(ဘေ)မောင်တင် ပရိုဖက်ဆာရာပြည့်

25Jan12

ကမ္ပည်းကျောက်စာဝန်နေရာရွှေ့သွားသော ပြင်သစ်လူမျိုး ဒူရွိုင်ဇယ်၏ ရန်ကုန်ကောလိပ် ပါဠိပရိုဖက်ဆာဆရာကြီးနေရာတွင် ရန်ကုန်ဟိုက်စကူးကျောင်းဆရာကြီး ၂၄ နှစ်ရွယ်သူ မန္တလေးတောင်ခွင်သာသနာပိုင်မြေး မြန်မာခရစ်ယာန် မောင်တင် (အမ်အေ၊ ကာလကတ္တား)ကို ဟိုနှစ်တရာက ခန့်ထားသည်။ ဘားနတ်ပိဋကတ်တိုက်အုပ်၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အယ်ဒီတာချုပ်၊ လန်ဒန်ပါဠိအသင်း အရှေ့တိုင်းကိုယ်စားလှယ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲစစ်အရာရှိတာဝန်များလည်းယူရသည်။

၁၉၂၀ တွင် မောင်တင်ကို အောက်စဖို့ဒ်ပို့၍ ဘီလစ် စာပေဘွဲ့ယူစေရာ အဋ္ဌသာလိနီခေါ် အဘိဓမ္မာ အဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းများကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ဘွဲ့ယူခဲ့သည်။
ထိုဘွဲ့ရဘူးသူ သူ့နောက်တွင် ဒေါ်မြစိန်၊ ဒေါက်တာထင်အောင်နှင့် မင်းသုဝဏ်တို့ဖြစ်သည်။ ဘိလပ်တွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ သဘောကို ဆင်ခြင်မိရာမှ ရှေးဟောင်းစာပေကို ပြန်လည်ဖော်ထုတ်ရန် စိတ်ကူးပေါက်သည်။ ခေတ်မီမြန်မာစာပေသစ်ကို ဖန်တီးရန်လည်း အကြံရသည်။ အောက်စဖို့ဒ် ဗော့ဒလီယန်စာကြည့်တိုက်၊ လန်ဒန် ဗြိတိသျှစာကြည့်တိုက်၊ အိန္ဒိယပြတိုက်၊ အိန္ဒိယရုံးစာကြည့်တိုက်တို့တွင်ရှိ မြန်မာပုံနှိပ်စာအုပ်များနှင့် ပေပုရပိုက်များ ရှာဖွေကာ မှတ်စုရေးသားစုဆောင်းခဲ့သည်။

ရန်ကုန်ပြန်ရောက်လျှင် တက္ကသိုလ်မြန်မာစာသင်ရိုးအဆင့်မြှင့်ရန်၊ ဘီအေ (ဂုဏ်ထူးတန်း)၊ အမ်အေတို့ထိ တိုးချဲ့သင်ကြားနိုင်ရန် စာဟောင်းပေမူတို့ကို မြန်မာပညာရှိများနှင့် တည်းဖြတ်ကာ သုတေသနအသင်းမှ ထုတ်ဝေသည်။ ဘကုန်း ဖဦးထုပ်သတ်ပုံငြင်းရသည်မျိုးကအစ အစဉ်အလာပညာတတ်တို့၏ ခဲကပ်မှုကို သည်းခံဖြေရှင်းခဲ့ရသည်။ ထို့နောက် ပုဂံကျောက်စာအရေးကို စံပြုသည့် ခေတ်စမ်းစာပေကို အစပျိုးပေးခဲ့သည်။ ခေတ်စမ်းသည် စစ်ပြီးခေတ်ရုံးသုံးမြန်မာစာ၏ ဘခင်လည်းဖြစ်သည်။ မြန်မာစာပေသမိုင်းကိုပြုစုကာ အမှုရောက်ခဲ့သည်။ စစ်ပီးခေတ်တွင် သမိုင်းကော်မရှင်ဥက္ကဋ္ဌခန့်သည်အထိ တပည့်ပညာရှင်အရာရှိများက ကြည့်ရှုကြသည်။ သမိုင်းသည် သူ့အဖို့သမီးယောက်ဖဖြစ်သည်။ (လုစ်ကိုနှမပေး)

ခေတ်စမ်းလှုပ်ရှားမှုကို သူ့ထက် အနှစ် ၁၅ နှစ် ၁၀ နှစ်ခန့်စောသော ပရိသတ်ပိုကြီးသော ပီမိုးနင်း ဦးဖိုးကျားတို့ စာတိုစာသွက်အရေးအသားများထက်ပို၍ သမိုင်းတွင်နေရာပေးကြသည်မှာ သမိုင်းဆရာများ၏ ဆရာ ရောင်းရင်းများ၏ တက္ကသိုလ်လှုပ်ရှားမှုကြောင့်ပေလော တွေးစရာရှိပါသည်။ ခေတ်စမ်းပေါ်ချိန် ၁၉၃၀ ကျော်ခေတ်ထက် ခေတ်စမ်းဆရာများကောင်းစားချိန် လွတ်လပ်ပီးခေတ်တွင်မှ ခေတ်စမ်းသည် မြန်မာပညာရေးတွင် ကျောင်းသုံးဖြစ်ပါသည်။ မြန်မာစာ အရေးအသား ပိုသပ်ယပ်အောင် ၁၉၆၀ ကျော် ငွေတာရီမှ ဂန္ထလောကဆရာများက အချောကိုင်ပေးကြသည်။ ထိုမှနောက် ကြီးမြတ်သော ဆရာမှိုင်းအမွေကို ဆက်ခံစရာ ကဗျာကဝိများအဖြစ် ခေတ်စမ်းတပည့်များက ခေတ်စမ်းဆရာများကို စင်တင်ပေးကြသည်။ မှိုင်းနှင့် ဇော်ဂျီကြား ဒဂုန်ခေတ် လယ်တီပဏ္ဍိတနှင့် ဆရာအဆူဆူ၏ နှောင်းဂန္ထဝင်ခေတ် ရောမန္တိကတခေတ်ကို မေ့ပစ်ခဲ့ကြသည်။ စင်စစ် ခေတ်စမ်းနောက်ကျသား ဒဂုန်တာရာပင် ဒဂုန်စင်တော်ထွက်။ သို့တစေ ဦးဘေမောင်တင်သည် မြန်မာပြည်၏ ဒေါက်တာဟူရှီ၊ လူရွှန်းသဖွယ် လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ပီး စာပေတခေတ်ပြောင်းရေးတွင် ကျေးဇူးကြီးပါသည်။ စာပေ သမိုင်း နိုင်ငံရေး ဒဿနိကတို့လို ဝိညာဉ်ဆန်သော ဘာသာရပ်တို့တွင် စွမ်းအင်ကြီးသော ဆရာအကြီးအကဲရှိမှသာ ထိုတိုင်းပြည် ထိုလူမျိုးတို့အခြေမြင့်စရာရှိပါသည်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင်က မြန်မာထဲက ခန့်ထားခံရသော အခြားပါမောက္ခများမှာ ဦးမေအောင် (ဥပဒေ)၊ (စည်သူ)ဒေါက်တာလှဘူး (ယုဒသန်ကောလိပ်ကျောင်းအုပ်၊ သဘာဝတ္ထဗဒ)၊ (မဟာသရေစည်သူ)ဒေါက်တာဘဟန် (ဥပဒေ)၊ (ဝဏ္ဏကျော်ထင်) ဦးဧမောင် (မြန်မာစာ) ၊ (မဟာသရေစည်သူ ဒေါက်တာ)ဦးဘ (ဆရာဖြစ်သင်ကောလိပ်ကျောင်းအုပ်၊ ပညာရေး) တို့ဖြစ်သည်။



2 Responses to “(ဘေ)မောင်တင် ပရိုဖက်ဆာရာပြည့်”

  1. 1 Htun

    If I’m not mistaken, Dr. Htin Aung never received B. Litt from Oxford. Thanks.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: