လန်ဒန်ပေးမေတ္တာစာ

20Dec11

ရှင်ဂွမ်းဂွိ ၀စီပိတ် တရားကျင့်နေတာလဲကြာပါပြီ။ ဒါပေမဲ့ ဆွတဲ့သူက ဆွလာတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်နေတာလေးတွေ ပြောလိုက်ဦးမယ်။ ပထမဆုံး အမြင်ကတ် ပုဒ်မ နဲ တရားစွဲ ချင်နေတဲ့လူ က အိမ်ဦးနတ်။ တခါထဲမှပဲတော် ပြောလိုက်ရင်တော့ နင်တို့ မိန်းမတွေ ဘယ်လောက်သိလို့ လဲ ပိန်းလိုက်တာလေး ဘာလေးနဲ့ ။ ဟွန့်  ရှင်ဂွိ တို့ က ဒင်းတို့ လို ပိုက်ဆံအကုန်ခံပြီး အရေမရ ဂျာနယ်တွေ ၀ယ်ဖတ်နေပြီး သိချင်ယောင် တတ်ချင်ယောင် ဆောင်နေတာမဟုတ်ဖူး။ လက်တွေ့ ကျကျ ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် စီးတဲ့ရေ ဆယ်တဲ့ကန်သင်းဖြစ်အောင် လုပ်နေရတာ။ ကျုပ်တို့ မိန်းမတွေ မရှိမှပဲနေကြည့်ပါလား။ အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာဆိုသလို အကြွေးပတ်လည် ၀ိုင်းနေမဲ့သူတွေလေ။ မိန်းမ မရှိရင်လဲ ကြက်ကြီးလည်လိမ်သလို ဖြစ်နေတဲ့ သူတွေကများ။ နေရာပေးဖို့ ကျတော့ ၀န်လေးပါ့။ ဒင်းတို့ ပြောသလို လူပြိန်းလို့ သတ်မှတ်လို့  ရပါတယ်။ ဒါပေမဲ့ အဲဒီလူပြိန်းတွေက မှ ဒင်းတို့ ထက် တွက်တတ်ချက်တတ်သေး။ ဂျာနယ် တစ်စောင် လေးရာ ငါးရာ။ ဖတ်ကြည့်တော့လဲ ဒီမထူးတဲ့ ဇာတ်လမ်းတွေကို လှည့်ပတ်ရေးထားတာ်။ အဲဒါကိုရောင်းတဲ့သူကရောင်း ၀ယ်တဲ့သူက၀ယ် ဟုတ်လို့ ။ ရှင်ဂွိကတော့လေ အဲဒီ ပိုက်ဆံ ငါးရာနဲ့  မုန့် ဟင်းခါး လေးစားတုန်း ဈေးထဲက အတင်းလှည့်ပတ်နားထောင်လိုက်ရင် အဲဒီ သတင်းတွေ အားလုံး သိပြီးဖြစ်ရော မဟုတ်ဖူးလား။ အဲဒီလို အကွက်စေ့တာ။

ကိုကိုသွပ်ကို ရန်လုပ်နေရတာနဲ့ ပြောချင်တာတောင် ရှေ့ မတက်နိုင်တော့ဖူး။ အခုတလော အဖေ့ စာအုပ်ကြီးမှာ တက်ကြွတဲ့ကြက်ဖတွေ အတော်များလာပြီး အောက်အီးအီးအွတ် တွန်နေကြတယ်တော့။ ဟိုအကောင် နီတိုးပက်ကျိ လုပ်ပေါက် အဆင်မပြေလို့ ပြောလိုက်တော့လဲ အားလုံးက ကြွက်ကြွက်ညံပါလေရောလား။ ဘန်ဒေါင်းမူ (၅) ရပ်နဲ့ ဘက်မလိုက်ရေး လက်စွဲထားတဲ့ ရှင်ဂွိကိုလဲ ဟိုဖက်ပါသလေး ဒီဖက်ပါသလေးနဲ့ ။
ဒါပေမဲ့ ခက်တာက အရိုးတွန်နေတာတွေကများသာများတာ တွန်သာတွန် ရည်ရွယ်ချက်ကမရှိ၊ အဖြေမပါတဲ့ ပုစ္ဆာတွေချည်းပဲ။ ဘယ်အဖြေထုတ်ပါ့မလဲ အဖြေထုတ်ရင် သူတို့ နစ်နာသွားမှာစိုးနေကြတာကိုး။

ကိုကိုသွပ်က ချစ်စနိုးနဲ့ ခေါ်တဲ့ ရှင်ပိန်းဂွိ .. ပိန်းဇလုပ်အရပ်မှာ ပိန်းကောလှေစီး ပိန်းကြာရွက်ကို ထီးလုပ်ပြီးမိုးရင့်း ပိန်းပန်းလေးပန် ပိန္နဲသီးနဲ့ ပိန်းဥလေးစားပြီး ခပ်ပိန်းပိန်းပဲ နေနေရာကနေ အဖေ့စာအုပ်က ပြာသနပ် အရှပ်တွေ ကို အဖြေထုတ်လိုက်ဦးမယ် လာလေရော့လဟယ်။ (မှတ်ချက် ရှင်ပိန်းဂွိသည် သမိုင်းကို အင်းစိန်မရောက်ခင် မှတ်တိုင်ဟုသိထားပြီး ဘောဂဗေဒကို မူကား ဈေးဝယ်ထွက်ခြင်းမှ လွဲပြီး နကန်းတလုံးမှ မသိသော မိန်းမ ဖြစ်ပါသည်)

ပုစ္ဆာ နံပါတ် (၁) ဘာ အကောင်းဆုံးလဲ ဟေ့…

ဘာအကောင်းဆုံးလဲ ဆိုလို့ ချစ်ကောင်းသီချင်းလို့ တော့ မမှတ်လိုက်ကြပါနဲ့ ။ အခုတလော ပုဂ္ဂိုလ်ရေး အစွဲအလန်းနဲ့  ဘုရားဒကာကြီး မှကောင်းလို့ ဆိုလာသူတွေအတွက်ကနေ စပြောမယ်။ အဲဒီခေတ် တစ်ချိန်ကို ဘယ်လောက်အထိမှီခဲ့ဖူးလို့ လဲ။ အဲဒီခေတ်က အခြေအနေကို အကုန်စုံစုံလင်လင်သိလို့ လား ။ လူဘယ်နှစ်ယောက်ဆီက သိခဲ့တာလဲ။ အားလုံးက ရာဇ၀င်အူပေါက် ဒုတ်ထမ်းပြီး ရေးတဲ့ သမိုင်းတွေပဲ။ တကယ့် အခြေအနေမှန် သမိုင်းကို ထင်ဟင်တဲ့ စာဘယ်လောက်များ ရှိလို့ လဲ။

ဟိုး အဓိပတိမော်ခေတ် ဘ၀ရှင်မင်းတရားကြီး ဦးနုခေတ် ဗိုလ်ချုပ်ကြီးရဲ့ တစ်ပါတီခေတ် မလွန့် တလွန်အချိန်က စစ်အုပ်ချုပ်မှုအောက်က ဈေးတက်စီးပွားရေးခေတ် ခေတ်အဆက်ဆက် ဘယ်ခေတ်ကောင်းသလဲလို့  မမေးလိုက်ပါနဲ့ ။ အဖြေတွေက ငါတို့ ကောင်းစားတဲ့ခေတ်က အကောင်းဆုံးပဲဖြေကြမှာလေ။ ဂျပန်ခေတ်တုန်းက အဓိပတိမော်နားကလူတွေကလဲ ဒေါက်တာဗမော်မှ ကောင်းတာလို့ ပြောခဲ့ကြတာပဲ။ ပြီးတော့လဲ သခင်နုနား ရောက်သွားပါရောလား။ လိုင်စင်ခေတ်ကောင်းတုန်းက စံစားလိုက်ရတဲ့သူတွေက သက်တောင့်သက်တာ ရှိတဲ့ ဘ၀ရှင်ကြီးကို သာဓုခေါ်မယ်။ သူတို့ လုပ်လိုက်လို့  ရန်ကုန်အစိုးရဖြစ်ခဲ့တာ.. အနယ်နယ်အရပ်ရပ်မှာ တိုက်ပွဲ ခေါ်သံတွေနဲ့  အင်းစိန်လောက်တင်ကို သေနတ်သံတညံညံ နေခဲ့ရတဲ့ ကျီးလန့် စာစား ဘ၀ နေရတဲ့ လူတွေ ကိုတော့ မေ့ထားလို့ ပေါ့။ ပဒုမ္မာ ပစ္စည်းလေးတွေ ၀ယ်လိုက် မှောင်ခိုလေးလုပ်လိုက် မလုပ်မရှုပ် မပြုတ်နေခွင့် ရတဲ့သူတွေကလဲ ဗိုလ်ချုပ်ကြီးရဲ့  ကျေးဇူးတော် အနတ္တ၊ ၈၈ နောက်ပိုင်းတောင် အာဏာရှိသေးတယ်အမှတ်နဲ့  အသံတောင်မထွက်ဖူး၊ အဲ အာဏာ မရှိမှန်းသိတော့မှ ပြောလိုက်တာ ပစ်ပစ်ခါခါ။ အတွင်းရေးမှူး(၁) ခေတ်ကောင်းတုန်းက ဗိုလ်ချုပ်ခင်ညွန့်  ဗိုလ်ချုပ်ခင်ညွန်နဲ့ တညွန့် ထဲ ညွန့် နေတယ်သူတွေ အခု ဘယ်ချောင် ကြိုချောင်ကြား ပုန်းနေပါလိမ့်။ မေးကြည့်လိုက်စမ်းပါ အခုလက်ရှိ အချမ်းသာဆုံးဖြစ်နေတဲ့ ကျေးဇူးရှင် စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကို။ ဘယ်ခေတ်က အကောင်းဆုံးလဲဆိုရင် လက်ရှိ စစ်အစိုးရခေတ်ပေါ့လို့  ပြောမှာပဲ။ ဟုတ်ပါ့ ဒီခေတ်မှာမှ သူတို့ အရမ်းချမ်းသာသွားတာကိုး။ အားလုံးပဲ တွေးလိုက်ရင်တော့ ကိုယ့်အတွက်ချည်းပဲ၊ မျှမျှတတတွေး ကြခေါ်ကြရဲ့ လားလို့  မေးလိုက်ချင်ရဲ့ ။ ကိုယ်တစ်ယောက်ထဲ ကောင်းယုံနဲ့  ကျန်တဲ့သူတွေ ဘာပဲ ဖြစ်ဖြစ် စိတ်မ၀င်စားတော့မဖူး။ ဗုဒ္ဓ ဘာသာမှာ ငါစွဲမရှိရဖူးတဲ့… ငါစွဲမရှိလို့ သာတော်ရော့  မယ်။ တကယ်တမ်းမတော့ အလှူလုပ်တာတောင်ကြည့် အခု ဘ၀ ကနေ နောင်ဘ၀ ပါဖို့  လုပ်သတဲ့လေ။ ငို့ ဘ ချည်းပါပဲကလား။

ရှင်ဂွိ အမြင်ကတော့ ကိုယ် တစ်ယောက်ထဲကောင်းပြီး အများအတွက် မကောင်းတဲ့ စနစ်တစ်ခု ကို ကောင်းတယ် မဆိုနိုင်ပါဖူး။ ကိုယ်တစ်ယောက်ထဲချမ်းသာပြီး ပတ်ဝန်းကျင်က ဆင်းရဲနေရင် ဘယ်တော့ လုမလဲ ယက်မလဲ ကျီးလန့် စာစား နေရမှာပါ။ ယုတ်စ အဆုံး အလုအယက်ခံစရာ စိတ်ပူစရာမလိုဖူးပဲထား။ ရန်ကုန် ရွှေတောင်တန်း မှာ ကြေးအိုးစားနေတုန်း ကလေးလေးတွေ နဲနဲလောက်လို့ လာတောင်းစားတဲ့အချိန် ကိုယ်စားနေတဲ့အရသာ ဘယ်လောက်အထိ ပျက်သွားလဲဆိုတာ။ အဲ ကိုယ်က ကားအကောင်းစားကြီးနဲ့  သွားနေတဲ့အချိန် မီးပွိုင့် မီးနီတုန်း မိုးရွာထဲမှာ ကလေးလေး ကိုချီရင်း ပိုက်ဆံတောင်းတဲ့ သူတွေကို ဘာခံစားချက်မှ မရှိပဲ လစ်လျူရှု နိုင်ရင်တော့ ဥပေက္ခာ ပါရမီ ရင့်သန်တယ် လို့  ပဲပြောရမလားနော်။ ရှင်မဟာရဌသာရ မိန့် ခဲ့သလို ရှင်ဂွိတို့  အားလုံး “သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။” ရင်တော့ သိပ်ကောင်းမှာပါ။

မေးခွန်း နံပါတ် (၂) ဗမာတွေ ဘာလို့ မညီညွတ်တာလဲ။

ဒါလေးများ အသာလေးထားပါကွယ်။ တို့ ဗမာ ဆိုတာက ချီကထဲကိုက ယဉ်သကိုတဲ့။ ၂ ယောက်ရှိရင် သုံးပါတီ ဖြစ်တဲ့ လူမျိုး။ မညီတာကတော့ ဘယ်တော့မှ ညီမယ်မထင်။ အသွေးထဲအသားထဲကိုက ဒီမျိုးဗီဇ (gene) လေး နဲ့  မွေးလာတာ။ ဘာ Gene လဲဆိုတာ လေ့လာရင် နို့ ဘဲ ဆိုတဲ့ ဆုကြီးတောင်ရဦးမယ်ထင်ပါ့။ သူများလုပ်တာဆို ဘယ်တော့မှ မကောင်းဖူး။ ငါသာအမှန်ချည်းပဲပေါ့။ ပုဂံ မင်းနေပြည်ကို သွားကြည့်လိုက် ဘုရားတွေ လက်ညှိုးထိုး မလွဲဖူး။ မုဆိုးမ ကတောင် ဘုရားတည်တယ်။ ဘာသာရေးယုံကြည်ချက်ထက်ကို ငါလဲလုပ်နိုင်တယ် ဆိုတဲ့ အစွဲကပိုတယ်လေ။ သူတလူ ငါတမင်း ဆိုတဲ့စကားပုံ မျိုးနဲ့ ဆင်တာ တခြား ဘယ်လူမျိုး ဘာသာစကား မှာမှ ရှင်ဂွိမတွေ့ ခဲ့ဖူးဖူး။ ယုတ်စွ အဆုံး ရှင်ဂွိတို့ နဲ့ ဘာသာယဉ်ကျေုးမှု အနီးစပ်ဆုံး ဆင်တဲ့ ထိုင်းလူမျိုးတွေမှာ တောင်မှ အဲဒီ စကားပုံမျိုးသုံးတာ မရှိဖူး။

တစ်ချို့ က လဲ မျက်လုံးမှိတ် ယုံကြည်ချက်တွေထားတဲ့သူနဲ့  မျက်လုံးစိမ်း နဲ့ ကြည့်တဲ့လူနဲ့  အဖေ့စာအုပ်မှာ နောင်ဂျိန်နောင်ဂျိန်ပေါ့။ မျက်စိမှိတ် ယုံကြည်တယ်ဆိုတဲ့သူတွေ က လဲ အရူးပါးတွေပါ။ ချီးကျွေးရင် စားမှာမို့  လို့ လား။ ခုနေခါသာ ခါတော်မှီ အသံကောင်းဟစ်နေကြတာ အခွင့်မသာရင် ဖားကူးကူးသွားမဲ့သူတွေချည်း ပါ။ ရှင်ဂွိကတော့ တမတ်တန်းက ဖျာခင်းပြီးကြည့်နေပါတယ်။

ပုစ္ဆာ နံပါတ်(၃) ၁၀ နှစ်အတွင်း စင်္ကာပူလို ဖြစ်စေရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ရင် ဘာကြောင့် မဖြစ်နိုင်ဖူးလဲ ဖြစ်နိုင်ရင် ဘာကြောင့်ဖြစ်နိုင်သလဲ ဥပမာနှင့်တကွ ရှင်းလင်းပါတဲ့။

ပြောပြီးပြီနော် ရှင်ဂွိက ခပ်ပိန်းပိန်းပဲ။ ပိန်းလွန်းလို့ တောင် ကိုကိုသွပ်က ချစ်စနိုးနဲ့ ရှင်ပိန်းဂွိလို့  တောင် ခေါ်သေး။ ဒီမေးခွန်းအတွက် ရှင်ဂွိရဲ့ အဖြေကတော့ တစ်ခါတလေ အပြော လွယ်သလောက် အလုပ်ခက်ပါတယ်။ ဒါပေမဲ့ အရာရာကို မဖြစ်နိုင်ဖူး လို့  အားလျော့လို့  လဲ မရပါဖူး။ အဟက် ရှင်ဂွိ ခြံစည်းရိုးပေါ်ခွထိုင်တာ မဟုတ်ရပါဖူး။ ဒါပေမဲ့ မဖြစ်နိုင်ဖူးလို့  ပြောတာထက် ဖြစ်နိုင်အောင်လို့ ဘာတွေ လိုသလဲဆိုတာပြောပါရစေ။ အိမ်ရှင်မ ဆိုတော့ အိမ်ရှင်မ သိတဲ့ ဥပမာကိုပဲပေးမယ်။ ဆန်ရှိပြီး ရေမရှိရင် ထမင်းချက်လို့  မဖြစ်နိုင်ပေမဲ့ ရေရှိမယ်ဆိုရင်တော့ ချက်လို့  ရမှာပါ။ နောက်တစ်ခါ ဆန်လဲရှိတယ် ရေလဲရှိပါလျက် ထမင်းအိုးကိုသေသေချာချာ မဆေးပဲ ချက်လိုက်လို့ မသန့် တဲ့ရေကိုသုံးလိုက်မိလို့  ထမင်း က အထားမခံပဲ သိုးသွားတတ်ပါတယ်။ ချက်ထားတာ အလကားဖြစ်တာပေါ့နော်။ တစ်ပွဲထိုး လုပ်ပြီး ပျက်ဆီး သွားတတ်တာတွေက အသင်္ချေ မဟုတ်လား။

အိမ်တစ်အိမ် ချမ်းသာတိုးတက်တယ်။ အောင်မြင်တယ် ဆိုတာ တစ်မိသားစုလုံးနဲ့  သက်ဆိုင် တာပါ။ ရှင်မဟာရဌသာရ စကားကို ထပ်ချေးပြီး ပြောလိုက်ပါဦးမယ်။ “သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။” လက်ငါးချောင်းတောင် အတိုအရှည်မညီသေးတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်တဲ့အမြင်တွေ ထပ်တူ တူနိုင်ဖို့ ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမဲ့ မိသားစုဝင် အချင်းချင်း ညီညာဖို့ လိုတာပေါ့နော်။

ပိုက်ဆံရှာတဲ့သူက ရှာသလို ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးတတ်ဖို့  လိုပါတယ်။ မိရိုးဖလာ ချမ်းသာ ကြွယ်ဝခဲ့ပေမဲ့ ၀င်ငွေမရှိပဲ ရှိတာတွေ ထိုင်ရောင်းစားနေရင်တာ့ ကုန်မှာပြောင်မှာပါပဲ။ အထည်ကြီးပျက် လို့  အပြောခံရမှာ အနှေးနဲ့ အမြန်ပါပဲ။ ကိုကိုက ဒါရလို့ ညီညီက လဲ ဟိုဟာလိုချင်တယ်ဆိုရင် အနှုတ်ချည်းပဲပေါ့။ ကိုကိုက ဖေဖေ့ကို ဒါတွေကူလုပ်ပေးလို့  ညီညီကလဲ မေမေ့ကို ဟိုဟာတွေကူ လုပ်ပေးချင်တယ် ဆိုတာ ပိုမကောင်းနိုင်ဖူးလား။ မိဘတွေ ကလဲ ဘက်မလိုက်ပဲ ညီညီမျှမျှ ဆက်ဆံမှ အခုလို သားသမီးတွေက ညီညီညာညာ လိမ္မာနိုင်တာပါ။

အခုလဲကြည့်လေ အစိုးရက အခွန်အကောက်တိုးမယ် ဆိုတာနဲ့ ကြွက်စီကြွက်စီ စညံပါတယ်။ တကယ်တော့ အခွန်ဆိုတာ တကမ္ဘာလုံးက တိုင်းပြည်တိုင်းမှာရှိတာပါ။ အခွန် အမျိုးမျိုးရှိပါတယ်။ ၀င်ငွေခွန်တွေက ၀င်တဲ့ဝင်ငွေက နေ ကောက်တာပါ။ အများသူငါထက် ၀င်ငွေပိုကောင်းတဲ့ အနုပညာရှင်တွေ အားကစား သမားတွေ ဆိုလဲ အခွန်ရာနှုံးသူများထက် ပိုတတ်ပါတယ်။ အစားအသောက် ပစ္စည်းဝယ်တိုင်း လူသုံးကုန် ပစ္စည်းဝယ်တိုင်း အခွန်ဆောင် ရပါတယ်။ ပိုက်ဆံရှိတဲ့သူက များများသုံးရင် အခွန်များများပေးရမယ် နဲနဲပဲသုံးရင် အခွန်နဲနဲပဲ ကျသင့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာမျိုးဆိုရင် အခွန် ပို များ တတ်ပါ သေးတယ် (ဥပမာ ဆေးလိပ်)။ ဘာလို့ လဲဆိုတော့ ကိုယ့်ရဲ့ ဝါသနာ နှစ်သက်မှု က အစိုးရရဲ့  ကျန်းမာရေး အသုံးစရိတ်ကို ပိုမို မြင့်တက် လာစေနိုင်လို့ ပါ။ ကိုယ့်ကိုယ်ကို တာဝန် ယူစေတာမျိုး ပေါ့နော်။ အခြား အခွန်တွေလဲရှိပါဦးမယ်။ ရှင်ဂွိတို့ လို အိမ်ရှင်မတွေ ပုံမှန်ပတ်သက်နေရတဲ့ အခွန်အကြောင်းကိုသာပြောပြတာပါ။ ဒီအခွန်တွေက အစိုးရဆီကို တိုက်ရိုက်ရောက်ပါတယ်။ ရှင်ဂွိတို့ တိုင်းပြည်မှာလို ကြားကနေ ပျောက်သွားတာ မရှိပါဖူး။ ရှင်ဂွိတို့  ဆီမှာတော့ ပျောက်စေ ဆရာကတောင် အဘခေါ်ရပါတယ်။

တခေါက်များလေ ရှင်ဂွိမိတ်ဆွေ ဆရာကြီးတစ်ယောက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး ပြန်လာပါတယ်။ သူ့ မိဘ ခြံထဲမှာ အိမ်ဆောက်ဖို့ လုပ်တော့ အခွန်ထမ်းရမယ်လို့  ဖြစ်လာပါတယ်။ သူကလဲ ငါပုံမှန် ၀င်ငွေခွန် ဆောင် ထားတာ ဒါက စုဆောင်းငွေ ငွေဖြူရှိတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ အကောက်ခွန်ဝန်ထမ်းနဲ့ ဆရာကြီးတို့  တွက်ချက် ကြတာပေါ့။ အဲဒီမှာ အိမ်တန်ဖိုး သိန်း ၁၅၀၀ ဆရာကြီးရဲ့ ငွေဖြူကိုတွက်လိုက်တာ မပြည့်ဖူး ဖြစ်ပါလေရော (တစ်ဒေါ်လာကို ၆ ကျပ်ခွဲနှုံးနဲ့ တွက်လိုက်တာလေ)။ အဲဒါနဲ့  ကျန်တဲ့လိုတဲ့ပိုက်ဆံကို ငွေဖြူ ဖြစ် အောင်လုပ်ဖို့ သိန်း ၃၀၀ ကျမယ်ပေါ့။ သူတို့ ကို သိန်း ၁၅၀ ပေးရင် အားလုံးအဆင်ပြေသွားမယ်တဲ့။ ဒီလိုနဲ့  ဆရာကြီးခမျာ မကျေနပ်ကျေနပ်စွာနဲ့ ပဲ သိန်း ၁၅၀ ထုတ်ပေးလိုက်ရပါတယ်။ အဲဒီ သိန်း ၁၅၀ က အစိုးရ ရဲ့  အခွန် ကောက်ခံမှုစနစ် ထဲမရောက်ရှိသွားပါဖူး။ ယုံချင်ယုံ မယုံချင်နေ ဘုရားစူးစေ့ပါ အဖြစ်ပျက်ကလေး… (သီချင်းဆိုကြည့်တာပါ)။ ဒီလိုနဲ့  ငါ့ဆီ ပိုက်ဆံ ဟိုတစ်ယောက် ယူသွားလို့  နင့်ဆီက ပိုက်ဆံ ငါညှစ်မယ် (နင့်ကို ငါညှစ်မယ် ငါ့ကို နင်ညှစ်မလား) တွေ ဖြစ်လာပါတယ်။ ခက်တာက ရှင်ဂွိတို့ ငယ်ငယ်က ဖဲရိုက်သလိုပါပဲ။ အားလုံး လက်ထဲမှာ ရှိတဲ့ပိုက်ဆံ အားလုံးပေါင်းက ဒီလောက် ဒီလောက်ပါပဲ ။ တစ်ယောက်နိုင်ရင် နောက် တစ်ယောက် ရှုံးနေတယ်။ မညှစ်တတ် မညှစ်နိုင် နေရာမရှိတဲ့ သူတွေကတော့ မစဉ်းစားနဲ့  ပြန်ပေ တော့ပေါ့။ အဲ ခွင်ကောင်းတဲ့ သူတွေက ၀ိုင်းကို သိမ်းလိုက်တာ ကျန်တဲ့သူအားလုံး မွဲတဲ့စခန်း ရောက်တော့ တာပါပဲ။

ပြောရင်းနဲ့ ထုံးစံအတိုင်း စကားလမ်းကြောင်းက လွဲစ ပြုလာပြီ။ ရှင်ဂွိပြောချင်တာ ရလာတဲ့အခွန်နဲ့ မှ အစိုးရ က တိုးတက်ဖွံ့ ဖြိုးရေး ကျန်းမာရေး ပညာရေးလုပ်ငန်းတွေမှာ သုံးပါတယ်။ စစ်လက်နက် ပစ္စည်းဝယ်ဖို့ တော့ မဟုတ်ပါဖူး။ နောက်တခါ မရှိဆင်းရဲတဲ့ သူတွေရဲ့ အခြေခံလိုအပ်ချက်တွေ မှာလဲ အသုံးပြုကြပါသေးတယ်။

ပစ္စခတ် အခြေအနေက လူတွေကလဲမပေးချင်ဖူး ။ ဘယ်ပေးချင်ပါ့မလဲ ပညာရေးအတွက်လဲ အစိုးရကသာ အခမဲ့ ပညာသင်ကြားရေး လို့ သာဆိုမယ်။ ဟိုကြေးဒီကြေးက ပေးနေရတာပဲ။ မပေးရင်လဲ ကျောင်းက စားပွဲ ကုလားထိုင် က အစ အကုန် ပျက်ဆီးနေ။ ပြင်ဆင်ဖို့ ဆိုတာ မရှိတော့။ ဟို ကျောက်ခဲတုံးကို ရေညစ်တာကမှ ထွက်ချင်ထွက်ဦးမယ် အစိုးရ ဆိုတဲ့ အစိုးမရတဲ့ လူကြီးဆီကလဲ ဘာမှထွက်လာတာမှ မဟုတ်တာ။ ကိုယ်မရှိရင် ကိုယ့်သားသမီး အများနဲ့  တန်းတူ ပညာမသင်နိုင်။ ကျူရှင်တွေ ဆိုတာက လဲ ပေါမှပေါ။ မူကြိုကလေးတောင် ကျူရှင်နဲ့ ။ မိဘတွေ ကုန်ဖို့  သာပြင်ထားပဲ။ အရည်အသွေးက တော့ ဘယ်လောက်အထိ ကောင်းသလဲ တော့မသိဖူး။ သေချာတာကတော့ လက်ဖက်ရည်ဆိုင်တွေမှာ ကလေး စားပွဲထိုးတွေ များ လာတာပါပဲ။ နိုင်ငံတကာမှာလဲ ကလေးတွေ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်တာ ရှိပါတယ်။ အခု ကတော့ မူလတန်းတောင် မပြီးပဲ ကျောင်း ဆက်မတက်ပဲ အလုပ်ထွက်လုပ်တဲ့ ကလေးတွေ များလာတာပါ။ ကျန်းမာရေးကလဲ ကိုယ့်မှာပိုက်ဆံမရှိရင် သေဖို့  သာပြင်။ အရာရာ စားရိတ်မျှပေးစနစ်ကိုး။ မျှ လိုက်ရတာ က ဆေးဖိုးတင်မှ မဟုတ်တာ။ တွန်းလှည်း တွန်းခ စသဖြင့် ဘာမှန်းမသိတဲ့ အခတွေ က များလေတော့ လူနာရှင်ခမျာ သေသော်မှသည် အော် ကောင်း၏ လို့ တဖွဖွ ရွတ်ဆိုကြတော့တာပါပဲ။

ဒါပေမဲ့လဲ အချစ်ရယ် လူဆိုတာ ခက်တယ် .. ပိုက်ဆံမတတ်နိုင်တဲ့သူတွေ ရှိပေမဲ့ တတ်နိုင်လူနာတွေကျ ပြန်တော့လဲ အားအားရှိ ဖျားနာနေလိုက်ကြတာ။ ပုလင်းချိတ်ဖို့ တဲ့။ မလိုဖူးပြောလဲ ချိတ်ပေးဆို ချိတ်ပေး။ မချိတ်ပေး ရင် ဂျိတ်သွားမယ်ပေါ့။ အဲဒီထက်ပို တတ်နိုင်တော့လဲ သွားကြတယ် နိုင်ငံခြားသွားပြီး ဆေးစစ်မယ်တဲ့။ တကယ်တမ်း ဆေးစစ်ရုံလောက်က တော့ မြန်မာပြည်မှာလဲ လုပ်လို့ ရပါတယ်။ ကိုယ့် ပြည်တွင်းမှာ မတရား အလကား ရထားတဲ့ ပိုက်ဆံ တွေကို ပြည်ပ တိုင်းပြည်မှာ သွား အလှူလုပ်လိုက်နေသလိုပါပဲ။ တခြား တိုင်းပြည်မှာ ဆေးသွားကုတယ်ဆိုတာ ဆေးကု သစရိတ် တစ်ခုထဲမှ မဟုတ်တာ။ သွားဖို့  ပထမ ဆုံး ဗီဇာကြေး။ နောက်တော့ နေထိုင်စရိတ် နဲ့စားစရိတ် တွေက ထပ် ဆောင်းရဦးမယ်။ ဘုရားလဲဖူး လိပ်ဥလဲတူး ရှော့ပင်းလေး ကလဲ လုပ်ကြဦးမယ်။ ဒါတွေအားလုံးက ကိုယ့်ပိုက်ဆံနဲ့ သူများတိုင်းပြည်ရဲ့  စီးပွားရေးကို အားပေးနေတာပါ။ ကိုယ့် ပိုက်ဆံအိတ် ထဲက ပျောက်သွားတာတွေကို ပြန်ကာမိအောင် အိမ် ပြန်ရောက်တာနဲ့ တပြိုင်နက် ခွင် ပြန်ဆင် ကြပါလေရောလား။

သူ့ နည်းသူ့ ဟန်နဲ့ တော့ဟုတ်နေတာပါပဲ။ မဟုတ်တာက ရှင်ဂွိ။ သူတို့ တွေ လုပ်နေတာကို ကြည့်ရင်း အသည်းထဲက ယားကျိယားကျိ ကလိကလိ ဖြစ်နေတော့တာလေ။ တကယ်လို့  သာ အစိုးရက စနစ်တကျ အခွန်ရလို့ အဲဒီ အခွန်ကို ကျန်းမာရေး ပညာရေးဖက်တွေ မှာ ကျကျနန သာ အသုံးချမယ် ဆိုရင် ပြည်သူလူထုလဲ ကလေး ကျောင်းပညာရေးအတွက် နေ့  ကျူရှင် ညကျူရှင် အိုင်အယ်ဘီစီ ဘရစ်တစ်ရှ် ကောင်စီ အင်္ဂလိပ်စာ သင်တန်း အစရှိသဖြင့် ကုန်စရာ မရှိ တော့ပါဖူး။ ဆရာ ဆရာမတွေလဲ ၀င်ငွေလောက်င လို့  အပြင် ကျူရှင်ပေးစရာ မလိုတော့ မိသားစု ကို အချိန်ပိုပေးနိုင်ပါလိမ့်မယ်။ ကလေးတွေလဲ ကျောင်းသင်ခန်းထဲမှာတင် တတ်အပ်တဲ့ ပညာရပ်တွေ ဆည်းပူးလို့ ပိုတဲ့အချိန်တွေမှာ ၀ါသနာပါရာ နှစ်သက်ရာတွေကို လေ့လာ ဆည်းပူး နိုင်ပါလိမ့်မယ်။ ထို့ နည်းတူပါပဲ ကျန်းမာရေး စနစ်သာ ကောင်းမွန်လာမယ် ဆိုရင် မတတ်နိုင်လို့ မလာတဲ့ လူနာဆိုတာ မရှိနိုင်တော့ပါဖူး။ ဆရာဝန်ဆရာမ မလောက်င လို့  မနိုင်ဝန် ထမ်းနေ ရတဲ့ ဒုက္ခတွေ ကနေ လျော့ ပါးသွားပါလိမ့်မယ်။ ဆရာဝန်တွေလဲ သင့်တင့်တဲ့ ၀င်ငွေရရှိလို့ အပို ပြင်ပဆေးခန်း ထိုင်ရမဲ့ အချိန်တွေမှာ ပညာရပ်ဆိုင်ရာ တိုးတက် မှုတွေ ကိုလေ့ လာရင်း သုသေသန နဲ့ ဖွံ့ ဖြိုးမှု အတွက် ပိုမို အချိန် ပေးလာနိုင်မယ် လို့  ထင်ပါတယ်။

ဒီလို ၀င်လာတဲ့ဝင်ငွေတွေကို အားလုံးအတွက် အကျိုးရှိအောင် မျှမျှ တတ သုံးတဲ့ အပြင် ယိုပေါက်တွေကိုလဲ ပိတ်ရပါလိမ့်မယ်။ အဓိက ယိုပေါက်တွေက တော့ အစမကောင်းခဲ့လို့ ပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရှင်ဂွိဦးလေးတော် တစ်ယောက် မဲခေါင် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး နဲ့ ပတ်သက်တဲ့ စာတစ်စောင် ဖတ်နေရာကနေ ဆင်းရဲ သားတွေက ချမ်းသာတဲ့သူတွေ ထက် ဘာကြောင့် ပိုက်ဆံ ပိုရတာလဲ လို့  စပ်စုမ မိရွှေဂွိ ကို ဆရာ တင်လာပြန်တယ်။ ဘာရမလဲ အားအားယားယား စပ်စု မပု လုပ်လို့ သိထားတဲ့ ရှင်ဂွိ ရဲ့ မတောက် တစ်ခေါက် အသိဥာဏ်လေး နဲ့ ပြန်ရှင်းပြလိုက်ပါတယ်။ ဦးလေး တို့ အိမ်မှာရေဖိုး ဘယ်လောက် ကုန်လို့ လဲ တစ်လ မှ ကုန်လှ ငါးရာပေါ့။ ရှင်ဂွိတို့ လှိုင်သာယာမှာလေ ၂၀၀၀ ခုနှစ် လောက်က ရေတစ်စည် ၂၀၀ ကျပ်တော့။ အခုဆို ၅၀၀ လောက်တော့ ရှိနေပြီထင်ပါ့။ ရေတစ်လှည်း က တစ်ရက် ပဲ သုံးလို့ ရတာ ဒါတောင် ကိုယ်ကိုယ်တိုင် သွားခပ်ရသေး။ တစ်လ ဆို ရေဖိုးတင် ခြောက်ထောင် တစ်သောင်း အောက်ထစ်ပဲ။ ကြည့်လေ အ၀ီစိ တွင်းရှိတဲ့သူတွေက မီတာခလောက်ပဲကုန်တယ်။ အ၀ီစိတွင်းမတူးနိုင်တဲ့သူတွေက ငွေရင်းမတတ်နိုင်လို့ ပိုကုန်တာ မဟုတ်ဖူးလား လို့ ဖြေခဲ့ဖူးပါတယ်။

မြန်မာပြည်မှာ ဆက်သွယ်ရေးစနစ်မကောင်းတော့ ပြည်ပ၀င်ငွေ ထွက်ရှာနေရတဲ့သူတွေ ဟာ မိသားစုကို ဖုန်းခေါ်ဖို့ အတွက် အခြားတိုင်းပြည်က လူများထက် အများကြီးပိုဈေးကြီးပါတယ်။ ဥပမာ မြောက်အမေရိကား ကနေ အင်္ဂလန် စတဲ့ ဥရောပ တိုင်းပြည်တွေကို တိုက်ရိုက် ဖုန်းခေါ်ရင် အလွန်ဆုံးကျလှ တစ်မိနစ် ၄ ပြားပါ။ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကို ခေါ်ဆိုရတဲ့နှုံးထားလဲ ဥရောပ တိုင်းပြည်တွေလောက်ပဲကျသင့်ပါတယ် ထိုင်းနိုင်ငံကို ခေါ်ဆိုရင် လွန်ရောကျွံရော ငါးပြားပါ. မြန်မာပြည်ကိုခေါ်ရင်တော့ တစ်မိနစ် ၆၅ ပြား လောက်ကျပါတယ်။ ၁၃ ဆ ပိုဈေးကြီးတဲ့သဘော။ ဒီပိုက်ဆံတွေဟာ မြန်မာပြည်အစိုးရလက်ထဲလဲ မရောက်သလို ပြည်သူတွေ ရှာဖွေထားတဲ့ ပိုက်ဆံတွေ အလဟသ ဆုံးရှုံးနေရတာပါ။ အဓိက က မြန်မာပြည်ရဲ့  ဖုန်းဆက်သွယ်ရေး စနစ်အခြေခံက မကောင်းတဲ့အတွက်ကြောင့်ပါ။

ဗမာ စကားပုံလေးတွေ ကအတော် တာသွားပါတယ်။ ပလိုင်းပေါက်နဲ့ ဖားကောက် ဆိုတဲ့ စကားပုံ ကို ရှင်ဂွိ သိပ်သဘောကျပါတယ်။ အပေါ်က ဘယ်လောက် ဖြည့်နေနေ အောက်မှာ အပေါက်ကြီးရှိနေရင်တော့ ဘယ်တော့ မှပြည့်မှာ မဟုတ်ပါဖူး။ အိမ်တစ်အိမ်ဆောက်ရင် ဖောင်ဒေးရှင်း မကောင်းရင် ခနလေး နဲ့  ပျက်ဆီးသွားမှာပါ။ အခြေခံ အဆောက်အဦ (infra-structure) က အလွန် အရေးကြီးပါတယ်။ အပေါ်ယံထုံးသုတ်လဲ ခဏပဲ ခံမှာပါ။ တစ်ခါထဲ ကောင်းအောင် မလုပ်နိုင်ရင် တသက်တာ ပြင်လို့ မဆုံးပါဖူး။ ရှင်ဂွိတို့ ဆီမှာ တံတားမဖွင့်ခင် ချဉ်းကပ်လမ်း ဟသွားတာကြောင့် တံတားဖွင့်ပွဲရက်ကို နောက်ရွှေ့ တဲ့ သတင်းမျိုး မကြာခဏ ကြားရပါတယ်။ ဒီတံတားတွေရဲ့ အရည်အသွေး မပြည့်ဝ ရင် အနှေးနဲ့ အမြန် ဆိုသလို ပျက်ဆီး သွားမှာပါ။ ဒီလိုမှလဲ အင်ဂျင်နီယာတွေ အလုပ်ရှိမှာလေ။ ပျက်လို့ မဆုံး တပြုံးပြုံး ပြင်လို့ မဆုံး တပြုံးပြုံးပေါ့။ ဒီလို ယိုပေါက်တွေ ရှိနေသ၍ ဘယ်လိုမှ ပိုလျှံလာတယ်ဆိုတယ် ဆိုတာ ရှိမှာမဟုတ်ပါဖူး။

ရှင်ဂွိ အမြင်ပေါ့လေ ပြောင်းလဲတယ် ဆိုတာ တစ်ယောက်ထဲ တစ်နေရာထဲပြောင်းလို့  ပြောင်းလဲသွားမှာ မဟုတ်ပါဖူး။ အခြေခံအဆောက်အဦ ဆိုတဲ့ နေရာမှ ရုပ်ဝတ္ထုတင်မက ပါဘူး။ စိတ် အခြေခံ အဆောက်အဦ လဲကောင်းဖို့ လိုပါတယ်။ စကားမစပ် အဖေ့ စာအုပ်ကြီး ဖတ်ရတာ အလွန်တရာ ပညာရပါတယ်။ လူတွေရဲ့  စိတ်ဓါတ် လူတွေရဲ့  အကြောင်းလဲ ပိုသိလာရပါတယ်။ လူတွေဟာ ကိုယ်မကြိုက်တဲ့သူ ကို နှံရင် ပြီးရော ဆိုပြီး လက်ခုပ်တီးကြတာများပါတယ်။ ဒီလူလုပ်တဲ့အလုပ်ထဲမှာ ၉၀ % ဆိုးလို့ ၁၀% ကောင်းနေရင်တောင် အဲဒီ ၁၀% ကို လက်ခံပြီး ကျန်တဲ့ ၉၀% နဲ့ ခွဲခြားပြောဆိုသင့်တာပါ။ တကယ့်အဆိုးအကောင်းကို အကျိုးနဲ့အကြောင်း ခွဲခြားပြောဆိုမှ အပြုသဘောနဲ့ ထောက်ပြပြောဆိုရာရောက်ပါတယ်။

ဟိုတစ်နေ့ က လူ ၉၀ ယောက် ရဲ့ အားပေးခြင်းကို ခံရတဲ့ လူတစ်ယောက်ရဲ့  အဆိုအမိန့် ကို ဖတ်ကြည့်မိပါတယ်။ ရှင်ဂွိတော့ လက်မခံနိုင်ပါဖူး။ ကဲ အများနဲ့ တစ်ယောက် နင်လက်မခံနိုင်လဲ မတတ်နိုင်ဖူး လို့ ပြောချင်ပြောပါ။ ရှင်ဂွိလဲ ကိုယ့်အမြင်ကို တပြားမှ မလျော့နိုင်ပါဖူး။ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပါရစေ။ အနှီပုဂ္ဂိုလ် က ဆိုလာပါတယ်။ လျှပ်စစ်မီးမှာ အရှုံးပေါ်နေရင် ရေအားလျှပ်စစ်ရောင်းချလို့ရတဲ့ ဓါတ်ငွေ့ရောင်းချရတဲ့ အမြတ်တွေနဲ့ ခုနိမ်လို့မရဘူးလား?အဲဒီငွေ(ရောင်းရငွေ)တွေကရော ပြည်သူတွေ မပိုင်ဘူးလား? လို့  ဆိုလာပါတယ်။

ဒီစာသားမှာ အကြောင်း ၃ ချက် ပါရှိပါတယ် ပထမ အချက်က ရေအားလျှပ်စစ်တွေ ဓါတ်ငွေ့ တွေ ရောင်းချ နေခြင်း ဆိုတဲ့အချက် ။ ကိုယ့်မိသားစုအတွင်းတောင် မလုံလောက်နေတဲ့အချိန်မှာ ဘိုးဘွားအမွေအနှစ်တွေကို မတန်တရာအောက်ကြေးနဲ့ ရောင်းစားနေတာပါ။ ဒါကို လက်ခံလို့ မရပါဖူး။ လုပ်တဲ့လူကို တားမြစ်ရမှာပါ။

နောက်တစ်ချက်က ခုနလိုရောင်းရတဲ့ အမြတ်အပေါ် ရယူသုံးစွဲလိုချင်းဆိုတဲ့ အချက်။ ဒါကိုလဲ လက်သင့် မခံနိုင်ပါဖူး။ မရောင်းသင့်တဲ့ ပစ္စည်းကို ရောင်းစားပြီး ရလာတာကို ဝေယူချင်တယ် ဆိုတာမျိုး ဖြစ်နေပါတယ်။ တတိယအချက်က လျှပ်စစ်မီးကို အရှုံးပေါ်တဲ့အတိုင်း ဆက်ထားဖို့ ။ လူတွေရဲ့ သဘောကိုက လွယ်လွယ်ရရင် လွယ်လွယ်သုံးပါတယ်။ နိုင်ငံတကာမှာလဲ လျှပ်စစ်မီတာ ခတွေ တိုးနေတာပါ။ အစိုးရက နေရာတကာ ကို ဈေးလျော့ပေးရမယ်ဆို လူတွေ အတွက် အမှန်တကယ်လိုအပ်တဲ့ ကျန်းမာရေးတို့ ပညာရေးတို့  အတွက်ကို ထည့်ဝင်နိုင်မှု လျော့နည်းလာပါလိမ်မယ်။ တစ်ခုမဟုတ် တစ်ခု ရွေးရပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်စေလိုပါတယ်။ ကိုယ်က ရသင့်တယ် ဆိုရအောင် ကိုယ့်ရဲ့  ဘာလုပ်ဆောင်မှု တွေက တိုင်းပြည်ရဲ ပြည်တွင်းဝင်ငွေ (Gross Domestic Product) ပြည်တွင်းပြည်ပ ၀င်ငွေ (Gross National Product) အတွက်မည်မျှ စွမ်းဆောင်ပြီးပြီလဲ။ တကယ်လို့ သာ အ၀င်မရှိပဲ ရှိတာကို ဝေပုံကျ ခွဲဝေယူကြစို့  ဆိုရင်တော့ ပဒေသာပင်လဲ ကုန်မှာပါပဲ။
အစိုးရအဖွဲ့ ကြီးသာပြောင်းသွားတယ် လွှတ်သဘင်မှာ အရင်အတိုင်းပဲ ဒုံးရင်းဒုံရင်း ခေါင်းပေါင်းစ ညာချလို့  လက်ညှိုး ထောင်ခေါင်းညိမ့် နေမယ်ဆိုရင် လူတွေဖက်က လဲ ၄၉ နှစ်ကာလ လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ လက်ဖက်ရည်ဖိုးက စလို့ အာဝါဒါးနေမယ်ဆိုရင်တော့ ဘာမှ ဖြစ်လာမှ မဟုတ်ပါဖူး။ အခြေခံ ကနေ စလို့  အားလုံးကို ပြင်ရမှာပါ။ သူများတွေ တိုးတက်တာကို အားကျတယ် သူတို့ လို ဖြစ်ချင်တယ် ဆိုရင် အဲဒီလို ကြိုးစားမှ ဖြစ်မှာပါ ။ ပဒေသာပင် မြေက အလိုလိုတော့မပေါက်ပါဖူး။ ပါးစပ်နဲ့ တင်ပြောင်းလဲလို့ မရနိုင်ပါဖူး။

လူတွေက ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ အလိုလိုနေရင်း ကောင်းနေတယ်လို့ ထင်ကြပါတယ်။ တကယ်တမ်း ကောင်းတယ် ဆိုရင်တောင် သူတို့  ဘာကြောင့်ကောင်းလာသလဲဆိုတာ သိဖို့ လိုပါတယ် ။ ဒီအတိုင်းနေရင်းထိုင်ရင်း ကောင်းနေတာမှ မဟုတ်တာ။ အမြင်မှာ ကောင်းတာတွေနဲ့ အတူ ပေးဆပ်ရတာတွေလဲ ရှိပါတယ်။ ကဲကဲ လာသွားမယ် ကိုယ့် အချစ်ရဲ့ လိုက်ရဲလား.. လိုက်မယ်ဆို ဆက်ပြောမယ် ရှင့်။

အစဉ်အရမ်းမိတဲ့ အိမ်ရှင်မလေး ရှင်ဂွမ်းဂွိ (ခ) ရှင်ပိန်းဂွိ



5 Responses to “လန်ဒန်ပေးမေတ္တာစာ”

  1. 1 မသေးမျှင်

    အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ … ဒါမျိုးလေးတွေ များများရေးပါ….. အဖေ့ဘွတ် ကလူတွေ ပြောစရာ -င်ပိတ်ငြင်းစရာ …အစလေးတွေ များများရအောင်.. ပြောကားပြော၏ မရ (ဘာမှ မရ အရည်ရော အဖတ်ပါ…) ဆိုတာ အဖေ့ဘွတ်ကြီးပေါ်က လူပညာရိတွေကိုပြောတာတော့…(စာလုံးပေါင်းမှားတာ မဟုတ်ဘူးနော် တမင့်ကို ဒါမျိုးပေါင်းထားတာ.. ခစ်ခစ်)

    ရှင်ဂွမ်းဂွိ ကို အရမ်းကြိုက်သွားပြီ အော်တိုလိုက်ရေးခိုင်းဦးမှပဲ..(လေယာဉ်လက်မှတ်ခ ငွေစုလိုက်ဦးမယ်.. :D)

  2. လာဖတ်ပြီးပြုံးရယ်သွားပါကြောင်း

  3. ကဲကဲ လာသွားမယ် ကိုယ့် အချစ်ရဲ့ လိုက်ရဲလား.. လိုက်မယ်ဆို ဆက်ပြောမယ် ရှင့်။

    အမ ကို ခေါ်ရင် တော့ လိုက်ပါမယ်…. ဆက်ဖတ်ချင်ပါတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    • 4 bobolansin

      အမ ငြိမ်ငြိမ်လိုက်နော် ဟီး စတာ

  4. 5 Nan

    ဂွိရေ တညွန့်တည်း ညွန့်နေကြပြန်ပါပီ။ အဲဒီညွန့် ကို ပိတ်ဖြူပါတ် ဖိုးသူတော်အဖြစ်တာမြင်ပါရစေ။ ကျောချမ်းလို့ပါ ၊ ဝလည်း အိမ်ရှင်မဆိုတော့ ခပ်ပိန်းပိန်းပဲ တွေးမိပြန်ပီ။ သွပ်..သွပ်..သွပ်..းD


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: