ဆွန်ယက်ဆင်၏ အရေးသုံးပါး

14Jun12

အမျိုးသား စည်းလုံးရေး ဒီမိုကရေစီရေး စားဝတ်နေရေး

ဗမာပြည်မှာ လူမျိုးစုံ ဘာသာစုံ ဆွေးနွေးပွဲ ဝပ်ရှော့ ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံ ဘာသာစုံက လူငယ် လူကြီး အစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေး စခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုး ဘာသာက ဗမာပြည်လိုပဲ များပြားတော့ အဓိကရုဏ်းတွေ ဖိနှိပ်မှုတွေ ဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထု လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလဲ တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ် လူငယ် အမျိုးသမီးတွေကလဲ ဒီအရေးကို အတော် ထက်ထက်သန်သန် ပြောနိုင်ကြတာ တွေ့ရပါတယ်။ အစိုးရ အုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့ အထိအတွေ့ ဆိုတာတွေ သိပ်များလာတော့ သူတို့ဆီမှာ ဒီလို အဓိကရုဏ်းတွေ ဖြစ်တာနဲလာပီး ခွဲခြားနှိမ်ချမှု ဆိုတာ ရှက်ရမှန်း သိလာတဲ့ လက္ခဏာ တွေ့ရပါတယ်။ ဒါကြောင့် မွတ်ဆလင် နိုင်ငံကြီးပေမယ့် အတော် သည်းခံ လွတ်လပ်ခွင့် ကျင့်သုံးနိုင်ကြတယ်။

ကျနော်တို့ ဆီမှာလဲ အရင်က ပတ်သက်စရာ မရှိတဲ့ အသိုင်းအဝိုင်း လူမျိုးစုံ စကားပြောခိုင်း နာကြည်းမှုတွေ ဖွင့်ပြောကြတော့ အပြန်အလှန် နားလည်မှု တမျိုး ရှိလာတာကို တွေ့ရပါတယ်။ ဒါကလဲ ပွဲပီးမီးသေပါပဲ ဆိုလဲ ဟုတ်နိုင်တာပဲ။ နေ့စဉ်ဘဝမှာ ဒီလို ခွဲခြားမှုတွေ ဆင်ခြင် ရပ်တန့်သွားဖို့က အစိုးရနဲ့ လူ့အဖွဲ့အစည်း တခုလုံး ပါဝင်လာမှ ဖြစ်တာကိုး။ အန်ဂျီအို တချို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းလေးတွေ စာဖတ်တဲ့ လူစုတွေမှာလောက် ကွက်ကွက်မှာ ကျင့်သုံးနိုင်တာက တကယ့် ရပ်ကွက်ထဲ ရွာထဲ ဖေ့စ်ဘုတ်ထဲ ရောက်တယ် မပြောနိုင်ပါ။

အဲဒိ ဆွေးနွေးပွဲတွေ ဆီ ခေါ်သွားတဲ့ စာပေနယ်က တချို့ မြစ်ဆုံကိစ္စမှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွနေတာ မြင်တော့ ရှက်မိပါတယ်။ တို့လူတွေလဲ မဆင်ခြင်ကြဘူး၊ မစောင့်စည်းဘူးလို့ပဲ အောက်မေ့မိတယ်။ ဒိကိစ္စမျိုးဟာ အမုန်း ဆန့်ကျင်ရေးနဲ့ ပီးသွားမှာ မဟုတ်၊ ရပ်တည်ချက်မှန်တဲ့ ဘယ် နိုင်ငံခြား သွေးစုပ်မှုမဆို ဝေဖန်တွန်းလှန်တဲ့ အလေ့ နိုးကြားမှသာ လူမျိုးရေး ကွက်ကွက်က ကျော်မြင်နိုင်ကြမှာပါ။ ဗမာဟာ တရုတ်လို နိုင်ငံကြီးကို ဆန့်ကျင်နေလို့ အကျိုးအမြတ် ရှိစရာ မမြင်ပါဘူး။ ပြည်တွင်းက တရုတ် လူနည်းစုကိုလဲ မျိုးနွယ်တူမှုနဲ့ ပုတ်ခတ်နေရင် ဒီလူတွေဟာ မြန်မာ အများစုနဲ့ ပိုလို့ အဟပ်ကွာရုံ ရှိမှာပေါ့။ ဒီအကြောင်း အမြင်ကျယ်တဲ့ နိုင်ငံရေးသမားတွေ လက်ခံကြတာပဲ။ ဘန်ကောက် ဖိုရမ်မှာ ကန်-တရုတ် စီးပွားရေး အားပြိုင်မှုမှာ ဗမာ ကြားညှပ်စရာ မဖြစ်ဖို့ ဒေါ်စု သတိပေးတာ ကြည့်ပေါ့။

လူမျိုးရေး ဘာသာရေး သွေးထိုးပီး အမြတ်ထုတ်တာဟာ ယုတ်ညံ့တဲ့ လက်ျာစွန်းသမားတွေ လုပ်တဲ့ ရှေးရိုးနည်းကြီးပါ။ သို့သော်လဲ တိုင်းပြည်က သိပ်နနေတော့ အခါမျိုးမှာ ဒီလိုအကွက်တွေကြောင့် အင်မတန် ထိခိုက်ပါတယ်။ စစ်မဖြစ်ခင် အိန္ဒိယ လွှမ်းမိုးတဲ့ခေတ်က အဓိကရုဏ်းတွေဟာ စစ်ပီး သူတို့သြဇာကျသွားချိန်မှာ ပျောက်သွားပေမယ့် ဒီအမာရွတ်ကို အမုန်းမျိုးချစ်စိတ် အနေနဲ့ တခြားကိုလိုနီလွန် နိုင်ငံတွေမှာ လုပ်တတ်သလို ဆွပီး အမြတ်ထုတ်တဲ့ နိုင်ငံရေး လူတန်းစားက ဆက်သုံးနေပါတယ်။ အိန္ဒိယမှာလဲ ဘာသာရေး အစွန်းရောက်ပါတီတွေ ဒီလို အဓိကရုဏ်းတွေ သွေးထိုးနေတာပါပဲ။ ဒါကို ဗမာပြည်က ဒီမိုကရေစီ သူရဲကောင်းဆိုသူ တချို့က ပေါ်တင် အမျိုးသားရေး အလံထူလာတော့ အတိမ်အနက် သိသူတွေက လာမယ့်ခြေလှမ်းတွေကို ရိပ်မိပီး ပူပန်ကြပါတယ်။ တိုင်းပြည်တပြည်ဟာ လူမျိုး ဘာသာစုံနေနေတာကို အမျိုးသားရေး ဆိုပီး အင်အားကြီးတစုက ချယ်လှယ် လက်ဝါးအုပ်မှာကို ဘယ်လူနည်းစုကမှ လက်ခံမှာ မဟုတ်ပါ။ ခုနေမှာ ဟိုလူအုပ် ဒီလူအုပ်ကို စွပ်စွဲ တိုက်ခိုက်နေသူတွေဟာ တခြားလူတွေကိုလဲ ဒီလို စုန်းယိုးဘို့ ဝန်လေးမှာ မဟုတ်ပါဘူး။

တိုင်းပြည် လူမျိုးဆိုတဲ့ အနောက်တိုင်း နိုင်ငံရေး သတ်မှတ်ချက်တွေကို ကိုလိုနီ အမွေ လက်ခံရလိုက်တဲ့ နိုင်ငံသစ်တွေမှာ ခေတ်ဟောင်း အစွဲအလမ်းတွေနဲ့ တုပ်နှောင်မိပီး ဒီသတ်မှတ်ချက်တွေနဲ့ လူအချင်းချင်း ခွဲခြား ကန့်သတ် တံဆိပ်ခတ်တာမျိုးဟာ နယ်ချဲ့ဟောင်းတွေ လုပ်ခဲ့တဲ့ မျိုးစွဲသွေးခွဲမှုမျိုးပါပဲ။ အဘ ဖက်ဆစ်နိုင်ငံတော်ကြီးအတွက် ဆိုပီး အသေခံမယ့် မျက်ကန်းလေးတွေ ပေါ်လာဘို့ပဲ ရှိပါတယ်။ အလံ မြေပုံ သမိုင်းစာအုပ် ဝတ်စုံ လူမျိုးခွဲခြားရေတွက်ပုံ စတာတွေနဲ့ သတ်မှတ်တဲ့ ခေတ်သစ် နိုင်ငံတည်ဆောက်ပုံသဘောကို နားလည်မှ ဘယ်သူတွေကို ဘယ်လို နိုင်ငံရေးအကွက်မှာ ဖယ်ထုတ်နှိမ်ချခဲ့တယ်ဆိုတာ မြင်တတ်မှာပါ။ အိန္ဒိယမှာ ဇာတ်စနစ်ဟာ ကိုလိုနီခေတ်လွန်မှ ပိုအားကောင်း ပြင်းထန်လာတယ်ဆိုသလို လူမျိုးရေး ပြိုင်ဆိုင်မှုဟာလဲ အာရှ အာဖရိက လွတ်လပ်တဲ့ နိုင်ငံတွေ သွားပေါက်ချိန်မှာ ကြုံခဲ့တဲ့ ပြည်တွင်း မငြိမ်မသက်မှုတွေအဖြစ် ပေါက်ကွဲလာတတ်ပါတယ်။ ဆက်ပီး မြုံခဲတင်းကျပ်ကျန်ခဲ့တာတွေကလဲ ဗုံးဟောင်းလို အစရှာသူတွေလက်ချက်နဲ့ ပြန်ပွင့်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲ တင်းမာမှု ပြေလျော့ဘို့မှာ တစုနဲ့တစု ရန်မွေး သရဲမွေး ခြောက်စား နေတာတွေ ရပ်ပီး လူလူချင်း လူမျိုး ဘာသာ နိုင်ငံရေး ရပ်တည်ပုံ စတဲ့ နောက်ခံတွေနဲ့ ခွဲခြားဆက်ဆံမှု ကင်းတဲ့ ဒီမိုကရေစီ စနစ်ကို သွားနိုင်မှသာ တန်းတူညီမျှ လွတ်လပ်နိုင်ကြမှာပါ။ မဟုတ်ရင် ချာချီ နိမိတ်ဖတ်ခဲ့သလို သူတို့မရှိတာနဲ့ သွေးချောင်းစီးတဲ့ ဗမာပြည် ဆက်ဖြစ်တာပဲလို့ ပြောနိုင်တဲ့ လူတန်းစားတွေကို ခေါင်းပေါ်တင်နေရ ပါလိမ့်မယ်။

တိုင်းရင်းသား နိုင်ငံခြားသား လူမျိုးစု ၁၃၅ မျိုး စတဲ့ အုပ်စိုးသူတွေ ဖန်တီးတဲ့ နိုင်ငံရေး ဇာတ်သွင်းတာတွေကို ဝေဖန်ပိုင်းခြားတဲ့ မျက်စိနဲ့ မြင်တတ်ကြပါစေ။



No Responses Yet to “ဆွန်ယက်ဆင်၏ အရေးသုံးပါး”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: