇဝနဂျာနယ်ကစာပြောင်တွေပါပဲ။ လတ်တလောမြန်မာမီဒီယာဆိုတဲ့ သတင်းဌာနတွေမှာ စစ်တပ် မျက်နှာဖြူအလိုတော်ရိသံတွေ ဗိုလ်ချုပ်ပြောတဲ့ ဆိတ်ခလောက်သံတွေ ညံနေတဲ့အခါမျိုးမှာ စားကောင်းသောက်ကောင်းရုံထက် ကိုယ်လိုရာကို အငတ်ခံ အနှိပ်စက်ခံ အမုန်းခံတင်ပြရဲခဲ့တဲ့ စိန်သံချောင်းသတင်းသမားတွေရဲ့စိတ်ဓာတ်ကို ပြန်ဦးညွတ်မိပါတယ်။ ဇဝနရဲ့ ကြီးပွားရေးထဲက ကလေးပုံပြင်တွေဟာ ကလေးတယောက် သူ့စိတ်ကူးရှိရာတီထွင်ပြောတဲ့ နိပါတ်ဇာတ်တော်မူသစ်တွေမို့ အဲဒိခေတ်က ရှေးရိုးစွဲစာသမားတွေက ဘာသာရေးကိုထိပါးနေတယ်လို့ စောဒကတက်ကြတော့ ဦးလှအကို ညောင်လေးပင်တောရလို ရွှေကျင်ဆတော်ကြီးများတောင်မှ ဒီပုံပြင်တွေဖတ်ပီး ရီနေကြတယ်လို့ ဖြေရှင်းရပါသေးတယ်။ ဂျပန်ခေတ်လွန် အင်္ဂလိပ်ပြန်အဝင်မှာထုတ်တဲ့ ဇဝနဂျာနယ်ကတော့ မြန်မာကလောင်သမားတယောက်အတွက် လက်ကုန်ကျဲလို့အရဆုံးနောက်ဆုံးတခေတ်ဆိုယင် မမှားပါဘူး။ ဗိုလ်ချုပ်ဟောင်းအောင်ဆန်းစကားနဲ့ဆိုရင် ပြောင်မြောက်နိုင်သောဇဝနပေါ့။ စက္ကူဖြူ ဘာလုပ်ဖို့လဲ ချီးကုန်းဘို့ဆိုတဲ့ ဇဝနစာသားတွေကို ရွှေကလောင် ဆိတ်ခလောက်မီဒီယာတွေဖတ်မိယင် လန့်များဖျားကုန်ပါမယ်။ ခုခေတ်က မီဒီယာဆိုတာ အကျိုးစီးပွားတွေနဲ့ စခန်းသွားကြတာကိုး။

လူထုဒေါ်အမာပြောဘူးတာ မှတ်မိပါသေးတယ်။ လွတ်လပ်ရေးရပီးတော့ မောင်ထင် ဇဝနတို့ဟာ အရင်လို စာပြောင်တွေ မရေးနိုင်တော့ဘူးတဲ့။ မောင်ထင်ရဲ့ လွတ်လပ်ရေးနှစ်လည်ဆောင်းပါးတွေကိုဖတ်ပီး ကုံးတိုက်တဲ့ အနားပြာနိုင်ငံရေးသမားတွေရှိခဲ့တယ်ဆိုတာ ဆရာထင်ရေးဘူးပါတယ်။ ဇဝနလဲ လက်ပစ်ဗုံး စက်သေနတ်နိုင်ငံရေးခေတ်မှာ လက်သံပြောင်ဘို့ လက်မရဲနိုင်တော့ဘူးပေါ့။ နောက် ၁၉၆၁ ဆရာဇဝနရွှေရတုမှာ ငယ်ပေါင်းချစ်ဆွေဦးလှက လူထုသတင်းစာသောင်းပြောင်းထွေလာခန်းကနေ ဆရာဇဝန ဘီယာလျှော့သောက်ဖို့ ဝတ္ထုကြီးတွေရေးဘို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လဲ ပေါင်းတလည်ဗိုလ်ချုပ်ကြီးအစိုးရခေတ်မှာတော့ ပြည်ဆရာကြီးဦးသိန်းလက်စွမ်းပြဘို့က ပိုအခွင့်မသာဖြစ်သွားပီး တော်လှန်ရေးအစိုးရကို ထောက်ခံရေးရတဲ့ ကြေးမုံဆောင်းပါးရှင်ဖြစ်သွားပါတယ်။ အဲဒိစာတွေကို မကြိုက်သူများက ခေါင်းတလုံးပေါ် ဦးသိန်း (ဇဝန) အသက် ၅၅ ဆိုပီးစာကပ်ပီး ဦးပန်ချာကို အိမ်ပို့ခိုင်းတယ်လို့ တက္ကသိုလ်မြတ်သူက စာပေစာနယ်ဇင်းဘဝကြုံရသမျှဆိုတဲ့ အစိုးရထုတ် သူ့ဘဝမှတ်တမ်းစာအုပ်သစ်မှာ ရေးတာ ဖတ်ရတယ်။ မြတ်သူ ဘယ်လိုလူလဲသိကြမှာမို့ သူ့အဆိုမှန်မမှန် မပြောနိုင်ပါ။

ဇဝနရဲ့ နိုင်ငံရေးစာပြောင်တခေတ် ရွှေဝါဆန်လို ထူထောင်ရေးဝတ္ထုမျိုး ဘာလို့ရေးနိုင် ချန်ထားနိုင်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ယင် သူ စစ်မဖြစ်ခင်က ပေါင်းသင်းခဲ့တဲ့ နိုင်ငံရေးသမား စာသမားတွေအကြောင်း သိဘို့လိုပါတယ်။ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်အုန်းမြင့်၊ သခင်ဗဟိန်း၊ ကိုချစ်မောင်နဲ့ ဇဝနရဲ့ အာစရိ ရွှေရိုးဘကလေး၊ ကာတွန်းကိုဟိန်စွန်းစတဲ့သူတွေကိုပါ ထဲ့တွက်မှ နိုင်ငံရေးပိုင်တဲ့ ဟာသစာပြောင်ဆရာတယောက် ထွက်လာနိုင်တဲ့အကြောင်းတွေကို မှန်းဆနိုင်ပါမယ်။ သခင်တွေကိုပြောင်တဲ့ဝတ္ထုရေးလို့ ဇဝနကို သခင်သန်းထွန်းက စိတ်ဆိုးတာလဲ ခံရဘူးပါတယ်။ လွတ်လပ်ရေးရစ အိုးဝေသတင်းခေါင်းစဉ်မကြိုက်လို့ ငွေတထောင်ဒဏ်ရိုက်ခံရတုန်းက ညိုမြနဲ့အတူ ရန်ကုန်မြို့ပတ် အိုးစည်ဒိုးပတ်နဲ့ကပီး အလှူခံ၊ ရတဲ့ပိုက်ဆံ ပဒေသာပင်သီး ရုံးမှာ ဒဏ်ငွေသွားဆောင်၊ ပိုတဲ့ ငွေ ၃ထောင်နဲ့ အရပ်ထဲက မိဘမဲ့ကလေးတွေကို ရှင်တရာပြုပေးပီး သူတို့ပါ ပဉ္စင်းခံခဲ့ကြတာတွေကို တွေးယင်း ဇဝနော့စကီ်းလိုလူတွေ ဒီခေတ်မှာ ပိုလိုတယ်လို့ အောက်မေ့မိပါတယ်။

”… ငါတော့ စက္ကူဖြူကို လူပျက်ဦးထုပ်လုပ်ဆောင်းမယ်။ ဒါမှ အ-ဆ-သ-မ နဲ့တူမှာပေါ့ ” ဟု သာဒွန်းဦးကပြောရာ၊ အီစွတ်က ” စက္ကူဖြူဦးထုပ်ချွန်ဟာ အရူးဦးထုပ်ကွ၊ ဒါဆောင်းရင်၊ မင်း ”ဘ-လ-မ-သ ” ဖြစ်မှာပေါ့။ ဘ ဆိုတာ ဘို၊ လ ဆိုတာ .. ” ဟု စကားမဆုံးမီ၊ သာဒွန်းဦးက ” ဟေ့ တက်ဘုန်းကြီးအီစွတ် ၊ မင်းဘာလူပါးဝတာလဲဟု … ” (အဆသမဆိုးပေ၊ ဇဝနဂျာနယ်၊ အောက်တိုဘာ၊ ၁၉၄၆)