အပူနှင့်အဧ

14Apr12

မောင်ပုတို့ ချစ်ချစ်တို့ ရောက်ကြပီလား။

ဟုတ်ကဲ့ ကိုကို ကျမတို့ ခုပဲ မေမြို့ရောက်တယ်။ မန္တလေးမဝင်ပဲ မြစ်ငယ်လမ်းက တက်လာကြတာ။

မင်းတို့ဆီရော အပူ တော်တော်ပြင်းရောပေါ့။ ဒီမှာတောင် ပူနေပီ။ ရွှေဥဒေါင်းရေးခဲ့သလို ၁၉၅ဝနဲ့ ၁၉၆ဝတောင် မေမြို့ အပူချိန်က မတူတာ၊ ခုဆို ကွာသွားပီပေါ့။

ဖျော်ရည်သောက်ကြပါအုံး။ တင်တင်က ဖလ်ခွက်ရှည်များနှင့် ထည့်လာသော ရှာလဘတ်ရည်များ လာချသည်။

ဒီလို အခါတွင်းဆို လူကြီးတွေ ရေကတော့ရတဲ့ချိန်ပဲ။ ခုတော့ ကတော့စရာလဲ မကျန်တော့ သလောက်ပဲ ဟု ကိုကိုခေါ်သည့်သူက စကားဆက်သည်။

တခါများ တောင်ကြီးရောက်သွားတော့ အာဏာသိမ်းချိန်မှာ သီပေါစော်ဘွား ပျောက်မသွားခင် ထမင်းစားသွားတဲ့ အိမ်က အိမ်ရှင် ဖက်ဒရယ်ခေါင်းဆောင်ကြီးကို ရှမ်းရွာသားတွေ ထော်လာဂျီတွေနဲ့ လာကတော့ကြတာ မှတ်မိတယ်။ ဒီလူကြီးမှာ ဘာအာဏာတန်စိုးမှလဲ မရှိတော့ဘူး။ နိုင်ငံရေးမှာ ဘာမှဝင်ပါတော့တာလဲမဟုတ်ဘူး။ အရင်ခင်ဟောင်းလက်စ ရှမ်းပြေအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ မမေ့တဲ့ ရှမ်းတောသားတွေ လာကတော့ကြတာပဲ။

အကြည်အညိုဆိုဒါမျိုးက ဟုန်းရေတက်သလို အရှိန်ကောင်းတုန်း ဒလိမ်းထိုးတက်ပီး ခွေးကျကျတာမျိုးလဲ ရှိတာကိုး ဟု မောင်ပု အခေါ်ခံ ပုဂ္ဂိုလ်က ဝင်ထောက်သည်။

၁၉၆ဝတုန်းက တပြည်လုံးက လူတွေ စစ်တပ်နဲ့ အပေါင်းအပါ ဆွေငြိမ်းတွေ ရမ်းကားတာ မခံနိုင်လို့ ရှိခိုးဦးတင် မဲပေးလိုက်တဲ့ သာသနာ့ဒကာကြီးလက်က အာဏာသိမ်းသွားပီးနောက် တိုင်းပြည်က ထွက်ဆူတယ်မှ မရှိခဲ့ပဲကို။ တောထဲအဆက်ရှိတဲ့ ကျောင်းသားတွေ ဘာသာရေး အခွင့်ထူးတွေ ဆုံးမှာစိုးတဲ့ ယန်းကီးဘုန်းကြီးတွေ ဒီလောက်ပဲ ထွက်ခဲ့ကြတာ။

ဟုတ်ပ လူတွေက ၆၂ ကျောင်းသားတွေ ဆူတာလောက် မှတ်မိကြတော့တာ။ ၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆိုဒါက နောက်ဆုံး ပါတီတွေ မဖျက်ခင် အကြီးအကျယ်ပြလို့ရခဲ့တဲ့ ပွဲ။ ဒိနောက်မှ ၁၉၆၅ မန္တလေး ဘုန်းကြီး ဆန္ဒပြပွဲ။ အဲဒိနောက် ၁၅ နှစ်ကြာမှ သံဃမဟာနာယကဖွဲ့ပီး ဘုန်းကြီးထုကို အုပ်နိုင်တော့တာဟု ချစ်ချစ်ခေါ်သည့် သူငယ်မကြီးက ဆိုသည်။ ချစ်ချစ်မှာ အညာမြို့တမြို့မှ ကျောင်းဆရာအမတ်ဟောင်းတဦးသမီး ဖြစ်သည်။ နိုင်ငံရေးနှင့် မပတ်သက်သော်လည်း တခုခု ဆိုသည်နှင့် ဖုန်းကောက်ဆက်ပီး အရပ်လည် သတင်းမေးတတ်သူမျိုး။

အဲသည့် နိုင်ငံရေးဆိုဒါမျိုးက အင်မတန်ဆဝါးရခက်တာ။ မထင်ပဲ ထဆူ၊ ဆူအောင် ဘယ့်နှယ့်လှုံ့ဆော်ပေမယ့် မထွက်။ ခုနေ စုံမှိတ်ယုံပေမယ့် တော်ကြာ ဟင်ခနဲဖြစ်ကုန်တာမျိုးက မဆန်းဘူး။

တခုရှိတာက လူတွေကို သိုးတွေ ကြွက်တွေလို လှိမ့်လို့ ဖိန်းလို့ရမယ်ထင်ယင် ခဏပဲ ရမယ်။ အလိမ်ပြေတာနဲ့ အဲဒိနိုင်ငံရေးအာဝါးတွေ ပြေးပေရော့ပဲ။ ဗမာပြည် နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမကြီး လူပေါင်းမှားပီး ဘယ်လို သိမ်သိမ်ငယ်ငယ်နဲ့ ပျံတော်မူခဲ့လဲ။ နာမည်ကြီး ဝံသာနုခေါင်းဆောင်တချို့၊ ပီးတော့ သခင်ဘသောင်းလို သခင်တို့ရဲ့ ဘုရားသခင်ကြီး နိုင်ငံရေးစန်း ဘယ်လိုခမ်းသွားလဲ ဒါတွေဟာ ယူတတ်ရင် သံဝေဂတွေပဲ။ ဒို့ဘိုးဘတွေခေတ်က ပစ္စည်းရှင်တွေ ထောက်ခံတဲ့ ၂၁ ဦး ပူးသတ်သမားတွေကို နောက် ဆယ်နှစ်ကြာတော့ အဲဒိ ပစ္စည်းရှင်တွေ သားသမီးတွေခေတ်မှာ စားဖား သူရဲဘောကြီးတွေ အခေါ်ခံနေရတာလဲ တကယ်တော့ မဆန်းတဲ့ သဘောပဲ။ ညစ်ပတ်တဲ့ နိုင်ငံရေး ယန္တရားမှာ ဒလက်ကြိုးဆင် ရှေ့ထွက်ရတဲ့သူတွေမှာ နောက်ကွယ်က မလွန်သာတဲ့ ဖိအားတွေက အများကြီး။ ဒါကို ကလကာကြားက ကြည့်တတ်မှ။

ဟာ အစစ်ပဲ။ လူတွေက မီးရောင်အောက်က ပြိုးပြိုးပြောင်ပြောင်တွေအောက်မှာ မြင်ရကြားရတာကို နိုင်ငံရေးမှတ်ကြတာ။ စတိတ်ခုံဆိုဒါက ပြဇာတ်ရဲ့ အကွက်ဖော်တဲ့ တခန်းရှိသေးတာဟု ပြောရင်း မောင်ပုက ရီသည်။

ဆိုဒေါ့ဗျာ လူတွေမှာ နိုင်ငံရေးဆိုဒါကြီးကို သိုက်စာဆေးစာလို ဟုတ်နိုးနိုးလိုက်မိကြယင် ကြာလာမှ ခါးမှန်းသိကြတာ။ လူထု အကြည်ညိုခမ်း စိတ်ကွက် စိတ်ကုန်တာ ခံရသူများဟာ ဘယ်လိုပင် စွမ်းစေကာမူ ပြန်ပေါ်လာဘို့ အများကြီး ခဲယဉ်းတယ်။ ၆၂ တုန်းက ဦးနုပျော့ကွက်တွေ သိတဲ့ စစ်ဗိုလ်တွေက နိုင်ငံရေးသမားတွေ ဆယ်နွေဆယ်မိုး အသံပေးလာတဲ့ ဆိုရှယ်လစ်နိုင်ငံကို ပတ်ကြမ်းတိုက် ထောင်တော့မယ်ပုံဖမ်းပြတော့ တချို့ ယောင်ပီး ကျသွားကြတာပဲ။ အများစုကတော့ တက်သမျှ အစိုးရ ငါ့ယောက်ဖ ဘယ်သူလာလာ ပြာနေအောင် ကြောက်ရတော့ အလိုက်သင့် မောင်ဘဦးဆိုသလို ဘသားတလှည့် ယောတလှည့်ပေါ့ ကိုကိုရဲ့ ဟု စကားလက်တံရှည်ကြီးဆွဲပီးမှ မောင်ပု ရှာလဘတ်ရည် ကုန်အောင် သောက်ချလိုက်သည်။

အဲဒါ အဟုတ်ပဲ အာဏာရှင် နိုင်ငံ သတင်းစာထဲလောက် ဒီမိုကရေစီရှိတဲ့ တိုင်းပြည်မျိုးမှာ လူတွေစိတ်ခံစားချက်ဟာ ပုံဖျက်ထားလေ့ရှိတယ် တနည်း ပုံဖျက်ဖော်ပြခံရတတ်တယ်။ မျက်စိကြီး နားကြီးဆိုတဲ့ အကွက်မြင်တဲ့သူတွေက ဆိုင်ရာပိုင်ရာ စာမျက်နှာတွေပေါ် ဟစ်လိုက်ယင် အလိုတူချိတ်ဆက်ရှိတဲ့ ကလောင်သမားတွေကလည်း ဘေးတီးပေး ဒီလိုနဲ့ ခေတ်ပြောင်းတယ်ဆိုဒါ ဖြစ်အောင် လုပ်ကြတာပဲ။ အောင်မြင်တာ မအောင်မြင်တာကတော့ ကာယကံ့ရှင်များ အစွမ်းအစ ဥသဟနဲ့ စေတနာ စင်ကြယ်ဘို့က ပဓာနပါ။ ဒီလိုနဲ့ ဗမာမှာ ခေတ်တွေကလဲ ပြောင်းလှပါပီ။ လူတွေအနေကတော့ စစ်ကြီးပီးစ ထူထောင်ရေးခေတ်ကထက်တောင် မွဲတဲ့သူလဲ မွဲ။ တချို့လဲ ကံကြမ္မာကောင်းတုန်း မိုးမမြင်လေမမြင် ဖြစ်တာလဲ ရှိပေါ့။ အချိန်တန်တော့ မြေကြီးက ရယ်တယ်ဆိုဒါလို တခါက ဟုန်းဟုန်းတောက်ခဲ့သူကြီးများ သမိုင်းအဆွေးပုံထဲမှာ တစ္ဆေသဘက်လို ကျန်ခဲ့တာပေါ့။

ဗမာပြည်ရဲ့ လက်ရှိ အပြောင်းအလဲကော ဘယ့်နှယ့်မြင်တုံးဟု ချစ်ချစ်က မေးတော့

ဘာတွေ ထူးခြားလာသတုံးဟု ကိုကိုက ပြန်ထေ့သည်။

ဒီမိုကရေစီသံ တစီစီ ကြားရပီး လွှတ်တော်ထဲ ဝင်ပြင်မယ်၊ ပီးတော့ နိုင်ငံခြားက ၇ ပြည်ထောင် မင်းသားတွေ သင်္ဘောစီးပီး အဆက်အဆံ ကူးသန်း လုပ်ကြတော့မယ်ဆိုဒါတွေက ကျမတို့ ရသေ့ပြည်ကြီးမှာ ရှင်အဇ္ဇဂေါဏ ဆိုက်သလို ထင်စရာပေါ့ရှင် ။

ဟုတ်ပါတယ် ပြောင်းတော့ ပြောင်းမှာပေါ့ ဒါပေတဲ့ ဒီစစ်တပ်အုပ်စီးထားတဲ့ တိုင်းပြည်ကြီးရဲ့ အခြေအနေက ဟို ဦးနုခေတ် အင်္ဂလိပ်ခေတ်တွေကို ပြန်မီလာရုံထက် ထူးနိုင်ပါ့မလား။ တိုင်းပြည်အုပ်ချုပ်တဲ့ လူတန်းစားဆိုဒါ ဘယ်တိုင်းပြည်မှာမဆို ထိပ်က အဆီအဖူး ခူးစားလာကြတာ။ ဒီတိုင်းပြည်မှာက ဘယ်တုံးကမှ လူထုလူတန်းစားစုံ အခြေတိုးအောင် ရေရေရာရာ ကြံစည်ခဲ့တာမှ မဟုတ်တာ။ မဆလခေတ်မှာ အခြေခံစားကုန်တချို့ငြိမ်အောင် ထိန်းထားနိုင်တာ တခုလောက်နဲ့ ဒီတိုင်းပြည်ဟာ ပြည်တော်သာခဲ့ဘူးတဲ့ အခွင့်မရခဲ့ပါဘူး။ စစ်ပီးခေတ် ဘိလပ်လေဘာအစိုးရလုပ်တဲ့ ရီဖောင်းတွေကို ကနေ့ထိ အင်္ဂလိပ်လူထု ခံစားနေရတာပဲ။ ဒါကို လက်ရှိ အာဏာရ ဓနရှင်အစိုးရက ဖြုတ်ပစ်ဖို့ ကြံနေတာပဲ။ ဗမာမှာ ဒီလောက် တက်လှမ်းနိုင်တဲ့အခွင့်ရှိယင် ခေတ်ပြောင်းတယ် ဆိုရမှာပေါ့။ သတင်းစာထဲ စပီကာရှိရာ လေဗူဘောင်းဖောက်နိုင်တာလောက်က ကုလားပြေ နေရူးဒီမိုကရေစီပေါ့။ ငတ်သေချင်သေကြ မသေခင်ပြောသွားကြအုံးပေါ့။ ဓနရှင်လက်ဖက်ထုပ်တွေက ဆိုင်ရာပိုင်ရာ အညွန့်ခူးမပျက်လေ။

နောက်ပီး လွှတ်တော်ကို တခမ်းတနားလုပ်ပြောနေတာက ရီစရာပါလား။ ဦးနုခေတ်မှာ လွှတ်တော်က အဓိကလား ဖဆပလ ရေခဲဆိုင်မှတ်တိုင်နားက ရုံးက အဓိကလား။ ဝင်ဒါမီယာက လူတသိုက်နဲ့ ဒဂုံရိပ်သာ စစ်ရုံးက စီမံတဲ့ ဒီမိုကရေစီလားဆိုဒါ လူတွေ ပြန်ကြည့်မှ သိမှာပဲ။ အများစုနေရာတွေက အာဏာရတွေ လက်ထဲပဲ။ သူတို့လက်လွှတ်ရမယ်ထင်ယင်လဲ ၅၈ ကလို သိမ်းပစ်မှာပဲ၊ ဒီတခါတော့ ဘယ်တော့မှ အတိုက်အခံမနိုင်အောင် ညစ်ပေးမှာပဲ။ နောက် ဆယ်နှစ်မှာ အတိုက်အခံဆိုတာတွေ စစ်တပ်သြဝါဒခံဖြစ်အောင် ဆွဲစားပြလိမ့်မယ်။ နိုင်ငံရေးအရလည်း မကျစ်လစ်၊ ဝါဒသဘောထားကလဲ အိယောင်ဝါး၊ သူတို့အုပ်စုတွေ ကိုယ်နှိုက်မှာက ဒီမိုကရေစီ မကျင့်သုံးတတ်တဲ့ နိုင်ငံရေး နာမည်ခံ၊ နိုင်ငံရေးမပါတဲ့ နိုင်ငံရေးလူပြက်တွေဟာ သိုင်းဂိုဏ်းခေါင်းဆောင်ကြီးတွေဘဝပဲ ရလိမ့်မယ်။ သိုင်းရေးကောင်းပေမယ့် တောင်ကုန်းကို တကယ်မသိမ်းနိုင်သူတွေအတွက် လူထုစည်းရုံးမှုယူပီး တကယ့်အပြောင်းအလဲ အာဏာကို အရယူဘို့ဆိုဒါ စစ်ဗိုလ်ယောက်ဖဖြစ်တောင် လွယ်မယ်မထင်ဘူး။ ဒီတိုင်းပြည်ရဲ့ အရင်းအမြစ်ဟူသမျှ နှစ် ၅ဝ ခံစားလာတဲ့သူတွေကိုး။ ဒီတော့ နောက်ကဝင်ရောမယ့် နိုင်ငံတကာ ကုန်သယ်တွေကလဲ ငွေရှိတဲ့သူကိုပဲ စကားပြောမှာပေါ့။ ကံစွမ်းရင် အန်ဂျီအိုဆက်တာမှာ အဝေစားရမှာပါ။ မာသာထရီဆာတို့ ဒိုင်ယာနာတို့လို စယ်လီဘရစ်တီ ကရုဏာရှင်တွေ မွေးပီး ကမ္ဘာ့စင်မြင့်မှာ ဇန်းတင်ပေး၊ ဆင်းရဲတဲ့ပြည်တွေမှာ ဘယ်သူတွေ နောက်ဖေးပေါက်က တက်နှိုက်နေကြသတုံး မောင်တို့ မယ်တို့ရဲ့ဟု လေရှည်ကြီးကို အဆုံးသတ်လိုက်လျှင်

ကိုကို ကျမတို့ ကန်တော်ကြီး လမ်းလျှောက်ကြအုံးစို့ဟု ချစ်ချစ်က စကားစ ဖြတ်လိုက်သည်။

(အနှစ် ၂ဝ က သေလွန်သော မာလာ၏ ဘီရိုကြားက ထွက်လာသောဝတ္ထု)



2 Responses to “အပူနှင့်အဧ”

  1. 1 kzy

    ကိုဘိုဘိုလန်းစင်ရေ
    အမေ လူထုဒေါ်အမာ ရေးတဲ့ ပြည်သူချစ်သော အနုပညာရှင်များ ဆိုတဲ့ စာအုပ်လေး download လုပ်ချင်လို့ လင့်ခ်ပေးလို့ ရမလား။

    • 2 bobolansin

      အကိုရေ ကျနော် ပီဒီက်ဖ်လုပ်ဖို့ စာအုပ်စကင်ဖတ်တာ မလုပ်နိုင်သေးလို့ပါ လုပ်နိုင်တဲ့သူရှိရင် ဝမ်းသာပါတယ်။ ခုထိတော့ မြန်မာ့မဟာဂီတပဲ တွေ့မိတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: