ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်

08Jan12

စာတကာ့စာ ဘယ်စာကြိုက်ဆုံးမေးလာလျှင် ခရီးသွားနှင့် ပြဇာတ်ဟုဖြေရမည်။ ဤ ၂ မျိုးမှာ အချီအချနှင့် ရွှင်ရွှင်သွက်သွက်နိုင်ခြင်း၊ ခြေဦးတည့်ရာလည်ပတ်ဂျပိုးထိုးနိုင်ခြင်းဟူသော ဂုဏ်သတ္တိများနှင့်ပြည့်စုံသည်ဟု ယူဆသည်။ သို့သော် ယနေ့ခေတ်တွင် ရှေးကထက် သွားရေးလာရေးလွယ်လာသော်လည်း လူတွေ ခြေချုပ်ပိုများလာသည် ထင်ပါသည်။ အင်တာနက်က လူတွေကို မသိစိတ်က ချုပ်ကိုင်ထားသလို စီစဉ်တကျခရီးစဉ်များနှင့် အချိန်အနှောင်အတုပ်များက ရှေးကလို အညာဘုရားဖူး ၂ ပတ် ဆိုတာမျိုး ပေတရာထိပ်ကျိန်းလုပ်ဖို့ အခြေအနေမပေးတော့ပါ။

ဒါပေမင့် စိတ်ကတော့ ငြိမ်မနေနိုင်ပါ။ အင်တာနက်ရှိသရွေ့ ခရီးကို ဒိဗ္ဗစက္ခုလှည့်နိုင်ကြသည်။ သူများတွေ ဘယ်သွားဘယ်လာသလဲကြည့်၍ လူမှုစီးပွား ယဉ်ကျေးမှုဓလေ့စုံကိုလည်း သိနိုင်သည်။ သို့သော် ထိုအင်တာနက်ကြောင့်ပင် ခရီးထွက်ချိန်တွေပုပ်ရသည်။ မနက်ထထဲက နေ့လယ်ထိ အင်တာနက်ထိုင်နေမိ၍ ခရီးမတွင် မြို့မပတ်နိုင်သည်ကို ကြုံဘူးကြပါမည်။ နေပါအုံး ဟိုတယောက် ဘာဖြစ်နေပီ သိချင်လို့၊ ဟိုသတင်းလေးက ဒီရက်ထဲထူးလို့၊ ခုသွားမယ့်နေရာအကြောင်းသိရအောင် စသည့် ဗာဟီရအပေါင်းက တက်ခေတ်လူသားကို အထိုင်ကျစေသည်။ တဖန် ခရီးသွားလျှင်လည်း သူများပြဘို့ မှတ်တမ်းတင်ရသည့်အရေးကလည်း အင်မတန်ကျယ်ပြောပါသည်။ စိတ်ကူးရှိသလောက် ပုံရိုက်မှတ်တမ်းတင်စက်များကလည်း ဆန်းပြားလာရကား ရှုဒေါင့်စုံမှ ရိုက်၍မငြီး ကနစိုးသီးဖြစ်ဖူးကြပေမည်။ အဆုံးသ၌ ဖေ့စ်ဘုတ်နှင့် ဘလောက်အယ်လ်ဘမ်မှလွဲပီး ဘာမှတင်မကျန်ခဲ့သည့် အလဟဿ ငွေကုန်လူပန်းခရီးများလည်းရှိတတ်ပေသည်။ ထိုအကြောင်း ဒေါက်တာအောင်ကြီးလည်းရေးဘူးပီ။

ထို့အတူ ခရီးသွားမှတ်တမ်းများတွင်လည်း ခရီးသည်၏ စိတ်သွင်ကို မမှန်းဆုပ်နိုင်ပဲ ခရီးသွားဒိုင်ယာရီမျှ ပျင်းစရာကောင်းပီး ကာလဒေသအငွေ့အသက် ဘာမှမကျန်သည်များကလည်း ဤခေတ် ဗမာဘလောက်များကိုဖတ်လျှင် တထပ်ကြီးထွက်လာပေမည်။ အင်တာနက်ခေတ်ကြီးသည် လူတွေကို ပိုပီးအမြင်တိုစေကာ ငါတကောကောခွင့်ကို မိုးမမြင်လေမထိ အာဏာကုန်ဇက်ဖွင့်ပေးသလိုရှိလေသည်။ မောင့်သဘော မယ့်သဘော ရေးပါပြောပါသော်ကော ဘယ်သူမှမဖတ်လည်း ကိုယ်အပြန်တရာဖတ်လျှင် ကိုယ်နှင့်မပြိုင်းမရိုင်းများကြိုက်လျှင် တန်ပါသည်၊ ကိုယ့်အတ္တကိုယ်အစာကျွေးပီး အတ္တဘဝက ပိုမိုမြင့်မောက်ကာ ကိုယ့်သိုက်မြုံနှင့်ကိုယ် ပီတိဝေဆာရသည်မှာ အဆက်အဆံနဲကြသောရှေးခေတ်ထက် အကြားအမြင်များလာသော ခုခေတ်တွင်ပိုသိသာလာသည်။

သို့တွက် ပြည်ပတွင်နေသူတချို့ကလည်း ကိုယ့်ဝန်းကျင်မှလွဲပီး တခြားလေ့လာအကျိုးများစရာတို့ကို ရေမြေခြားတွင်မသင်ယူ၊ မြန်မာလောကနှင့်ပျော်နိုင်ကြသည်။ သို့လျှင် အသီးအခြား ကမ္ဘာငယ်လေးများနှင့်ပျော်မွေ့ကြရကား ပြည်ပပညာသင်တချို့မှာ တိုင်းပြည်နှင့်အဆက်အသွယ်မကောင်းချိန် ခေတ်ဟောင်းကလူများလောက်ပင်
ပြည်ပအလေ့အလာအလေ့ဟပ်မှုမရှိတော့ပဲ မြန်မာပြည်မှာဖတ်သည့်စာမျိုး၊ နာသည့်တရား၊ ဆုံရာမိတ်မျိုးစသည့် ကိုယ့်ဥခွံလေးကို ရေမြေခြားထိသယ်သွားကြတော့သည်။
မြန်မာပြည် တရုတ်ကုလားတန်းများက အိမ်တွင်းပုန်းအမျိုးသမီးများနှင့်မခြားတော့ပဲ ပြည်တွင်းက အကြားအမြင်များသူတို့လောက်ပင် အသိအမြင်မနိုးကြားမတောက်ပသည်များကို တွေ့နေရသည်။

တိုင်းပြည်ပြန်တည်ထောင်ရမည့်ကာလမျိုးတွင် ပြည်ပသို့လေ့လာရေးများပင် လွှတ်နေရ၍ ပြည်ပရောက်များကော ပြည်တွင်းနေများပါ အကျိုးရှိရာရှိကြောင်း ဉာဏ်ကြီးကြီးနှင့်သုံးသပ်သင်ယူကြမှ ရောက်ရာဒေသတွင်ရော ကိုယ့်ရပ်ဌာနီတွင်ပါ အောက်ကျနောက်ကျလူသုညဘဝ သူများပြောတာကို ပါးစပ်အဟောင်းသားနှင့် လူအတရားနာနေရသည့်ဘဝမျိုးမှ လွတ်ကြပေမည်။ ထိုထက် တိုင်းပြည်ကောင်းကြောင်းလုပ်ကြမည့် ရွယ်ကောင်းလူကောင်းအမျိုးသားသမီးများလည်း ခြေချုပ်စိတ်ချုပ်ဘဝများမှ အမြန်ဆုံးလွတ်ပီး စိတ်ကူးပေါက်သလောက် ကမ္ဘာ့အကြောင်းမြန်မာ့အကြောင်းလေ့လာနိုင်စေချင်ပါသည်။ အထူးသဖြင့် ခရီးအတူသွားဘို့စကားစဘူးသော ၈၈ မှ ကိုကုလားမခေါ် ကုလားမဇေယျကို ခရီးအခေါက်ခေါက်လိုက်ပို့ချင်ပါသေးသည်။ မြသန်းတင့် ကျော်အောင် သော်တာဆွေ မင်းရှင် ဒဂုန်တာရာ မမလေး ခင်ဆွေဦးစသည့် ခရီးတွေအကြိမ်ကြိမ်ထွက်ခဲ့ မှတ်တမ်းကောင်းတွေရေးပီး ခေတ်ကာလလူ့ဘဝတွေကို ကမ္ပည်းတင်နိုင်ကြသူများကိုလွမ်းပါသည်။



One Response to “ငှက်ငယ်ပမာ ငါလျှင်လှည့်ပတ်”

  1. “အင်တာနက်ခေတ်ကြီးသည် လူတွေကို ပိုပီးအမြင်တိုစေကာ ငါတကောကောခွင့်ကို မိုးမမြင်လေမထိ အာဏာကုန်ဇက်ဖွင့်ပေးသလိုရှိလေသည်” ဟုတ်ပါသောကား…။ ခေတ်ကာလအလျောက်ပေကိုး…း))


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: