ပျဉ်ဦးလွန်သို့ လွန်းလျက်သာ

07Apr12

ဘလောက်မကိုင်တာကြာပီ အဖွားနှစ်လည်လေး ရေးမှ စိတ်ကူးတုန်း အန်တီ ဝင်ဒီလောရုံကို သွားသတိရသည်။ မြောက်အီလီနွိုင်းက ဆရာစော ပြောဘူးသလို ဗမာပြည် ဘာသတိရဆုံးလဲဆို အပေါင်းအသင်းပါပဲ။ ကိုယ်နဲ့လေပေါက်တူတာ ချင်းမှ ပိုအလွန်းသင့်တာကလား။ သို့ကြောင့် ဗမာပြည် သတင်းစာလောက ရှေးဖြစ်ဟောင်း ပြောလို့ရသည့် နေးရှင်းနှင့် ဘိလပ်လာအဖွဲ့ကျသလို အင်တာနက်မှလည်း လူ့ပြည်မှာ (မရှိတော့သော)ဇဝန၏ ပေါက်စနှင့် တွေ့နေသည်။

တလောကတင် အန်တီ ဝင်ဒီနှင့်စပ်၍ အိုးဝေ ဦးညိုမြသမီး လွစ်လမ်းတွင် လက်ဘက်ရည်ဆိုင်ဖွင့်ထားကြောင်း သူတွေ့ခဲ့သည်ကိုပြောသည်။ အဲဒိ လက်ဘက်ရည်ဆိုင် ဆနွင်းမကင်းကောင်းတာ သိတယ်၊ မြနဲ့စတယ်၊ သူ့သမီးမှန်းမသိတာဟု ဖလှယ်မိသည်။ အဲဒါ သူ့အဖေမသာမှာ ဆေးပေါ့လိပ် အဖေနဲ့ တပုံစံထဲခဲတဲ့ အညာက သမီးဆိုဒါ နေမယ်ဟု တက္ကသိုလ်စိန်တင်ရေးတဲ့ သူ့ဆရာအကြောင်းကို ပြန်ဖောက်သည်ချခဲ့သည်။

အန်တီက သူ့အဖေအကြောင်း ကျားကြီး ခြေရာကြီးဟု စာအုပ်ရေးနေသည်။ အဖွား အဖိုးအကြောင်း ရေးခဲ့သည့်စာအုပ် ထွက်လာသည်ကို ပြောမိသလို အဖွားရာပြည့်မှာ သူ့အကြောင်း စာအုပ်ကောင်းလေး တအုပ် စာပေထုပ္ပတ္တိသဘောမျိုး ထွက်စေချင်သည်။ အဖွား လက်ကုန်နှိုက် ရေးခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဦးသိန်းဖေ၏ ဆရာလွန်း အတ္ထုပ္ပတ္တိမှ တဆင့် နှောင်းခေတ်ပရိသတ်များ ဆရာကြီးအကြောင်း ရိပ်ဖမ်းသံဖမ်း နားလည်ကြရသည် မဟုတ်လား။ လူကြီးတွေ သမိုင်းတွေ အကြောင်း ရှုဒေါင့်မှန်နှင့် မျှတစုံလင်စွာ ရေးသည့် စာအုပ်တွေရှိမှ လူတွေ အတိတ်ကို ခြေမြစ်စွာ နားလည်နိုင်ကြမည်။

ဒေါ်အမာ စာအုပ်ထုတ်ပီး ဒေါ်အမာဝါဒ ထူထောင်ရန်လည်း မဟုတ်စေရာ။ ဒေါ်အမာလို့ တခေတ်မှာ ရေရှည်တည်တံ့ခဲ့တာ ဘာတွေကို ဆင်ခြင်တတ်လို့ တနည်း ရွှံ့စေးအညစ်နဲ့တူတဲ့ အာဏာတန်စိုး လော်လီသည့် ဘူးတောင်းကျော်ကြားမှုနောက် မလိုက် ကိုယ့်အမြင်ပေါ် ကိုယ် ရဲရဲကြည်ကြည် စိုက်လိုက်မတ်တတ် လုပ်နိုင်ခဲ့လို့ လူရှိန်ခဲ့ကြသည်ပဲ ခေတ်ပေါ် နိုင်ငံရေးလောကနဲ့ နောက်လိုက် ဝေနေယျများ သိစေလိုသည်။

နိုင်ငံရေးလောကက ဒီလို အမြဲဖောသွပ်နေမည်မဟုတ်ပဲ ချပ်ချိန်တန်ချပ် မှတ်ချိန်တန်မှတ်ပါလိမ့်မည်။ အရေးကြီးသည်က ရေရှည်တည်ဆောက်ရေးဖြစ်သည့် ပညာရေး စာပေနှင့် အခြေခံ လူမှုဖူလုံရေးမှာ စီးပွားရေးတည်ဆောက်မှုနှင့်အတူ လူအများစုကြီးအတွက် ဦးတည်မြှင့်တင်ပေးဖို့သာ ဖြစ်သည်။ ရှေ့က မျိုးဆက်အဆက်ဆက်လည်း ခေတ်ပျက်တွေ ခေတ်ကြပ်တွေထဲ ရေဆန်ကိုလှန်ပီး ထူထောင်ခဲ့ကြသည် မဟုတ်ပါလား။

သြော် အဖွား စာတွေတွန်းရေးသွားခဲ့တာ လူတွေ ဖတ်စေချင်လို့ပဲ။ ပရောဂျက်နဲ့ စာအုပ်ထုတ်တဲ့ နိုင်ငံရေးနဲ့ ကမ်ပိန်းစုံ လုပ်ကြတဲ့ အလေ့လည်း မသိရှာပါဘူး။ မန္တလေးညနေတွေမှာ ဆနွင်းမှိုင်း နာနာတိုက်ပီး ယပ်တောင်တဖျတ်ဖျတ်ရိုက် စာရေးသွားတာပဲ။ မနက်ခင်းလည်း စောစောထ လမ်းလျှောက် ဈေးဝယ် ဘုရားခန်းက ထွက် တရေးအိပ်ပီးတာနဲ့ စာရေးတာ ဧည့်သည်စုံနဲ့ စကားပြောတာ စားချိန် ကာဖီသောက်ချိန်တွေ နှုတ်ပီး ည ရေဒီယိုလာချိန် ၆ နာရီ ၇ နာရီထိ ဖြစ်သည်။

စာရေးဖို့ စာကလည်း ဖတ်ရသည်။ လိုချင်တာသိဖို့ စာရေးမေး ဖုန်းဆက်မေး လူတွေ့မေးဖို့ အိမ်ကိုဖိတ်ရနှင့် အင်တာနက်ခေတ်လည်း မဟုတ်ရကား အတော်တော့ အပန်းသား။ စာရေးစရာတွေ တတန်တက ပြောလာရေးလာသူကလည်း မရှား။ အရင်က မှတ်စုအဟောင်းတွေထဲ သိမ်းထားသည့် အကြောင်းအချက်တွေ ပြန်သန့်စင် ထည့်သွင်းစေရသည်ကလည်း ရှိသည် (ဤသို့နှင့် စကြာရေချဇာတ်၊ ထန်းတောင်သူ စသည်တို့ ထွက်လာသည်) လူရေးလူဝတ် ကိစ္စတွေမလိုက်ပဲ ဘာသာ စာထိုင်ရေးနိုင်သူလည်း မဟုတ်ရှာ။

သူ့လိုပဲ ခေတ်အဆက်ဆက် ဗမာစာပေမှာ ဖြည့်တင်းခဲ့ကြသည်တို့က တောကျောင်းဘုန်းကြီးမိန့်သလို ရှေ့လူတွေရေးတာတောင် ဖတ်မကုန်သေး၊ ငါရေးစရာမလိုသေး။ ထိုစာဟောင်းတို့မှ သင့်ရာကောင်းနိုးတို့ကို ထုတ်နုတ်ဆင်ခြင် ကမ္ဘာနှင့်ယှဉ်ပီး စာသစ်ထွင်ဖို့က အနှစ် ၅ဝ ကျော်မက နောက်ကျသည်။ မောင်သာနိုးလေနှင့်ဆို မော်ဒန်လစ်ထရေချာက မူးလို့ရှူစရာမရှိသေး မော်ဒန်ဂျာနယ်လစ်ဇင်က မော်ဒန်ယဉ်ကျေးမှုက..။

အမေရိကန် ပါရဂူကျောင်းသားတယောက် အမြင်ကိုဆိုရလျှင် ကိုရီးယားက ဝင်လာသော အပေါစား ဟောလီးဝုဒ်ရောင်းကုန်ကို အာရှသားတို့ စုံစုံမက်မက် ရှိလှသလို တောက်တိုမယ်ရ ဆေးမြီးတို ဘာသာပြန်တွေ ပရောဂျက် ဝါဒဖြန့်တွေနှင့် ခေတ်ဟောင်း ဘာသာရေး အစွန်းရောက်မှိုင်းသင့်သည့် အာဏာရ ကြေးရတတ်ပိုင်း အထောက်အပံ့နွယ်ဟန်တူသော ဘာသာ သာသနာ အမျိုးသားရေး အရေခြုံ စာတစ္ဆေတွေလည်း လက်လက်ထနေသည်။

သြော် ငါ့အဖွား လက်အသားမာတက်အောင် ရေးသွားတာက လူမျိုးပေါင်းစုံ ချစ်ကြည်မှုတည်ဆောက်ရေး လူတန်းစေ့ လူ့ဘောင်ကို ချီတက်ရေး၊ ခုလို လူမျိုးမုန်းတီးရေး အာဃာတစာတွေ မီဒီယာ ဆိုတာတွေမှာ မရှက်မကြောက် လက်ခုပ်ချူစားနေတာ ဘာများပြောပ။ သူရေးတဲ့ တရုတ်စိုးမိုးမှု ဆန့်ကျင်ရေး ဘာသာ စာပေ ယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုတာတွေမှာ ဒီလို မီးမွှေးစာ သင်းခွဲစာတွေ မပါခဲ့ပါဘူးဟု ခေတ်ကာလ၏ ပျက်စီးခြင်းသဘောကို ဆဝါးရသည်။

ီဒီမိုကရေစီ အမည်ခံပီး ကိုလိုနီရှင်တို့ ယဉ်ယဉ်ကျေးကျေး သွေးစုပ်ရာ၊ ထို့နောက် လက်ဝေခံ အမျိုးသားရေးဝါဒီများမှတဆင့် အဆီအဥခွဲယူရာ နိုင်ငံရေးခေတ်အဆက်ဆက်ကို မြန်မာတို့ ကြုံလာခဲ့သည်မှာလည်း ပထမဆုံး ရွေးကောက်ပွဲပေါ်သည်မှ အနှစ် ၉၀ ရှိတော့မှာပဲ။ ခုထိ လူယဉ်ကျေးနိုင်ငံတို့မှာ အခြေခံ လက်ခံရာ နိုင်ငံရေး လူ့အခွင့်အရေး အမြင်မှန်ကို မြန်မာမှာ မစွဲမြဲပဲ မင်းလောင်းမျှော် နောက်လိုက်လုပ် အခွင့်အရေးယူချင်သည့် အကျင့်က (ဟို အနှစ် ၆ဝက စာပေဗိမာန် ဦးအေးမောင် ထောက်ပြခဲ့သည်) ကံကျွေးချ အစဉ်အလာအတိုင်း ဆက်မြဲနေသည်က အစိုးရဖိနှိပ်မှုထက် လူထုစရိုက်ကို ချယ်လှယ်သည့် စာပေဖန်တီးသူများ ညံ့ကွက်ချာကွက်ဟုသာ မြင်ပါသည်။

ပြန်ကောက်ရလျှင် တနေ့က လန်ဒန်တက္ကသိုလ်တွင် အီဂျစ် စာရေးဆရာ တဦး အာဏာရှင်ဆန့်ကျင်စာရေးသည့် သူ့အတွေ့အကြုံ အထူးသဖြင့် လစ်ဗျားတွင် ဖိနှိပ်မှုများအကြောင်း ပြောလာပါသည်။ သူတို့ တိုင်းပြည်များ၏ နိုးကြားတော်လှန်မှုတွင် စာပေ မီဒီယာ ဆိုသည်များကို မောင်းနှင်နေသူတို့၏ လူချင်းတူ သူချင်းမျှလိုမှု အရင်းခံသည့် အာဏာလွှမ်းမိုးသူတို့ကို အညံ့မပေး ခုခံဓလေ့ လေးနက်ပြင်းပြစွာ ရှိသည်က ပဓာန ဟု မြင်ပါသည်။ သမ္မတကြီးခင်ဗျား ဆိုသည်လောက်နှင့် အမေခေါ်စာမျိုးနှင့် မနေပဲ လူ၏ တဦးချင်း အမှီကင်းမှုနှင့် ဦးထိပ်ဝယ် ဘယ်သူမှမထား လူသား၏ အခွင့်အရေးကိုသာ ကိုးကွယ်သည့် သောမတ်စ်ပိန်းလို စာရေးသမားမျိုးတွေ များများထွက်မှ ဖြစ်ပါမည်။



One Response to “ပျဉ်ဦးလွန်သို့ လွန်းလျက်သာ”

  1. 1 honey

    bravo ko bo bo
    i miss your grandmother a lot


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: