My Grandpa’s Lawyer

15Jul12

‘ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရားသူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေးမောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။

‘တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြတောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံဦးကျော်မြင့်) တို့ဆိုတော့ အားနာစရာ ကောင်းပါတယ်။ အမှု ရန်ကုန်မပြောင်းဘို့ ကိစ္စမှာလဲ အစ်ကိုကြီးဦးကျော်မြင့်က ကိုအေးမောင်နဲ့အတူ တရားလွှတ်တော် (ဟိုက်ကုတ်) မှာ လိုက်ပေးခဲ့ပြီးပြီ၊ ပိုက်ဆံပေးလို့လဲ ယူမှာမဟုတ်ဘူး။

‘ကိုအေးမောင်ရဲ့ ဇွဲနဲ့ ၀ိရိယကို ကိုယ်သိတယ်။ စေတနာတော့ မင်းသိပြီးတဲ့ အတိုင်းဘဲ။ ဒါကြောင့် အမှုအတွက် အစ,စ စိတ်ချတော့၊ အကောင်းဆုံး ဖြစ်နိုင်တာ ဖြစ်မှာဘဲ။…

ရန်ကုန်ဗဟိုစံပြထောင်

၃-၂-၅၄

မောင်လှ’ (ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများမှ)

တုတ်ကောက်နှင့် ထော့နဲ့ ထော့နဲ့ လျှောက်လာသော လူကြီးကြီး ဝဝ တယောက်ကို ပိန်ပျတ်ပျတ် ဖြူဖြူအဖွား တယောက်နှင့် အိမ်ရောက်လာ တတ်သည်ကို အမှတ်ရပါသည်။ မန္တလေး ညနေပိုင်း ပူအိုက်သည့် တရက်တွင် သူတို့စုံတွဲကို အဖွား အိမ်ထောင့် ထွက်ကြိုသည်ကို မျက်စိထဲ မြင်နေပါသည်။ ဒီလူကြီးက အဖိုးအမှု လိုက်ပေးခဲ့သည့် အကြောင်း နောက်မှ သိရပါသည်။ သို့သော် သူနှင့် တွေ့ဖူးစဉ် ကလေး အရွယ်သာသာ ကျနော်တို့ကို ထိုပုဂ္ဂိုလ်ကြီးက ကိုလှက ကျနော့်အပေါ် သိပ်ကောင်းတာ ကိုလှ ကျေးဇူး အများကြီး ရှိတယ်ဆိုပီး ထပ်ခါ ထပ်ခါ ပြောခဲ့သည်ကိုသာ မှတ်မိနေသည်။ သူ့ဇနီး အမေစိန် ကိုလည်း အာဇာနည် ဖြစ်သွားသည့် ဘီစီအက်စ် ဦးအုန်းမောင် နှမမှန်း မသိပါ။ နောင် အဖေကြီးဟု ကျနော့ မိဘ မောင်နှမများ ခေါ်လေ့ရှိသည့် ဦးအေးမောင် မပါဘဲ အမေစိန် ရောက်လာသည့် အခါများ (သူ့သမီး သားဖွား ပါမောက္ခနှင့် မန္တလေး စာစစ်ပါလာသည့် အခါများ) တွင် တခါ အဖွားနှင့် အေးအေးလူလူ နေကြရင်း သူယောက်ျားယူချိန်က အပျိုဖော် မဝင်သေးသည့် အကြောင်း ရှက်ပြုံးလေးနှင့် ပြောပြဖူးပါသည်။

ဦးအေးမောင်ကို အဖိုး ရန်ကုန် ဟိုက်စကူးတွင် ပရီဖက်ခေါ် ကျောင်းသားလူကြီး ဘဝ ကျောင်းသားငယ် အဖြစ် ကြည့်ရှုလာထဲက ခင်ခဲ့ကြသည်။ ပုသိမ်တွင် ထင်ရှားသည့် အုပ်စုမှ ဖြစ်ကာ သမ္မတ တရားဝန်ကြီးချုပ် တယောက်၏ ညီလည်းဟုတ် ယောက်ဖလည်း တော်စပ်သလို သူ့ယောက်ဖငယ် စစ်ဦးစီးချုပ် နိုင်ငံတော် ပုန်ကန်မှု သင့်သည့်အခါ ကလည်း ရှေ့နေရှေ့ရပ် အဖြစ် အဖေကြီး ဦးအေးမောင် လိုက်ပါပုံကို အုန်းကျော်မြင့် တရားခွင် မှတ်တမ်း ပုံများတွင် တွေ့နေရသည်။

အဖေကြီး အမရပူရတွင် မြို့အုပ်လုပ်စဉ် အမေစိန်နှင့် လက်ထပ်သည်။ ယောက်ဖ ဦးအုန်းမောင်က မန္တလေး အရှေ့ပိုင်း နယ်ပိုင် ဝန်ထောက် လုပ်နေစဉ် ဖြစ်သည်။ အရေးပိုင်? ထရပ်ဝိန်သား ဦးအုန်းမောင်မှာ မင်းသုဝဏ် စသူတို့နှင့် အောက်စဖို့တွင် ပညာသင် သွားဘက်ဖြစ်သည်။ ဦးအေးမောင်နှင့် ဒေါ်စိန် မင်္ဂလာဆောင်တွင် ရွှေဘိုက လာသော သိပ္ပံမောင်ဝ ခင်သန်းမြင့် လင်မယားကို တွေ့ဖူးလိုက်သည်ဟု အဖွား ပြောခဲ့သည်။

ရန်ကုန် ဝင်ဒါမီယာ လမ်း ဦးအေးမောင် အိမ်ရောက်ခဲ့စဉ်က ဦးအေးမောင် အိပ်ရာထဲ လဲနေချိန် ဖြစ်သည်။ အမေစိန်က သား ကြိုက်တဲ့စာအုပ် ယူသွားဟု ပြောပါသည်။ မောရစ်ကောလစ်၏ နိုင်ငံခြားရွှံ့၊ မွန်တီဇူးမားက ကောတက်စ်စသည့် ရာဇဝင် စာအုပ်များနှင့် ဥပဒေ စာအုပ်တချို့ ယူလာပါသည်။ စာအုပ်စင်ကြီးတွေ စီနေသည့် အဖေကြီး၏ အခန်းကျယ်ကြီးကို ပြန်သတိရလျှင် ခင်မျိုးချစ်၏ စာအုပ်စင် ကျေးဇူး ထဲက

‘ထိုခေတ် အရာရှိကြီးများ ဝတ်လုံတော်ရကြီးများ သည် အလွန် စာဖတ်ကြသည်။ သူတို့ငယ်စဉ်က ဖတ်သောစာအုပ်များ၊ နိုင်ငံခြား ပညာတော်သင် သွားရင်း ယူလာခဲ့သော စာအုပ်များမှာ တအိမ်လုံး ထားစရာမရှိ ပြည့်နှက်နေသည်။

‘ဟေ့ မြရေ လာပါအုံးကွာ မင့် အန်ကယ်ရဲ့ စာအုပ်တွေ ခြတက်ကုန်ပြီ လာရှင်းပီး မင်းယူချင်တာတွေ ယူသွားပါကွာ.. ဟု သူတို့ ဇနီးများက အသာတကြည် ဖိတ်ခေါ်တတ်ကြပါသည်။

‘ကျွန်မအဖို့ကား ရာဇဂြိုဟ် ပြည်ဌာနက ကာကတဲ့ လူမော် အစချီ သော ဗုံထောက်သံနှင့် တနှစ်မှ တခါကြုံတယ် ရတနာပုံ ဆိုက်မယ့် သူဌေး ဟူသော တီးလုံးနှင့် သိုင်းကွက်ကျနင်းကာ အပြေးသွား ပါတော့သည်။’… ဆိုတာကို အောက်မေ့ မိသည်။

ဆရာဇော်ဂျီတို့ တပည့် အညာက တိုင်းပညာဝန်ဟောင်း တယောက် ပိဋကတ်တိုက်ကို သူကွယ်လွန်ချိန်တွင် စာကြည့်တိုက် တခု လှူလိုက်သည်ကို သာဓုခေါ်မိပါသည်။ အဖေကြီး၏ ကျန်သည့် စာအုပ်တွေ ဘာဖြစ်ကုန်သည်ကား မသိပါ။ သမီးများ ထဲက စာဝါသနာပါသူ ရှိပါလိမ့်မည်။

သမီးတယောက် မန္တလေးသား ဝန်ကြီးဟောင်းတယောက်နှင့် အိမ်ထောင်ကျ ခဲ့၍ တနည်း ဆက်စပ် ပြန်ပါသည်။ အနှစ် ၄ဝက ဦးလေးအလတ် ကိုကိုးကျွန်းက ပြန်လွတ်ပီး အိမ်အပြန် ဦးအေးမောင် အိမ်က လေယာဉ်ပေါ် စားစရာ ထည့်ပေးလိုက်သည် ဆိုသော အဖွား မှတ်တမ်း တခုကိုပဲ သတိရနေမိပါသည်။ အဖေကြီး အိမ်ဦးခန်းတွင် ချိတ်ထားသည့် ခဲထိုး ရောင်စုံပုံတွေထဲက အင်္ဂလိပ် မြန်မာ လူကြီးသူမများ၏ လက်ထပ်စာရင်း မွေးစာရင်းတွေ အိန္ဒိယရုံး မှတ်တမ်းတွေမှာ ရှိပါလိမ့်မည်။

‘ရှေ့နေ ဦးအေးမောင်ကို ၁၉၁၂ ဇူလိုင် ၁၄ တွင် ငါးသိုင်းချောင်းမြို့၌ အရေးပိုင်ဟောင်း ဦးဘိုးဘေ K.S.M, A.T.M. ဒေါ်စိန်နု တို့က မွေးသည်။ ရန်ကုန် တက္ကသိုလ်မှ B.Sc (၁၉၃၅), B.L (၁၉၄၉) ဘွဲ့များ ရသည်။ ၁၉၃၆ မှ ၁၉၄၈ ထိ အုပ်ချုပ်ရေးဘက်တွင် အမှုထမ်းသည်။ ၁၉၄၉ တွင် ရန်ကုန်တွင် အမှုစလိုက်သည်။ ပြည်ထောင်စု ပါတီ ဥပဒေ ကော်မတီနှင့် ပန်းတနော် ပြည်သူ့လွှတ်တော် အမတ်(၁၉၆ဝ) ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ အသင်း ဥက္ကဋ္ဌ (၁၉၄၈-၄၉)၊ တက္ကသိုလ် ကောင်စီဝင် (၁၉၅ဝ-၅၁)၊ ၁၉၅ဝ မှစ၍ ဇီဝိတ ဒါန ဆေးရုံ ဂုဏ်ထူးဆောင် စက္ကရီတေရီ၊ ၁၉၆ဝ တွင် ဘားကောင်စီသို့ တင်မြှောက် ခံရပြီး တက္ကသိုလ် ကောင်စီတွင် ဘားကောင်စီ ကိုယ်စားလှယ် ဖြစ်သည်။ အကြိမ် ၅ဝ မြောက် နိုင်ငံတကာ လွှတ်တော် အစည်းအဝေးကို ဘရပ်ဆဲတွင် ၁၉၆၁ စက်တင်ဘာက တက်ခဲ့သည်။ ဒေါ်ခင်စိန်နှင့် သမီး ၄ ယောက် သား ၃ ယောက် ထွန်းကားသည်။ လိပ်စာ- ၂၆၊ အင်းယားလမ်း၊ ရန်ကုန်။’
(Who’s Who in Burma, 1961, People’s Literature Committee and House, Rangoon)



No Responses Yet to “My Grandpa’s Lawyer”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: