အနှစ် ၃ဝ လွန်လေပီးနောက်

31Jul12

လတိုင်း အုတ်ဂူသွား ပန်းစည်းချသော ဒေါ်မမလေးကဲ့သို့ အစွဲအလမ်းကြီးစွာပင် အဖွားသည်လည်း လစဉ် ဆွမ်းဝတ်ပြုခဲ့သည်။ အဖိုး ဆုံးပီး အနှစ် ၂ဝ ကျော် ကျန်းမာရေး အတော်ကောင်းနေစဉ်က အောက်ထပ် ဧည့်ခန်းတွင် သံဃာ ၁ဝ ပါး ဆွမ်း ၂ ဝိုင်း အလှည့်ကျ တိုက်တွေပင့်၍ ကပ်ပါသည်။ နှစ်လည်တွင် ၃ ဝိုင်း ဆရာတော်များ စုံအောင် ပင့်ပါသည်။ လူကြီး ဆွမ်းကျွေးနှင့် မတိုက်လျှင် ဆရာတော်များ ကလဲ ကြွဖြစ်အောင် ချီးမြှင့်ကြပါသည်။

အသက်ရာကျော် ရှည် ရွှေကျင် သာသာနာပိုင် ကြေးမြင် ဆရာတော်ကြီး အကြောင်း ရေးစဉ်က ဆရာတော်ကြီး နေကောင်းရင် ဦးလှ လလည် ဆွမ်းကျွေးဖိတ်မယ်ဘုရားဟု အဖွားက ဆရာတော်ကြီးစိတ်ကို စမ်းပါသည်။ တကယ်လား အမာဖိတ်ရင် လာမှာပေါ့ဟု ပြန်မိန့်သည်။ ၅ နှစ်ပြည့် ဆွမ်းကျွေးတွင် ဆရာတော်ကြီး ကြွလာသည်ဟု မှတ်မိနေသည်။

ကျနော်တို့ ကလေးများက ဟင်းလိုက် ဆွမ်းလိုက် လက်ဆေးရေကပ် လက်တိုလက်တောင်း ဖြစ်သည်။ သူဌေးကျောင်း ဆရာတော်က မြင်လျှင် ခေါ်ဝပ်ဖြည့် ခိုင်းတတ်သည်။ ဘုန်းကြီးပိန်လေ နှိပ်လို့ပိုကောင်းလေပါပဲ။ မစိုးရိမ် ဦးရာဇကို ဘိလပ်တွင် ဝတ်ဖြည့်ရစဉ်က ငါတို့ အသုံးချ ခံရတယ်ဟု ကမ္ဘာကျော် အရေးအခင်းတခုကို ရည်ညွှန်းပြောသည်ကို မှတ်မိ နေပါသည်။

လာနေကျ ဆွမ်းကျွေး ပရိသတ်ကလည်း စာရေးဆရာ၊ ဆွေမျိုးများနှင့် မိတ်ဆွေတချို့ ဖြစ်သည်။ အာရှလူငယ်ထဲက အပျိုကြီး စက်ချုပ်သည့် ညီအမ၊ သမိုင်းကြောင်း ရေးသည့် ရွှေဘို မိမိကြီး (အဖိုး သူငယ်ချင်းမိန်းမ)၊ ဗြဟ္မစိုရ်က လာနိုင်သူ တချို့တလေနှင့် ပုဆိုးကြီး တမမနှင့် ဘဘဦးသုခ၊ ခုလို နှစ်လည်မျိုးဆိုလျှင် ရိုးရာလာပသသည့် သမိုင်းဆရာ လွှတ်တော်အမတ်ကြီးပါ ရိုးရာမပျက် မေမြို့ ဆွမ်းကျွေး လာပေလိမ့်မည်။

ဆရာတော်တွေ အတွက် ကပ်ရိုးကပ်စဉ် မန္တလေး ငပိချက်၊ သီးစုံ ချည်ရည်၊ ဝက်သား၊ ငါးကြင်းကြော်၊ တို့စရာ ၊ လက်သုပ် စသည်တို့ကို လက်ဖက် ထိုးမုန့် မတ္တရာ သီးမွှေး၊ သရက်သီး အချိုပွဲနှင့် ကာဖီ လက်ဖက်ရည်ကြမ်း ပါ ဘုဉ်းပေးနေချိန်တွင် လူကြီးဝိုင်း ကလည်း အလျဉ်မပြတ် တောစကား တောင်စကား တို့ကို မမမာ ဒေါ်ဒေါ်မာ အမေမာ ဆွမ်းအမနှင့် စကား လက်ဆုံကြလေ့ပါသည်။ ဆွေဆွမ်း မျိုးဆွမ်း စားရသလိုပါပဲ ဘာမှ ဟန်ဆောင် မနေရဘူး အေးအေးသက်သာ ဘုဉ်းပေးရတယ်ဟု ဆရာတော်တွေကလည်း မိန့်ပါသည်။ အိမ် ဆွမ်းစားလိုက်ဖူးတယ် မိန့်သော ဆရာတော် တချို့ အနောက် တိုင်းပြည်များတွင် ပြန်ဖူး ရပါသည်။

အမှန်တော့ ဆွမ်းကျွေး ဝါသနာရှင်က အဖိုး ဖြစ်ပါသည်။ မိတ်ဆွေတွေလည်း တွေ့ရ ထမင်း လက်ဆုံစားရမို့ ပျော်သည် ထင်ပါသည်။ အဖွား စာရေးစားပွဲ (အမှန်က အဖိုး စားပွဲ ဝင်ထိုင်တာ)မှန်အောက်မှာ ညှပ်ထားသည့် ရောင်စုံပုံလေးတွင် သူတို့ လင်မယား၊ မောင်နှမများနှင့် ကွယ်လွန်သူ အဖိုးထင်၊ မောင်စွမ်းရည်၊ တူတယောက်ပါ ဆွမ်းကျွေး တခုတွင် ရိုက်ထားပါသည်။ ထို့ကြောင့် အဖိုး အတွက် လစဉ် ကုသိုလ်ပြုရင်း မိတ်ဆွေတွေ ဆရာတော်တွေနှင့် ဆုံခဲ့တာပဲ ဖြစ်ပါသည်။ မုဆိုးမ ဘဝအစ နှစ်များမှာပဲ မင်းကွန်း ဆရာတော်ကြီး ဦးဆောင်မှုအောက်မှာ တက္ကသိုလ် မောင်စောလွင်တို့နှင့် ပရိယတ္တိ တက္ကသိုလ်ပေါ်ပေါက်ရေး သူတို့လုံးပမ်း ခဲ့ကြသလို အရေးအခင်းအပီး ဂေါပကဟောင်းတွေ ထုတ်ပစ်တော့လည်း သူတို့ တသုတ်ကြီး ဖြစ်ပါသည်။ အလားတူပဲ ၈ဝ ကျော်တွင် ဗြဟ္မစိုရ်ကို ဆရာတော်များ မြို့လူကြီး ပညာတတ်များနှင့် ထူထောင်ကြပါသေးသည်။
တောင်အာဖရိက ဘုန်းကြီးကျောင်း ဆောက်သည့်အကြောင်း ဆောင်းပါးရေး အလှူခံပေးသည့် ဂျာနယ်လစ် ဘွားအေသည် တုံးလုံးစာရော မတ်တတ်စာပါ မစွမ်းသာသူများ အတွက် ဆောင်းပါးများစွာရေးပီး လှုံ့ဆော်ပါသည်။ ယခု သူသေပီးနောက် ထိုအသင်းက လူထုဒေါ်အမာ ဦးဆောင်တည်ထောင်သော ဆိုသည့် စာသားရော မူလနာယက မြို့လူကြီးတွေပါ ဖယ်ပစ်သည်ကို မြင်စေချင်ပါသည်။

၇ ရက်တွင် ဆုံး၍ ၈ ရက်နေ့တွင် ဖြစ်သော အရေးအခင်းကြီးကိုရော၊ နှစ်ပတ်လည် ဆွမ်းလောင်းပွဲနှင့် ဖြိုခွဲမှုတွေ ကိုရော ၂ နှစ် ၃ နှစ်လောက် ကပ်လွတ် သွားခဲ့ကြပါသည်။ သေမင်း၏ လက်တံရှည်ကိုတော့ ဆွေမျိုး လူကြီး လူငယ်များ၊ မိတ်သင်္ဂဟများ၊ ဆရာတော်များပါ မကင်းနိုင်ကြပါ။ တချို့ ဆရာတော်များ ၉ဝ ကျော်ထိ သာသနာကို ဦးစီးနေသေး၍ များစွာ ဝမ်းမြောက်ရသလို ကွယ်လွန်ကုန်သော ဆွမ်းကုသိုလ်ဆုံသူများကိုလည်း အမှတ်ရလှ ပါသည်။ ကနေ့တွင်ပင် အရီးတောင်း လက်ဖက်ကုသိုလ်ရှင် ဦးလေးသိန်းဇနီး အန်တီကြွယ် ဆုံးပါသည်။

”အဲဒိနေ့ မနက်က အောက်ထပ်မှာ အမေက လမ်းပေါ် ကြွလာတဲ့ ဘုန်းကြီးတပါး ပင့်ပီး သက်ပျောက်ဆွမ်း ကပ်နေတုန်း ဦးကျော်သိန်းတို့ ပြေးတက်သွား ကြတယ်။ အဖွားက ရင်စီးထားရတာ သူတို့ အဖွားကိုတွေ့တော့ ဦးလေး မရှိတော့ဘူး ဒေါ်ဒေါ်ရဲ့လို့ အော်ငိုကြတယ်။… ”



No Responses Yet to “အနှစ် ၃ဝ လွန်လေပီးနောက်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: