Hate Speech

14Jun12

စကားလုံးများဟာ လူတွေရဲ့ အတွေးတွေ နဲ့ စိတ်ဓာတ်တွေကိုလွှမ်းမိုးနိုင်ပါတယ်။ အခုဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းများမှာ သုံးလိုက်တဲ့ စကားလုံးတိုင်းမှာ အစွမ်းတွေရှိပါတယ်။ အခုလို
သွေးဆူနေတုန်းဆို လူကိုသေတောင် သေလောက်စေ နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ နားထောင်သူများကို ကိုယ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် တမင်တကာဘဲ ဖြစ်ဖြစ် အဓိကရုဏ်းကြီးထွားလာစေရေး ကိုသာ ရောက်စေလို့ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။

အခု အဓိကရုဏ်းမှာအသုံးများနေတဲ့  စကားလုံးများရဲ့ အဓိပ္ပာယ်ထဲမှာ လူမျိုး၊ဘာသာနဲ့ ဓလေ့မတူသူများကို ခွဲခြားနှိမ်ချဆက်ဆံလိုတဲ့ ဆိုလိုချက်တွေ တသီတတန်းကြီးပါနေလို့ ပါပဲ။ ကိုယ်က တစ်လုံးသုံးလိုက်တိုင်း ခွဲခြားပါ နှိမ်ချပါလို့ နားထောင်သူကို ပြောနေတာနဲ အတူတူဖြစ်တတ်ပါတယ်။ နောက်ဆုံး မျိုးတုန်းအောင်သတ် ပစ်ပါလို့ တွန်းနေတာနဲ့ အတူတူဖြစ်နေတတ်ပါတယ်။

အဲဒီစကားလုံးတွေရဲ့ ခွဲခြားပါ နှိမ်ချပါ ဆိုတဲ့ ဆိုလိုချက်တွေကို ဖျောက်ပစ်ပြီးရင်တော့ ကောင်းကောင်းပြန်သုံးလို့ ရပါပြီ။ ရေ နဲ့ အထပ်ထပ်ဆေးပြီးရင်ပေါ့။ ဘယ်လိုပြန်ဖျောက်ပစ်လဲ။ ဘယ်သူတွေက ဖျောက်မှာလဲ။ ဘယ်တော့ပျောက်သွားမလဲ။ အဲဒီအဓိပ္ပယ်တွေကို လူတွေကပဲ သွတ်သွင်းထားတဲ့အတွက် သုံးနေတဲ့သူတွေကပဲဖျောက်ရမှာပါ။ ဖျောက်ဖို့ ကတော့ အချိန်တွေ ကြာပါမယ်။ ဖျောက်နိုင်ဖို့ အတွက် အဲဒီဆိုလိုချက်တွေ စကားလုံးတစ်ခုစီကို ဘယ်လို ရော လာတယ်ဆိုတာ အရင်သိမှရပါတယ်။ ဒါကတော့ ရေရှည်လုပ်ရမယ့်ကိစ္စပါ။

ဒါဆို အခုလောလောဆယ် ဘာလုပ်လို့ ရမလဲ။ ဘယ်လိုသုံးရမလဲ။

အခု အင်တာနက် ပေါ်မှာ တွေ့ နေတဲ့အဖြစ်တစ်ခုကို ဥပမာအနေနှင့် စကြည့်ရအောင်ပါ။

ခေတ်ပညာတတ်သူတွေ နိုင်ငံတကာ အတွေ့ အကြုံရှိသူတွေဟာ Racist လို့ ခေါ်တဲ့ စကားလုံးရဲ့  အဓိပ္ပာယ်ကိုကောင်းကောင်းသိပါတယ်။ ထဲထဲဝင်ဝင်မသိရင်တောင် အပေါ်ယံကြောတော့ ကောင်းကောင်းသိပါတယ်။ အလွန်ရွံစရာ ကောင်းတဲ့ စကားလုံးလို့ လည်း အကြမ်းဖျင်းသိပါတယ်။ လူမျိုးမတူမှုအပေါ် အခြေခံပြီး ကိုယ်နဲ့ ဆက်ဆံသူအပေါ်ကို ခွဲခြားမယ် နှိမ်ချမယ်ဆိုရင် အဲဒီခွဲခြားဆက်ဆံတဲ့သူကို လူဆန်တဲ့ တိုင်းပြည်တိုင်းမှာ အရမ်းကို အထင်သေးပါတယ်။ ဥရောပ ဘောလုံးပွဲသတင်းတွေမှာ ကြားမိပါလိမ့်မယ်။ လူမျိုးရေးခွဲခြားတဲ့  အပြုအမူကြောင့် စကားလုံးကြောင့် ဒဏ်ရိုက်ခံနေရတာ၊ အရှုပ်ချခံနေရတာတွေ။

အခု ခေတ်ပညာတတ်သူတွေ နိုင်ငံတကာ အတွေ့ အကြုံရှိသူတွေကို အဲဒီ Racist ဆိုတဲ့စကားလုံးက ပြူးပြ နေပါပြီ။ ရှေ့ တည့်တည့်က လာကြည့်နေပါပြီ။

နိုင်ငံတကာ မီဒီယာတွေက အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့  အဖြစ်အပျက်တွေကို မွတ်စလင် နှင့် ဗုဒ္ဓဘာသာ အဓိကရုဏ်းဆိုပြီး သုံးပါတယ်။ ခေတ်ပညာတတ်သူတွေ နိုင်ငံတကာ အတွေ့ အကြုံရှိသူတွေ အတော်များ များရဲ့  ကန့် ကွက်သံတွေထွက်လာပါတယ်။ ကန့် ကွက်ချက်ထဲမှာ အဓိက ထောက်ပြကြတာ ကတော့ အခုကိစ္စဟာ မွတ်စလင်နဲ့  ဗုဒ္ဓဘာသာဝင်တွေရဲ့ အရေးမဟုတ်ဘူး၊ ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင် တွေရဲ့  အရေးသာဖြစ်တယ်။ နောက်ပြီး မွတ်စလင်တွေကို ခွဲခြားနှိမ်ချလိုမှု မပါကြောင်းနဲ့ ရိုဟင်ဂျာတွေ ကတော့ နယ်မြေကို ကျုးကျော်ဝင်ရောက်လာသူတွေဖြစ်လို့  သူတို့ကိုသာ လူမျိုးရေး ခွဲခြားမှုမပါသော တုန့်ပြန်မှုမျိုးနဲ့ သာ ဆန့်ကျင် နေတာဖြစ်တယ်ဆိုပြီး ထောက်ပြကြပါတယ်။

ဒါပေမယ့် အဲလိုပြောတာကိုက လူမျိုးရေးခွဲခြားတဲ့စိတ်ဓာတ်ကို ထင် နေအောင်ဖော် ပြနေတယ် ဆိုတာကို ခေတ်ပညာတတ်သူတွေ နိုင်ငံတကာ အတွေ့အကြုံရှိသူတွေနဲ့ အချို့ ခေါင်းဆောင်များ မသိလိုက်ပါဘူး။ ဆက်ကာ ဆက်ကာ ပြောနေတုန်းပါပဲ။ သူတို့ တွေစကားလုံးတွေရဲ့ လှည့်စားတာကို ခံလိုက်ရပါတယ်။

ဘာကြောင့်လဲ။ သုံးလိုက်တဲ့ စကားလုံးတွေရဲ့ ဖန်တီးခံအဓိပ္ပာယ်တွေကြောင့်ပါပဲ။ ဒါဆိုရင်သုံးလို့ မရတော့ဘူးလား။မဟုတ်ပါဘူး။ အဲဒီစကားလုံးတွေမှာ ပုံမှန်အဓိပ္ပာယ်တွေလည်းရှိပါသေးတယ်။

အဲဒီဖန်တီးခံ အဓိပ္ပာယ်တွေကို ပုံမှန် အဓိပ္ပာယ်တွေနှင့်တကွ ဖော်ကြည့်ရအောင်။ ဖန်တီးခံအဓိပ္ပာယ်တွေကိုစာလုံးစောင်းနဲ့ ပြထားပါတယ်။ ပုံမှန် အဓိပ္ပာယ်တွေကို စာလုံးနက်နဲ့ ပြထားပါတယ်။

ရှိုဟင်ဂျာ= လူသား၊ လူမျိုးစု၊
= မတရားကျုးကျော်သူများ ၊ အကြမ်းဖက်သူများ၊ ရခိုင် နှင့် ဗုဒ္ဓဘာသာဝင်များကို ၀ါးမျိုမည့်သူများ

မွတ်စလင်= ဘာသာတစ်ခု၊ အခြားဘာသာများနည်းတူ ဘာသာမတူသူများနှင့် ငြိမ်းချမ်းစွာအတူနေသည့် ဘာသာတစ်ခု
= ဗုဒ္ဓဘာသာဝင်များကို ၀ါးမျိုမည့်သူများ၊ အကြမ်းဖက်သူများ

စကားလုံးတွေနဲ့  အသုံးပြုသူတွေ ဘယ်လိုရောထွေးနေလဲ။ ကြည့်ရအောင်ပါ။

သာမာန် လူမျိုးရေး ခွဲခြားသူများက ရိုဟင်ဂျာနဲ့ မွတ်စလင် စကားလုံးနှစ်ခုရဲ့ ဖန်တီးခံ အဓိပ္ပာယ် နှစ်ခုကို ပဲယူပြီး အဲဒီနှစ်ခုတူနေလို့  ရိုဟင်ဂျာနဲ့ မွတ်စလင် အတူတူပဲလို့ ယူဆပြီး နှစ်ဦးစလုံးကို ဆန့် ကျင်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်အချို့ နဲ့ ပညာတတ်တွေကတော့  သာမာန်လူတွေလိုမယူပါဘူး။ ရိုဟင်ဂျာအတွက် ဖန်တီးခံ အဓိပ္ပာယ်ကို ယူပြီး မွတ်စလင် အတွက်တော့ ပုံမှန် အဓိပ္ပာယ်ကိုယူပါတယ်။ ပုံမှန်အဓိပ္ပာယ်ကို ယူပုံယူနည်း အတိမ်အနက်တော့ မကွဲပါဘူး။ တခါတရံ ဘာသာတခု ဆိုတဲ့  ပုံမှန်အဓိပ္ပာယ်ကိုပဲ ယူပြီး၊ တခါတရံမှသာ ပုံမှန်အဓိပ္ပာယ် နှစ်မျိုးစလုံးကို ယူတာပါ။ ဘယ်မှာမြင်သာလဲဆိုတော့ “မွတ်စလင် နှင့် ဗုဒ္ဓဘာသာ အဓိကရုဏ်းဆိုပြီး ပြောတဲ့အခါ မှာ မပါလာသေးတဲ့ မွတ်စလင်တွေကိုပါ ဆွဲထည့်ရာရောက်တယ်” ဆိုပြီး နိုင်ငံတကာမီဒီယာတွေကို ကန့် ကွက်သူတွေက အကြောင်းပြကြပါတယ်။ အဲဒီအချိန်မှာ ကန့် ကွက်သူ တွေအ တွက် မွတ်စလင်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ဖန်တီးခံအဓိပ္ပာယ်ဘက်ကို ရောက်သွားပါတယ်။ လူမျိုးရေးခွဲခြား ဆက်ဆံသူများ ပြန်ဖြစ်သွားတာပါပဲ။

လူမျိုးရေးခွဲခြားနှိမ်ချ ဆက်ဆံလိုစိတ်ဟာ စကားလုံးတွေရဲ့  ဖန်တီးခံအဓိပ္ပာယ် တွေကြောင့်ပဲ လူတွေရဲ့ ရင် တွင်းရောက်လာခဲ့ရသလို အဲဒီအဓိပ္ပာယ်တွေကပဲ လူမျိုးတုန်း သတ်ဖြတ် တာတွေအထိ တွန်းပို့ လိုက်တော့ တာပါပဲ။ အဲဒီအဓိပ္ပာယ်တွေကို ရဲရဲကြည့်ဖို့ သိဖို့ လိုပါတယ်။

မကြည့်ခင် တစ်ခုသတိပြုသင့်တာက ဖန်တီးခံ လို့ ဆိုတဲ့အတွက် အဲဒီ အဓိပ္ပာယ်တွေထွက်အောင်တမင်တကာ ဖန်တီးခဲ့သူတွေ၊ ဖန်တီး နေသူတွေရှိတယ်ဆိုတာလည်း သိဖို့ လိုပါတယ်။ တရက်တည်းနှင့်လည်း ဖန်တီးယူ လို့ မရပါဘူး။ အဲဒီဖန်တီးမှုမှာ ကိုယ် ပါမိရင် မဆုံးနိုင်တော့မယ့် လူမျိုးရေးမုန်းတီးမှုတွေ၊ သတ်ဖြတ်မှုတွေကို အနာဂတ်အတွက်မျိုးစေ့ချပေးခဲ့တာနဲ့ အတူတူပါပဲ။ ဒီနေ့ ခေတ်ကလည်း အရမ်းကို လွယ်နေပါတယ်။ ကွန်ပျူတာ ခလုတ်တချက်နှစ်ချက်နှင့်တင် ဖန်တီးခံအဓိပ္ပာယ်တွေကို ကိုယ်က အားတင် ပေးနေလို့ ရနေပါပြီ။

ဘာဖြစ်လို့ ဖန်တီးကြသလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူမျိုးစု တစ်ခုနှင့်တစ်ခုကြား၊ ဘာသာဝင် တစ်ခုနှင့်တစ်ခုကြား ယုံကြည်မှုတွေပျက်ပြားအောင်၊ ပူးပေါင်းဆောင်ရွက်မှုတွေမရှိအောင်၊ မညီညွတ်အောင်လို့ ပါပဲ။ ပူးပေါင်းသွားရင် နစ်နာသွားမယ့်သူတွေက အဓိက ဖန်တီးတယ် လို့ ပြောလို့ ရပါမယ်။ နောက်ထပ် ဖန်တီးသူတွေ အမြတ်ရစေတဲ့အရာတစ်ခုရှိပါသေးတယ်။ အဲဒီ ဖန်တီးခံ အဓိပ္ပာယ်တွေကြောင့် လူတွေ အချင်းချင်း စိတ်ထဲမှာ ကြောက်နေရတဲ့ အဖြစ်ပါပဲ။

ကဲ ဖန်တီးခံအဓိပ္ပာယ်တွေကို ဆန်းစစ်ကြည့်ရအောင်။

မတရားကျူးကျော်သူများ

သူတစ်ပါးနိုင်ငံကိုသိမ်းပိုက်တယ်လို့  အဓိပ္ပာယ်ဖွင့်တဲ့ နိုင်ငံတကာ စံနှုန်းတွေကိုသိဖို့ လိုပါမယ်။ အဲလိုသိမ်းပိုက်ခံရရင် နိုင်ငံတကာက ဘယ်လို တုန့် ပြန်ကြသလဲ။ မဟာမိတ်နိုင်ငံတွေကရော ဘာလုပ်တတ်ကြသလဲ။ ကုလသမဂ္ဂကရောဘာလုပ်တတ်သလဲ။ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

အကြမ်းဖက်သူများ

အခု ဒီစကားလုံးကို Terrorist ဆိုတဲ့ စကားလုံးနဲ့ တွဲပြီး မြင်မိတတ်ပါတယ်။ မြင်အောင်လည်း တမင်တက ဖန်တီးနေကြပါတယ်။ အခြားနိုင်ငံတွေမှာ terrorism လို့ ခေါ်တဲ့ အကြမ်းဖက်မှု တွေဟာ ဘာတွေလဲ၊ ဘယ်လို သရုပ်သကန်ရှိသလဲ၊ ဘယ်လိုလူမျိုးတွေပါတတ်သလဲ။ တကယ့် အကြမ်းဖက်မှုတွေ ဆိုနိုင်ငံတွေ အချင်းချင်း ဘယ်လို ပူးပေါင်း ဆောင်ရွက်တယ် စတာတွေကို သိထားဖို့ လိုပါ့မယ်။ မီးရှို့ မှုဟာ မသမာမှု လည်းဖြစ် နိုင်ပါတယ်။ မသမာသူများရဲ့ လက်ချက်လို့ ဆိုရပါ့မယ်။

ရခိုင် နှင့် ဗုဒ္ဓဘာသာဝင်များကို ၀ါးမျိုသိမ်းပိုက်မည့်သူများ (မတရားကျုးကျော်သူများ)

ဒီဖန်တီးခံ အဓိပ္ပာယ်နှစ်ခုဟာ ရောထွေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တွေကို မွေးထုတ်ဖန်တီးတုန်းက ရောပြီးဖန်တီးခဲ့လို့ ပါပဲ။

ကမ္ဘာပေါ်မှာ ဘာသာတခုတည်း လူမျိုးတမျိုးတည်း နေထိုင်နေတဲ့နေရာဟာအလွန်ရှားလှပါတယ်။ အဲလိုနေထိုင်နေသူများဟာလည်း အခုခေတ်မှာ ဘယ်သူနှင့်မှ အဆက်အသွယ်မရှိတဲ့ အတွက် မျိုးတုန်းသွားတဲ့ လူမျိုးစုတွေ ဖြစ်သွားတတ်ပါတယ်။ တချို့ ကတော့ လူမျိုးတမျိုးတည်း ဘာသာတခုတည်းရှိအောင်ဖန်တီးလိုကြပါတယ်။ အဲလိုဖန်တီးဖို့ အတွက်ဟာ လူမျိုးရေးမုန်းတီးမှုလို့ ခေါ်တဲ့  စိတ်ဓာတ် မပါဘဲလုပ်လို့ မရပါဘူး။ အဲလို လူမျိုးတမျိုး ဘာသာတမျိုး တည်းဖြစ်အောင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူတွေကို ပြပါဆိုရင် ဟစ်တလာ၊ ဘင်လာဒင် နှင့် နောက်ဆုံး နော်ဝေးက လူသတ်သမားကိုပဲပြရပါ့မယ်။ တချို့ ကတော့ တစုံတခုသော အကျိုးအတွက် ရန်တိုက်ပေးလိုလို့ လူမျိုးရေးမုန်း တီးစေတဲ့ ဘာသာ အချင်း ချင်းမုန်းတီးစေတဲ့  စိတ်ဓာတ်တွေကို လူသားတွေရဲ့ စိတ်နှလုံးထဲကို စနစ်တကျ သွတ်သွင်းကြ တာပါပဲ။

နောက်တဆင့်အနေနှင့် အထက်မှာ ညီမျှခြင်းထိုးဖော်ပြခဲ့တဲ့ နေရာကိုပြန်ကြည့်ပြီး လူမျိုးစုနာမည် နှင့် ဘာသာနာမည် နေရာမှာ အခြားအခြားသော လူမျိုးစုနာမည်နှင့် ဘာသာနာမည်များကိုပါ အစားထိုးပြီး စဉ်းစားကြည့်စေလိုပါတယ်။ဖန်တီးခံ အဓိပ္ပာယ်တွေကို ကြံစည်နေသူတွေဟာ ညီမျှခြင်းရဲ့  ဘယ်ဘက်ကို ကိန်းရှင်ထားပြီး ညာဘက်ကို ကိန်းသေထား အမြဲထားပါတယ်။ ဒီလိုဖြစ်နေတတ်ပါတယ်။

ဘယ်လူမျိုးမဆို X=လူသား၊ လူမျိုးစု၊
= မတရားကျုးကျော်သူများ ၊ အကြမ်းဖက်သူများ၊ (Y လူမျိုးနှင့်Y လူမျိုး)များကိုဝါးမျို မည့်သူများ

ဘယ်ဘာသာမဆို X= ဘာသာတခု၊ အခြားဘာသာများနည်းတူ ဘာသာမတူသူများနှင့် ငြိမ်းချမ်းစွာအတူနေသည့် ဘာသာတခု
= (Y ဘာသာဝင်)များကို ၀ါးမျိုမည့်သူများ၊ အကြမ်းဖက်သူများ

နိဂုံးချုပ်ပြောရရင် ရခိုင်ပြည်နယ်တွင်းမှာဖြစ်နေတဲ့ ကိစ္စ အပါအ၀င် ဘယ်လူမျိုးကိစ္စ၊ ဘယ်ဘာသာဝင်ကိစ္စကိုမဆို ပြောတဲ့အခါမှာ ကိုယ်နှင့်မတူတဲ့ အခြားလူမျိုး၊ဘာသာကို ညွှန်းဆိုရင် ပုံမှန်အဓိပ္ပာယ်ဖြစ်တဲ့  လူသား၊ လူမျိုးစု၊ ဘာသာတခု၊ အခြားဘာ သာ များနည်းတူ ဘာသာမတူသူများနှင့် ငြိမ်းချမ်းစွာအတူနေသည့် ဘာသာတခုဆိုတဲ့ အဓိပ္ပာယ်ပေါက်အောင် သာ ပြောကြပါ။ လက်လွတ်စပယ် မသုံးမိပါနှင့်။ ဖန်တီးခံ အဓိပ္ပာယ်ပေါက်စေရင် ဒါမှမဟုတ် အဲဒီအဓိပ္ပာယ်မျိုးကို အားတင် ပေးမယ့်ဟာမျိုးဆိုရင် လုံးဝရှောင်ကြပါ။ ပုံမှန်အဓိပ္ပာယ်ကို အားတင် ပေးမယ့် စကားမျိုးပြောပေးကြပါ။ အဲဒီအဓိပ္ပာယ်ကို အားတင်ပေးမယ့် အလုပ်မျိုးများများလုပ်ပေးကြပါ။

တိုးမြင့်



2 Responses to “Hate Speech”

  1. 1 thitni

    I agree with the writer. Words can be used not only to inspire us but also to dehumanize us. The Arakan conflict should be considered in the context of our history and political conditions. There are people or forces who incited the communal strife in Arakan. Maybe they want to imply that the military is still important. Maybe they want to maintain military dictatorship.

  2. ကျေးဇူး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: