My Burma 4 Making Plural Burma

08Dec11

Radio Free Asia

သောတရှင်များခင်ဗျာ အရင်တပတ်က ပတ်ဝန်းကျင်အရှေ့တောင်အာရှမှာ အမျိုးသားနိုင်ငံသစ်တွေ စစ်ပီးခေတ်လွတ်လပ်ရေးရချိန်မှာ အလျှိုအလျှိုပေါ်လာတာကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဆိုရင် ရိုးရာကျေးလက်အုပ်ချုပ်ရေးအဆင့်ကနေ စပိန်ယဉ်ကျေးမှုနဲ့ အမေရိကန်ပုံစံ သမ္မတနိုင်ငံဖြစ်လာခဲ့ပီး ခုချိန်ထိ အမေရိကန်နဲ့ ဆက်ဆံရေးနီးကပ်ဆဲဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကကော မန်ချူးအုပ်ချုပ်ရေးပျက်တဲ့ချိန်မှာ တပြည်လုံးမှာ အစိတ်စိတ်ကွဲနေတဲ့ စစ်မင်းတွေ ဘုရင်ခံတွေက ယူနိုက်တက်စတိတ်စ်အော့ဖ်ချိုင်းနား တရုတ်ပြည်ထောင်စု ထောင်ပီး လွတ်လွတ်လပ်လပ် ဖက်ဒရယ်ပုံစံအုပ်ချုပ်ဖို့ ကြံခဲ့သေးတယ်လို့ တရုတ်သမိုင်းဆရာတယောက် ပြောသွားတာကို ကြားလိုက်ပါသေးတယ်။ နောက်ပိုင်း ချန်ကေရှိတ် ဂျာမန် ရပ်ရှားစတဲ့ နိုင်ငံကြီးတွေအကူအညီနဲ့ တိုက်ခိုက်သိမ်းသွင်းပီး သမ္မတအာဏာရှင်စနစ်ကို ထူထောင်ခဲ့တာပါ။ အိန္ဒိယကရော မဂိုအုပ်ချုပ်ရေးနောက်ပိုင်းမှာ ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာထဲက စော်ဘွားနယ်တွေ တိုက်ရိုက်အုပ်ချုပ်ရာနယ်တွေ နောက် အင်္ဂလိပ်သိမ်းယူထားတဲ့ အာသံ မဏိပူရလိုနယ်တွေပါ ထပ်ပေါင်းပီး ပေါ်ထွန်းလာတဲ့ နိုင်ငံကြီးပါ။ စစ်ပီးမှာတော့ ဘာသာရေး လူမျိုးရေးတွေကြောင့် ၃ ပိုင်းကွဲသွားခဲ့ပါတယ်။ အာရှတလွှားမှာ ဂျပန်လို သီးသန့်ဝိသေသရှိတဲ့ တိုင်းပြည်မျိုးတောင်မှ ဆာမူရိုင်းပဒေသရာဇ်တွေလက်က ဘုရင်အာဏာပြန်ယူပီး တိုင်းပြည်ကို တံခါးဖွင့်ခဲ့ရပါသေးတယ်။

အခြေတကျ လူနေမှုမရှိခဲ့တဲ့ အာရပ်နယ်တွေနဲ့ လူမျိုးစုံရောပြွမ်းနေတဲ့ အာဖရိကမှာတော့ နိုင်ငံတွေ ပေါင်းလိုက် ခွဲလိုက် နာမည်ပြောင်းလိုက်နဲ့ လွတ်လပ်ရေးရပီးထဲက မတည်ငြိမ်သေးတာကို သတိပြုမိကြမှာပါ။ နယ်နိမိတ်မျဉ်းတွေဟာလည်း ကိုလိုနီရှင်တွေ နယ်လုစဉ်က လတ္တီတွဒ် လောင်ဂျီတွဒ်တွေအတိုင်း ခွဲထားကြလို့ ပေါင်မုန့် ကိတ်မုန့်တုံးများလို တုံးတိတိကြီးတွေနဲ့ပါ။ ပါလက်စတိုင်း အစ္စရေးပြဿနာလို အိမ်ကြီးပေါ် အိမ်ငယ်တင်တဲ့ကိစ္စတွေကတော့ ကိုလိုနီသမားရဲ့ ကျားကွက်တွေပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဂျူးလူမျိုးတွေကို ရှမ်းပြည်က လူနေကျဲတဲ့ဒေသတွေမှာ နေရာချဘို့ စီစဉ်ခဲ့ဘူးတယ်လို့ ဖတ်ဖူးပါတယ်။ဒါကြောင့် ကိုလိုနီဘဝကလွတ်လာတဲ့ နိုင်ငံတွေမှာ ဆုပ်ကိုင်ထားစရာဆိုလို့ အမျိုးသားရေးစိတ်ပဲရှိတယ်လို့ ပညာရှင်တယောက်ရေးတာကို ဖတ်ရပါတယ်။ အမျိုးသားစိတ်တွေ မွှန်ထူကုန်တော့ ၁၆ ၁၇ ရာစုများက ဥရောပနိုင်ငံတွေလိုပဲ အချင်းချင်း စစ်ခင်း ဗိုလ်လုပ်လာချင်ကြပါတယ်။ ဘုရင်ခေတ်ထက်ပိုတာက စီးပွားရေးအရ အသာစီးက အမြတ်ထုတ်ချင်တဲ့စိတ် နယ်ချဲ့ဆီက ယူလိုက်ကြတာပါ။

ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ကြည့်တဲ့အခါကျတော့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ ၂၀ ရာစုဦး ဘာသာရေးအခြေခံ လှုပ်ရှားမှုတွေကတဆင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတဲ့ အမျိုးသားလက္ခဏာတည်ဆောက်လာရတဲ့ ကျနော်တို့ရဲ့ ပထမဆုံးနိုင်ငံအဆင့် အမျိုးသားရေးလှုပ်ရှားမှုက ၁၉၂၀ မှာ တည်ထောင်တဲ့ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးပါ။ ဂျီစီဘီအေဝံသာနုခေတ်မှာ ကျနော်တို့ မွန်မြန်မာအမျိုးသားများဆိုပီး ကျနော်တို့ ဘိုးဘေးတွေ ဦးတည်တောင်းဆိုစာတွေရေးခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်ပြိုင်မြန်မာစာနယ်ဇင်းတွေမှာတော့ ချင်းကချင်လူရိုင်းများ ရှမ်းလူဆိုးများစတဲ့ အခေါ်အဝေါ်တွေက ကိုလိုနီအုပ်စိုးသူတွေအမြင်အတိုင်း အုပ်စိုးခံမြေပြန့်သားတွေကလည်း လိုက် ခံယူကြတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ရင် ယဉ်ကျေးမှုမြင့်တယ် နိမ့်တယ် ကိုယ်လက်ခံတဲ့ပေတံအတိုင်း မျိုးနွယ်စုတွေကို မြင်တဲ့အမြင်မျိုး ပြည်မသားတွေမှာ ရှိတာ ထင်ရှားပါတယ်။ တရုတ်ကုလားဥရောပသား ကပြားစသူတွေပေါ်မှာရော မြန်မာတွေက ဘယ်လိုရှုမြင်လက်ခံပါသလဲ။

စီးပွားရေး ယဉ်ကျေးမှုကိစ္စတွေမှာ မြန်မာလူနေမှုကို လာရောက်ထိပါးတဲ့သူတွေလို့ မြင်တဲ့မျိုးချစ်တွေပေါ်လာပါတယ်။ ပဒေသရာဇ်ခေတ်တုန်းက နိုင်ငံခြားသားတွေပေါ် သည်းခံဆက်ဆံ ဧည့်ဝတ်ကျေတယ်လို့ ထင်ရှားတဲ့ မြန်မာတွေဟာ အရင်းရှင်ကိုလိုနီဘဝမှာတော့ နိုင်ငံခြားသားပေါင်းစုံအဆင့်ဆင့် အမြတ်ထုတ်ချယ်လှယ်မှုအောက်မှာ အရင်းအနှီးမဲ့ပီး ဆင်းရဲတဲ့ လူမျိုးဖြစ်လာပါတယ်။ နောက်ဝင်လာတဲ့သူတွေကလည်း အရင်ဗမာဘုရင်ခေတ်ကလို ဘုရင့်သစ္စာခံ အသုံးတော်ခံမင်းမှုထမ်းတွေမဟုတ်တော့ပဲ နယ်ချဲ့လက်ဝေခံ စစ်ပါရီ ရုံးဝန်ထမ်း သင်္ဘောအမှုထမ်း ငွေချေးတဲ့ ချစ်တီးနဲ့ အမြတ်ယူဈေးရောင်းတဲ့ ကုန်စုံဆိုင်ရှင် ဘိန်းခန်းထောင်ဆိုတာတွေပါ။ လူဝင်အများဆုံး အိန္ဒိယတိုင်းသားတွေပေါ်မှာ ဆက်ဆံရေးက ရန်လိုတဲ့သဘောအများကြီးပါလာပါတယ်။ ဥပမာ ၁၉၀၀ ကျော်လောက်က မြန်မာသင်္ကြန်အခါတွင်းမှာ လူမျိုးခြားတွေပါ ပါဝင်ကစားလာတာဟာ ခိုက်ရန်ဖြစ်စေတယ်၊ မြန်မာတွေ ရှေးပုံစံအတိုင်း ကိုယ့်လူမျိုးချင်းပဲ သိမ်သိမ်မွေ့မွေ့ကစားသင့်တယ်ဆိုတဲ့ သတင်းစာဆောင်းပါးမျိုးတွေ ပေါ်လာပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် လူမျိုးရေးတင်းမာမှု အဓိကရုဏ်းတွေနဲ့ပတ်သက်ရင် အခုခေတ် နယ်စပ်ကဝင်လာတဲ့ အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တရုတ်လူမျိုး စီးပွားရေးသမားတွေရဲ့ တွင်ကျယ်မှုကို မြန်မာတွေရဲ့ မနှစ်မြို့တဲ့အမြင်နဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။

ရှေ့တပတ်ဆက်ပါမယ်။



No Responses Yet to “My Burma 4 Making Plural Burma”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: