ဆီးပန်းနီ ၂၀၀

19Dec11

ဇီးဗနီ ဆရာတော် ၂ ရာပြည့် ၁၃၇၃ ပြာသိုဆုတ် ၁ (၂၀၁၂ ဇန် ၉) မှာ ကျမယ်လို့ လှသမိန်ရဲ့ ဂန္ထဝင်စာပြုစာဆိုတော်များအတ္ထုပ္ပတ္တိ၊ နန်းညွန့်ဆွေဆောင်းပါးနဲ့ စွယ်စုံကျမ်း အစရှိသည်များမှာ ဘော်ပြကြတဲ့အတွက် ဒီသက္ကရာဇ်ကိုပဲ ယာယီ အတည်ယူထားလိုက်ပါတယ်။ ဆရာတော်ကို ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။… ကဗျာစာဆိုရှင်အနေနဲ့ နှောင်းလူများက မြတ်နိုးကော်ရော် ပြုကြပေတယ်။ ဆရာတော် နဲ့ ကင်းဝန်မင်းကြီး၊ မဟာဒါန်ဝန် ဦးကြွယ်ဝစတဲ့ မှူးဟောင်းမတ်ဟောင်းအရာကျများ အပြန်အလှန်စာချိုးကြတယ်ဆိုတဲ့ ကိစ္စကို ပြန်စဉ်းစားယင် ဆရာတော်ဟာ ကျောင်းဒကာ ဆွမ်းဒကာ မျက်နှာကြီးတွေကို ဖီလာအံတုပြုဝံ့တဲ့ ဘုန်းကြီးသူပုန်လို့ ပြောသင့်ပါရဲ့။

‘မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်က၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည့်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့၊ ၀ှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆယ့်ခုနှစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့ – ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်၊ ကုလားနိုင်ငံ လွှဲပြောင်းစံရှင့် -‘

မှူးမတ်သား စာတတ်ပေတတ် ရာဇဂုရု မင်း ၂ ဆက် ကိုးကွယ်ခံရတဲ့ ဆရာတော်တပါးအနေနဲ့ ဇီးဗနီဟာ စာရေးစာချအလုပ်များနဲ့ပဲ ခေတ်ပျက်ကြီးမှာ ဆွမ်းဒကာ အာဏာပိုင်ဟောင်းများနဲ့ မိစ္ဆာဒိဋ္ဌိ ကုလားမင်းလက်သစ်ကြား အဆင်ပြေအောင် ပညာယှိပီပီ ကြည့်ရှောင်ရင်း အရိုးထုတ်သင့်တယ်မဟုတ်လား။ ခေတ်ပျက် အခြေပျက်မှာ မင်းမျိုး မှူးမျိုးများပင် အခြေမရပဲ ဆောက်တည်ရာမဲ့ လယ်ယာကန်ချောင်း အပိုင်စား ကံကျွေးရတာတွေ အသိမ်းခံရ၊ ရာထူးဌာနန္တရတွေ လက်လွှတ်ရ ဂျွမ်းသဒါလန်နေကြတာမို့ သူတို့ပူဇော်ပသတာ သုံးဆောင်ရတဲ့ ရဟန်းပုဏ္ဏား ပညာယှိဆိုတဲ့ ပုဂ္ဂိုလ်များအဖို့ ကျောင်းတွေထဲ စစ်ဗာရီတပ်တွေလာစွဲတာ၊ သူပုန်က ဝင်စီးပီး မြို့မီးရှို့မယ်လုပ်လို့ ဘုန်းကြီးပါ လက်လွတ်ပြေးရတာ (အက္ကပတ်မြင်းဝန်ဆရာတော်)၊ အဓိကထောက်ပံ့မယ့် မင်းမဲ့ပီး မြို့ရွာမငြိမ်လို့ သံဃာငယ်တွေ ပြန်ကြွကုန်လို့ သာသနာဆုတ်ယုတ်တာ စတဲ့ လောကဓံဆိုးမျိုးတွေ ရိုက်ခတ်တာ ခံရတာ မဆန်းပါ။ နောက် မင်းမျိုး မှူးမျိုးဆိုတဲ့ လူဟောင်းတွေဟာ အသစ်ဝင်လာတဲ့ အာဏာစက်အောက်မှာ အလိုက်သင့် ခိုဝင်အမှုတော်ထမ်းပီး နယ်ချဲ့အုပ်ချုပ်ရေးကို အကျိုးဆောင်ကြတာ တနည်း သခင်သစ်ဆီ ကျိုးနွံကြတာမို့ ပညာယှိဆရာတော်ကြီးများကလဲ လောကီကိစ္စ ပလိဗောဓတွေနဲ့ ကင်းချင်ကြဟန်တူပါတယ်၊ အများအားဖြင့် ခပ်မဆိတ် အရိပ်အခြည်ကြည့်လို့သာ နေကြပေတယ်။

သာသနာရေးကိစ္စဆိုဒါတွေမှာလဲ မှူးမတ်တွေကပဲ ဆက်ပီး ချယ်လှယ်ကြီးစိုးကြပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ သီပေါခေတ်ခန့်တဲ့ တောင်တော်သာသနာပြုဆရာတော်လွန်လို့ အသစ်မြှောက်မယ့် သာသနာပိုင်နေရာကို အမတ်ကြီးတွေ အုပ်စုဘွဲ့ပီး နေရာလုကြတဲ့အတွက် ခန့်အပ်ရေးကိစ္စဟာ သာသနာပိုင်စင်ပြိုင်တွေပေါ်ပီး အပီးမသတ်နိုင်တဲ့အပြင် သုဓမ္မာဂိုဏ်းကြီးကနေ ၂ကျိပ်တပါးဂိုဏ်းပါ ပဲ့ထွက်သွားပါတယ်။ နောက်ဆုံး ဒုဘုရင်ခံ ဆာနပ်အမိန့်ပြန်ပီး ခန့်တဲ့ တောင်ခွင်သာသနာပိုင်ကြီးဟာ အင်္ဂလိပ်နဲ့ အင်မတန်အလွမ်းသင့်တဲ့ ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိ (C.I.E; Companion of the Indian Empire) ရဲ့ညီပါ။ မင်းဘုန်းကြီးပီပီ အင်မတန်ပကာသနလာဘ်လာဘမက်မောတယ်တူပါတယ်။ ကိုပညာ (အမရပူရ)ရဲ့ တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများမှာ သူငယ်ငယ်က သူ့ဦးလေးဘုန်းကြီးနဲ့အတူ ကျောင်းမြေကိစ္စအတွက် သာသနာပိုင်ကြီးဆီ လှည်းယဉ်နဲ့သွားပီး ခဏခဏ ဖွယ်ဖွယ်ရာရာ ကန်တော့ကြရတယ်လို့ဆိုတယ်။ သာသနာရေးဝိနိစ္ဆယစီရင်ထုံးများပြုစုပေးလို့ တောင်ခွင်ကို အင်္ဂလိပ်ဆောက်တဲ့ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကပ်ပါတယ်။ သူပျံတော့ ၁၉၃၉ မှာ လှုပ်တုတ်တုတ်နိုင်ငံရေး စစ်မီးပေါက်ခါနီးအချိန်ကြီးမို့ အပေါက်အစများလှတဲ့ သုဓမ္မာဂိုဏ်းကြီး နိုင်ငံမှာ အင်အားအများဆုံးနဲ့ ညီညီညွတ်ညွတ်မရှိတဲ့ သံဃာအဖွဲ့အစည်းအတွက် သာသနာပိုင်ရွေးဘို့တာဝန်ကို ဗမာညွန့်ပေါင်းအစိုးရဝန်ကြီးတွေက ခေါင်းမခံပဲ လက်ရှောင်နေကြတာ ခုချိန်ထိပါပဲ။ ဦးနုခေတ်မှာ မစိုးရိမ်ဆရာတော်ကြီးကို သမုတိသုဓမ္မာသာသနာပိုင်အဖြစ် အဘိဓဇ ဆက်ကပ်
တာမျိုးတော့ ရှိပါတယ်။ သာသနာကို ကိုလိုနီခေတ်ကနေ မဆလခေတ်ဦးထိ တကယ်ပိုင်သူများကတော့ နိုင်ငံရေးဘုန်းကြီးအဖွဲ့တွေလို့ ဆိုသင့်ပါတယ်။

နောက်ပီး နန်းတွင်းဝင်ထွက်ရတဲ့ ဘုန်းကြီးများဟာ မင်းစိုးပွဲလယ်မှာ ထိုင်တာတောင် တင်ပလင်မခွေပဲ ပုဆစ်တုတ်သာ ထိုင်ကြသတဲ့။ ဒွါရသာသနာပိုင် ဓနုဖြူဆရာတော်ကို သူ့အမဝမ်းကွဲတော်တဲ့ ဆင်ဖြူမရှင်မိဘုရားဟောင်းက ရန်ကုန် ဝင်ဆာအိမ်တော် (ရှင်စောဘုလမ်း)မှာ ဆွမ်းကပ်တော့ တခြားဆရာတော်တွေက ဓနုဖြူဘယ်လိုထိုင်သလဲလို့ မေးကြပါသတဲ့။ တင်ပလင်ခွေပဲထိုင်တယ်ဆိုတော့ တောဘုန်းကြီးပဲလို့ မှတ်ချက်ချကြသတဲ့။ နောက် မြတောင်ဆရာတော်လို နာမည်ကြီးဆရာတော်ကြီး ပျံတော်မူယင် အလောင်းတော်ကို အမြောက်ဝန်သား တိုင်တားမင်းကြီးမြစ်တွေက ပွေ့ပီး စံကျောင်းပေါ်ရွှေ့ရတယ် ဆိုတာမျိုး အထက်လွှာနဲ့ သာသနာနယ်ကြားမှာရှိတဲ့ လူမှုတည်ဆောက်ပုံများဟာ ခုချိန်ထိ မနီးရင်းစွဲလိုက်တယ်ထင်ပါတယ်။ တာကြောင့် ဇီးဗနီချဲလင်းခေါ်သင့်တဲ့ ဆရာတော်အိုကြီးတပါးက မှူးကြီးမတ်ကြီးတွေကို ပေါ်တင်ပြစ်တင်စာချိုးတာမျိုးက ဘုန်းကြီးအများစု စာတတ်ပေတတ်အသိုင်းအဝိုင်းကလူတွေ ဘယ်သူမှမစဝံ့တဲ့အလုပ်ပါ။ သီပေါခေတ်ကထဲက အရာကျသွားတဲ့ ရနောင်မင်းသားညီ ပင်းသာမြို့စား မောင်မောင်ဗြောင်းလို လူအေးအမတ်ဟောင်းရဲ့ ဆရာတော်မို့သာ ဒီလိုမာဝံ့တာလို့လဲ တဘက်ကတွေးနိုင်ပါတယ်။ သာသနာနဲ့ ရာဇာဆက်ဆံရေးက အလယ်ခေတ်နိုင်ငံတွေမှာ အင်မတန်စကားပြောပါတယ်။ ခုထိလဲ တချို့နိုင်ငံတွေမှာ အရေးပါတုန်းပါ။

‘တဦးသောမမကား ဒေါသကြီးသည်။ ‘တို့လူမျိုး ခေါင်းဆောင်သဖွယ်ဖြစ်သော မှူးကြီးမတ်ကြီးတို့သည် .. တွေလိုပဲ၊ ဒါကို အင်မတန်မက်သည်’ ဟု ညစ်ညစ်စုတ်စုတ်ပြောပြ၏။ ‘ဒါကြောင့် ဂုဏ်နှင့် ရာထူးကို ပလွှားဖို့ အင်မတန်လိုလား၏။ ဒါကြောင့် ဉာဏ်သည် မှေးမှိန်နေ၏။’ ….စစ်ကိုင်းဦးဘိုးသင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (၁၉၇၉)။

သာသနာ့ဒါယကာ ရာဇာမရှိတာကြာပီ…

“ရွှေပြည်ကြီး၊ ဆို – စိန်ပါတီ”



No Responses Yet to “ဆီးပန်းနီ ၂၀၀”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: