နှစ်ပေါင်း ၅၀

05Jan12

ဗမာပြည်နိုင်ငံရေးရာဇဝင်တွင် ဗြိတိသျှအုပ်စိုးမှုနောက် အကြာဆုံးကာလရှည်ကြီးဟု ဆိုလောက်သော စစ်အုပ်စိုးမှုခေတ် (၁၉၆၂ စ)နှင့်ပတ်သက်ပီး အမြင်မျိုးစုံကွဲပြားနိုင်သော်လည်း နိုင်ငံရေးလွတ်လပ်ခွင့်နည်းခြင်းနှင့်ပတ်သက်ရွေ့ကား မည်သူမျှ ငြင်းချက်မထုတ်နိုင်။ အဘယ်ကြောင့်ထိုမျှ စစ်တပ်ခေတ်ရှည်ကြာရသနည်းမေးလာရလျှင် လက်နက်နှင့်ဖိစိုးမှုအပြင် အခြားစဉ်းစားစရာအချက်များရှိသေးသည်ကို မမေ့သင့်။ လူမျိုးစုကွဲပြားမှုပြဿနာကို လက်ညှိုးထိုးသည်ကမဆန်း၊ အာဏာပိုင်များကိုယ်နှိုက်သုံးနေကျအကြောင်းပြဖြစ်သည်။ (လူမျိုး ၁၃၅ မျိုးလုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းလာနိုင်သည်ဟု စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်စောမောင်က မိန့်ခွန်းပေးဘူးသည်)။ မြန်မာ့နိုင်ငံရေးအလေ့၏ ပဒေသရာဇ်ဆန်မှု၊ ခေါင်းဆောင်ပေါ်မှီခိုမှု ဤအချက်များကလည်း ပြောရိုးပြောစဉ် ဖြစ်နေလေပီ။ ဗုဒ္ဓဘာသာသြဇာ၊ လူမျိုးခြားမုန်းတီးမှု၊ ကွန်မြူနစ်ဝါဒသြဇာ၊ ပညာရေးနှင့်အခြေခံယန္တရားများချို့ငဲ့မှု၊ လက်ညှိုးထိုးစရာများက ပေါလွန်းလှသည်။ ကျွနု်ပ်တို့ စဉ်းစားရန်မေ့နေတတ်သည်က တချက်ရှိသည်ဟု ထင်သည်။ ယင်းကား မီဒီယာခေါ် လူထုဆက်သွယ်ရေးနည်းလမ်းများမှ နိုင်ငံရေးကိုကြိုးကိုင်လိုသည့် အင်အားစုများကြားလွန်ပွဲဖြစ်သည်။ တနည်း စစ်အာဏာသိမ်းမှုမတိုင်မီက တိုင်းပြည်အနေအထားကို ရှုထောင့်စုံအောင် မစဉ်းစားပဲ ဦးနု၏ပြည်တော်သာခေတ်ကြီးကို စစ်ဓားပြတိုက်မှုဟု သုံးသပ်ခြင်း၊ တိုင်းပြည်ပြိုကွဲမည့်ဘေးမှကယ်တင်လိုက်ရခြင်းစသည့် ဘက်ပါသည့်အမြင်များက အများမီဒီယာတွင် ကြီးစိုးနေခြင်းဖြစ်ပါသည်။

ခက်သည်က တိုင်းပြည်၏အနီးခေတ်သမိုင်းကို ပြန်ပြောင်းဖွင့်ပြရန်မှာ လွန်ခဲ့သည့်တနှစ်ခန့်ကပင် ဖြစ်နိုင်ခဲလှခြင်းပင်။ ၁၉၆၂ နောက်ပိုင်းအကြောင်းများ ပိုတိတိကျကျပြောရလျှင် ၁၉၄၈ နောက်ပိုင်းကာလကိုပင် ပွင့်ပွင့်လင်းလင်းပြောကြရေးကြရန်မှာ ပြည်တွင်းအနေအထားတစုံတရာပွင့်လင်းလာသော ပီးခဲ့သည့်နှစ်ကမှ အခြေအနေပေးလာခဲ့သည်။ ထိုချိန်တွင် ထိုကာလများကို မီလိုက်ပီး ခရာစေ့တွင်းကျသုံးသပ်နိုင်သူက ဒါဇင်အနည်းငယ်သာကျန်တော့သည်။ ထိုသူတွေ မည်သူမည်ဝါဟုသေချာသိပီး ထိုသူတွေနှင့်အပြိုင်ဆွေးနွေးဖွင့်ဟနိုင်မည့် မီဒီယာသမား ပညာရှင်ဆိုသူမှာ ပို၍ရှားလှသေးသည်။ ပီးခဲ့သည့်ရွေးကောက်ပွဲက အညာမှ ဘီဒီအေဗိုလ်သင်တန်းဆင်းဆိုသည့် စစ်ပြန်အမတ်လောင်းမှာ သူနှင့်အပတ်စဉ်တူဆိုသည့် ဗိုလ်ချုပ်သူရတင်ဦးနှင့် လေလှိုင်းအမေးအဖြေလုပ်ချိန်တွေ မရေမရာတွေဖြစ်ကုန်တော့သည်။ ဖြစ်သင့်သည်က မီဒီယာများဘက်က ဤကိစ္စမျိုးကို ပွဲမဝင်ခင်သေချာအောင်စစ်ဆေးပီးမှ ပွဲထုတ်သင့်သည်။ ယခုတော့ တော်တော်အကျည်းတန်သည်။

ထိုသို့မရေမရာကာလမျိုးတွင် အကောင်းဆုံးက ယခင်ခေတ်အကြောင်းများကို ထိုခေတ်မီဒီယာစာပေများမှ ရသလောက်ထုတ်နုတ်လေ့လာခြင်းဖြစ်သည်။ ထိုမှသာ ဝါရင့်ပုဂ္ဂိုလ်ဟု တံဆိပ်ကပ်ထားသူတချို့ ယခုကာလပြောဆိုမှုများနှင့် ယခင်ကသူတို့ (ဝါ) သူတို့အသိုင်းအဝိုင်းကထွက်ခဲ့သည့်ဟန်ပန်လေလံချင်း အဘယ်သို့ကွာခြားပုံ သမိုင်းကိုတဆင့်ချင်းပြောင်းလဲတင်ပြခဲ့ပုံကို နောက်ခံကြောင်းရင်းနှင့်တကွ သိလာရမည်။ တချိန်က လူတစုသည် အကျိုးတူပူးပေါင်းခဲ့ကြပီးနောက် ကာလတခုတွင် စေ့စပ်မရပဲ ဆန့်ကျင်တိုက်ခိုက်ကြပုံ၊ ထို့နောက် အကျိုးစီးပွားဆုံစရာပေါ်လာလျှင် အဘယ်သို့လေသံပြောင်းပီး ပြန်ငြိမ်းချမ်းရေးယူတတ်ပုံစသည့် ရာဇပရိယာယ်ကို သမိုင်းကိုဆန်းစစ်ခြင်းမှသာသိနိုင်သည်။ မြန်မာပြည်ပြဿနာကား လွတ်လပ်ရေးမရခင်ကထဲက သပွတ်အူအဘသဖွယ် ပွေလီရှုပ်လာခဲ့ရာ နှစ်ပေါင်း ၆၀ ကျော်ခါမှ အမှားအမှန်အဆိုးအကောင်းခွဲပြဘို့က များစွာအငြင်းထုတ်စရာဖြစ်ရတော့သည်။ အင်အားစုများမှာ အနှစ် ၆၀ ကျော်အတွင်း ပြိုင်ဆိုင်မှုလျော့သွားသည်မရှိဘဲ ပြိုင်ဘက်သစ်များသာ တိုး၍လာနေခြင်းကြောင့် နိုင်ငံရေးမျှခြေတခုပေါ်မလာဘဲ မည်သို့မှ အတိတ်သမိုင်းကြောင်းက ရှင်းမလာနိုင်သလို သမိုင်းကြောင်းမရှင်းနိုင်သေးပဲလည်း ပြဿနာတွေက လျော့ပါးမသွားနိုင်ပဲ ဤမှာ ဂျာအေးရိုက်နေသည်။ သမိုင်းသည် အတိတ်မဟုတ်ဆိုသောဆိုရိုးကြီးကိုသာ နာနာခဲရင်း လမ်းစကိုရှာရမည်။

တဖက်ကလည်း ဒီပုဆိုးဝတ်လျှင် ဒီချေးပါမည်ဆိုသော ဗမာစကားမှာ ရိုင်းပီးတရားသေဆန်သော်လည်း ဗမာပြည်တွင် မှန်ရန်ရာခိုင်နှုန်းများသောခန့်မှန်းချက်တခုဖြစ်နေသေးသည်။ အမျိုးသားချင်း တဖက်ကောင်းစားလျှင် တဖက်ကကြည်ဖြူပီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီစံများအတိုင်း တလှည့်စီစိုးမိုးအုပ်ချုပ်ဖို့ မြန်မာနိုင်ငံရေးအင်အားစုများကို အကြံပေးကြသူများသည် မြန်မာရိုးရာကိုမသိသူများလည်းဖြစ်မည် သို့မဟုတ် ပြောနေကျကြောင်ပါးများလည်းဖြစ်မည်။ နိုင်ငံရေးအာဏာသည် အကြွင်းမဲ့အုပ်စိုးမှုနှင့် ဓနအင်အား၏ ရင်းမြစ်ဖြစ်ပီး အာဏာလက်ဆုပ်ရမိသူသည် သေခါမှသာ ဖြေလျှော့လိုသောဆန္ဒရှိပါသည်။ သို့တွက် မြန်မာပြည်ပြဿနာရှင်းဘို့ရာတွင် နိုင်ငံရေးသမိုင်းကို အများသိထက်ပိုင်အောင်သိပီး မြန်မာ့သော့ချက်ဇာတ်ရှုပ်ဖြစ်သည့် အာဏာကိုမျက်စပစ်နေသူများနှင့် အပိုင်စီးထားသူများကြားက ပဋိပက္ခရင်းမြစ်ကို သေချာမီးမောင်းထိုးရှင်းပြနိုင်မှသာ ရှေ့ဆက်ရမည့်လမ်းကြောင်းကို ရှာတွေ့နိုင်ကြမည်ဟု မျှော်လင့်ပါသည်။ အတိတ်သမိုင်းကို ပြန်လှန်စောကြောရင်း မသိမောဟနှင့် အာဃာတ စိုးရွံ့မှုများကို ပယ်ဖျောက်ကာ ယုံမှားစွဲလမ်းမှုနှင့် တယူသန်ရပ်တည်ချက်များကိုလည်း လာဘ်မျှော်ကိုးမှု ဘယာကြောက်ရွံ့မှုတို့ကြောင့်မဟုတ်ပဲ ဓမ္မဒိဋ္ဌာန်ကျကျ ချေဖျက်ရှုမြင်တတ်ကြပါစေဟု မျှော်လင့်ပါသည်။ ပြည်သစ်တည်လိုလျှင် လူသစ်ဆောက်ရသည်။ ဆက်ပါအုံးမည်။



No Responses Yet to “နှစ်ပေါင်း ၅၀”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: