မမခင်၏အမတ်ခရီး

02Jan12

၁၉၇၀ခန့်က မြန်မာပုံစံ မင်္ဂလာဆောင်တပွဲက လူကြီးမိဘများနှင့်ရိုက်သည့်ဓာတ်ပုံတပုံကို မှတ်မိနေသည်။ မေမြို့ သမ္မတအိမ်ဟောင်း လင်ကလူဒင်ရှေ့တွင် ကျနော့အဖိုးအဖွားများ အခြားဘိုးဘွားစုံတွဲတတွဲနှင့် သတို့သားသတို့သမီးများဖြစ်ပါသည်။ အမဝမ်းကွဲနှင့် တော်လှန်ရေးကောင်စီဝင်တယောက်သားမင်္ဂလာဆောင်တွင် ကောင်စီဝင်၏ယောက္ခမ လူဝင်လူထွက်မင်းကြီးဟောင်းဦးထွန်းညိုနှင့် ဇနီးဒေါ်မမခင် (မဟာသိပ္ပံ၊ချီကာဂို)က လူထုဦးလှ-ဒေါ်အမာတို့နှင့်အတူ နှစ်ဖက်ဘိုးဘွားလုပ်ပေးရသည်။ ထိုမှ ဒေါ်မမခင်နှင့်ပတ်သက်သည်များဖတ်မိသောအခါ ထိုအမျိုးသမီးကြီး၏နိုင်ငံရေးဘဝကိုပါ သိလာရသည်။ သူကား စစ်ကြီးမတိုင်ခင်က မြန်မာအမျိုးသမီးထဲမှ ရှားရှားပါးပါးဖြစ်သော မင်းတိုင်ပင်အမတ် ၄ ဦးထဲက တဦးဖြစ်သည်။ မိန်းမအမတ်တွေကို အမတ်မင်းမဟု အာလုပ်ပြုရမလားဟု သိပ္ပံမောင်ဝ သနပ်ခါးတွင် သောလုံးထုတ်ခဲ့သည်။ ဒေါ်မမခင် အမတ်ဖြစ်ပုံမှာကား နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီအတွက် ကြားရွေးကောက်ပွဲတွင် ရမည်းသင်းဘက်မှ အရွေးခံခဲ့ခြင်းပင်။

အရွေးခံရလောက်အောင်လည်း ဒေါ်မမခင်သည် ပညာရေး လူမှုရေးများတွင် ရှေ့တန်းရောက်ခဲ့သူဖြစ်သည်။ မြန်မာအမျိုးသားထဲမှ သိပ္ပံပညာဘက် ပေါက်ရောက်သူရှားသည့် အင်္ဂလိပ်ခေတ်တွင် ဒေါ်မမခင်က အမေရိကန်ပြန် မဟာသိပ္ပံဖြစ်သည်။ အာဟာရဗေဒကို အထူးပြုလေ့လာခဲ့ပီး မြန်မာပြည်တွင် ကင်းထောက်မဂ္ဂဇင်း၊ ကျောင်းနှင့် ကောလိပ်သိပ္ပံမဂ္ဂဇင်းများ၊ သမဂ္ဂမဂ္ဂဇင်းတို့မှအပ ပထမဆုံး ကျောင်းသားသတင်းစာ (အပတ်စဉ်ထုတ်)ကို ၁၉၄၀ က အယ်ဒီတာလုပ်ထုတ်ခဲ့သူမှာလည်း ဒေါ်မမခင်ပင်။ ပြင်သစ်အတွေးအခေါ်ပညာရှင် ရူးဆိုး၏ အီမီလီပညာရေးကျမ်းကို ၁၉၃၀ ကျော်ဦးက စတင်ပြန်ဆိုခဲ့ကာ အမျိုးသားပညာဝန် အီဒင်ဘာရာတက္ကသိုလ်မှ ပညာရေးဘွဲ့ရ ဦးထွန်းညိုနှင့် အကြောင်းပါခဲ့သည်။ ဒေါ်မမခင် ငယ်စဉ် ဒေါ်ကြီးကြီးကျောင်းဆရာမဘဝကလည်း မြို့မကျောင်းရန်ပုံငွေကပွဲကြီးတွင် အနော်ရထာအဖြစ် အသုံးတော်ခံခဲ့သေးသည်။

ဦးထွန်းညို ရန်ကုန်မြူနီစီပါယ်တွင် ပညာရေးအရာရှိလုပ်စဉ်ကလည်း မြန်မာကျောင်းဆရာများကို ဒေသန္တရဘုရားဖူးပို့သည့်ခရီးများကို လင်မယားနှစ်ယောက် ကြံဆောင်ခဲ့ကြရုံမက ဗုဒ္ဓဂါယာသို့ပင် ပို့ခဲ့သေးသည်။ ပြပွဲများ အမျိုးသမီးအဖွဲ့များတွင်လည်း ရှေ့တန်းမှပါခဲ့သူ မိန်းမရှေ့ဆောင် မင်းကတော်တဦးဖြစ်သည်။ စစ်မဖြစ်ခင် ၅ တန်းသုံး ပြည်သူ့နီတိစာအုပ်ရေးသူလည်းဖြစ်သည်။ သို့သော် မင်းကတော်ကြီး အမတ်ဖြစ်လာသောအခါ လယ်သီးစားဥပဒေကြမ်းတခုတင်နိုင်ရုံလောက်သာ စွမ်းဆောင်နိုင်သည်ကို တွေ့ရပါသည်။ ဒေါက်တာကြီး၏ ပါတီနိုင်ငံရေးတွင်လည်း ရှေ့ရောက်မလာရုံမက ဆာပေါ်ထွန်းလူဟု ဒေါက်တာအထင်လွဲပီး လမ်းခွဲခဲ့ရသည်။ ၁၉၄၁ က စနေနဂါးနီက ဗမာအမျိုးသမီးများအရေးဆောင်းပါးတစောင်တွင် ဒေါ်မမခင်က ၄င်းသည် ယခင်ကလည်း အမျိုးကြီးပွားတိုးတက်ရေး လွတ်လပ်ရေးအတွက် စွမ်းအားရှိသလောက် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလည်း လွတ်လပ်ရေးအတွက် တတ်နိုင်သမျှ ကူညီအားပေးရန် အသင့်ရှိကြောင်းပြောခဲ့သေးသည်။ သို့သော် စစ်ပီး အင်္ဂလိပ်အစိုးရရွေးချယ်ခန့်သည့် ဥဒေပြုကောင်စီဝင်သွားသည်မှ ဒေါ်မမခင်၏နိုင်ငံရေးစခန်းသတ်သွားခဲ့သည်။ ဂျပန်ခေတ်တွင် ဂျပန်နှင့်မကင်း စီးပွားရှာခဲ့သော ဒေါ်ခင်ခင်ကြီးလို ပညာရေးမဟာဘွဲ့ရ မြူလူကြီးဟောင်းပင် မြန်မာအမျိုးသမီးအသင်းဥက္ကဋ္ဌအဖြစ် ကွန်မြူနစ်ခေါင်းဆောင်များ၏ဇနီးများ ဒေါ်ခင်ကြည်စသူတို့နှင့် လုပ်ကိုင်ခဲ့သေးသည်။ ဒေါ်မမခင်တို့ သမီးခင်ပွန်းကား မြန်မာပြည်လမ်းညွှန်ထုတ်ခြင်း၊ သုတေသနအသင်းလူကြီးဘဝနှင့် အစည်းအဝေးတက်ခြင်းတို့သာ ရှိတော့သည်။ အမေရိကန်မှသင်လာသည့် အာဟာရဗေဒအတတ်မှာလည်း ဘယ်အခါမှ အသုံးချမခံရတော့။ စာရေးဆရာမကြီးတယောက်အနေနှင့် စာပေလုပ်သားက ကန်တော့ခံရသည်သာ နောက်ဆုံးတွေ့ရသည့် သူ့ပုံရိပ်ဖြစ်သည်။

ဘယ်သူမှ မသိတော့သောသူတယောက်အကြောင်း စာဖွဲ့နေရခြင်းမှာ ပညာရှင်ဆိုသူများအတွက် ဖြစ်ပါသည်။ နိုင်ငံရေးကို လူပေါင်းမှားခြင်း၊ နာမည်ကြီးနေရာရလိုမှုတို့ အရင်းတည်ပီး ဝင်ခဲ့လျှင် ဓားမပါဆုံးတတ်ပါသည်။ မဆလအမတ်ဟောင်း နိုင်ငံခြားပြန်ပါရဂူများ ပါမောက္ခများဒါဇင်နှင့်ချီကျန်ရစ်ပါသည်။ ပီးခဲ့သည့် စစ်အစိုးရလက်ထက်တွင်လည်း ပညာရှင်အမျိုးသမီးများစွာ အသင်းအဖွဲ့ပေါင်းစုံဝင် အမျိုးသားညီလာခံတက်နှင့် တွင်ကျယ်ခဲ့ပါသည်။ ပြည်သူ့အထင်အမြင်ကိုလည်း သတိမူမိကြဟန်မတူပါ။ တိုင်းပြည်အတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့သလား၊ ကိုယ်ကျိုးပိုကြည့်မိသလားဆိုတာ ကာယကံရှင်များပဲသိပါသည်။ ထိုစဉ်က ဝန်ကြီးချုပ်အိမ်တွင် ဝင်ထွက်၍ ထမင်းချက် မြက်ရိတ်လုပ်ပေးနေသော စာရေးဆရာမ ညွှန်ချုပ်စသူတို့မှာ ယခုလည်း လှေကြုံစီးကောင်းဆဲပါ။ အရင်းလဲ အဖျားထင်းဖြစ်သူတချို့သာ သံဝေဂတွေ ရသွားကြသည်။ ထို့ကြောင့် ကိုယ့်သိက္ခာနှင့်ကိုယ် လုပ်နိုင်သည်ကို ရွှံ့အပေမခံပဲ လုပ်နေသည့် ဒေါ်မြင့်မြင့်ခင်၊ ဒေါ်လှမြတ် (မန္တလေးဗြဟ္မစိုရ်) စသည့် ပါမောက္ခဟောင်းများကို နမူနာယူပီး သပွတ်အူလိုက်နေသည့် ဗမာနိုင်ငံရေးကို သေချာမသိပဲ မစွက်ဖက်ကြဘို့ ပညာရှိအပေါင်းကို မေတ္တာရပ်ပါသည်။

ဒေါက်တာမောင်မောင်ရေးသော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မြန်မာ့နိုင်ငံရေးခရီးစာအုပ်ပါ ဗိုလ်ချုပ်ကြီးဆီ အလကားအကြံပေးလုပ်ချင်ကြသော တရားဝန်ကြီး(တရားလွှတ်တော်တရားသူကြီး)များကြောင့် မြန်မာတရားစီရင်ရေးစနစ် ဤမျှ လက်လွတ်စပယ်ပျက်စီးခဲ့ရသည်မှတ်ပါသည်။ ထိုနည်းတူ ပညာသင်ကြားရေးတွင်လည်း အမိုက်ခံပြောဝံ့သော ဆေးနှင့်စက်မှုဆရာတချို့ကြောင့်သာ တချို့သော သက်မွေးဝမ်းကြောင်းပညာသင်တက္ကသိုလ်များ မြန်မာလိုသင်ရမည့်ဘေးမှ ကံဖယ်သွားခဲ့ကြသည်။ ပညာ သဘာ အာဘာ နတ္ထိ။ ပညာကို ပညာရှိစောင့်ရမည်။



One Response to “မမခင်၏အမတ်ခရီး”

  1.ွGreat job…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: