ပွင့်လင်းခေတ်မှာ သားသမီးများ ပြောကြတဲ့

22Nov12

from Mizzima Journal published in Rangoon this week

အမေနဲ့ အမျိုးသားရေးစိတ်ဓာတ်

အမျိုးသားရေးစိတ်ဓာတ်ဟာ အမေ့ ဒီအင်န်အေထဲမှာကို ပါနေတယ်လို့ပြောရင် ရလိမ့်မယ်ထင်ပါတယ်။ အကြောင်းက သူ့အဖေ၊ သူ့အဖိုးတို့ကလည်း ထက်သန်တဲ့ အမျိုးသားရေး စိတ်ဓာတ်ရှိသူတွေဖြစ်လို့ပါပဲ။

အမေ အသက်ရလာတာနဲ့အတူ ဗမာနိုင်ငံရဲ့အမျိုးသားရေးလှုပ်ရှားမှုဟာလည်း ရင့်ကျက်လာခဲ့ပါတယ်။ အရင်ကတော့ ဗမာ နိုင်ငံရဲ့အဦးပိုင်း အမျိုးသားရေးလှုပ်ရှားမှုတွေကို ပဒေသရာဇ်မင်းညီမင်းသားတွေနဲ့ မင်းလောင်းတွေ၊ ဒေသ ခေါင်းဆောင်တွေက ဦးဆောင်ခဲ့ကြတာပါ။ သူတို့ဟာ လက်နက်ကိုင်စွဲ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ထက် လက်နက်ခဲယမ်းပိုကောင်းတဲ့၊ လေ့ကျင့်မှုပြည့်စုံတဲ့ ကိုလိုနီတပ်တွေရဲ့နှိမ်နင်းမှုကိုခံခဲ့ရပါတယ်။

အမေ့ရဲ့ အမျိုးသားရေးဝါဒဟာ အဲဒီတုန်းကအကျယ်အပြန့်လွှမ်းမိုးနေတဲ့ ပဒေသရာဇ်အမျိုးသားရေးဝါဒနဲ့ ကွဲ ပြားပါတယ်။ သူတို့ရဲ့ကြွေးကြော်သံက “အမျိုး-ဘာသာ- သာသနာ” ဆိုတာမျိုး ဖြစ်ပြီး ခေါင်းဆောင်တွေထဲမှာ သံဃာတော်တွေ အများအပြားလည်း ပါဝင်ကြပါတယ်။ ဒီလိုကြွေးကြော်သံတွေကို ဒီလိုအချိန်မှာကိုင်စွဲနေတာဟာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ လက္ခဏာလို့ပြောနိုင်ပါတယ်။ သူတို့တိုက်ပွဲဟာ တရားမှန်ကန်ပြီး လူထုကြီးရဲ့ထောက်ခံမှုကိုလည်း သူတို့ ရကြပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက် ကြွေးကြော်သံ တွေဟာ အကန့်အသတ် ရှိလှပါတယ်။ တက္ကသိုလ်တွေကနေ ပညာတတ်တွေ ပိုထွက်လာတာနဲ့အမျှ အခြေအနေတွေဟာလည်း ပိုတိုးတက်လာပါတယ်။ ဗမာပြည်ထဲကို ခေတ်သစ်နိုင်ငံရေး တင်သွင်းလာတာဟာ ပညာတတ်တွေဖြစ်တယ်လို့ ဆိုရင်မမှားပါဘူး။ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ လွတ်လပ်ရေး ရလိုတဲ့ဆန္ဒတို့ဟာ အမေ့ရဲ့ရင်ထဲမှာ စွဲမြဲစွာကိန်းအောင်းနေပါတယ်။ အမေဟာ အဲဒိရင်ဘတ်နဲ့ ရန်ကုန်တက္ကသိုလ်ကိုတက်ခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားရေး စိတ်ဓာတ်ဟာ အဲဒီခေတ်အဲဒီအခါမှာ ဖြစ်ပေါ်နေတဲ့ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ပေါင်း စည်းမိပြီး သူ့ခေါင်းထဲမှာ တညီးညီးတောက်လောင်နေတဲ့ မီးရှူးတန်ဆောင်ကြီး ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်သူဟာ လက်တွေ့နိုင်ငံရေးအကြောင်းပိုနားလည်လာပြီး တကယ်လှုပ်ရှားလုပ်ကိုင်နေကြတဲ့ သခင် အောင်ဆန်း၊ သခင်ဗဟိန်းတို့လို ကျောင်းသား လှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ ထိတွေ့လာရပါတယ်။ အဲဒီနောက် သုံးနှစ် လောက်နေတော ကွန်မြူနစ်ပါတီကိုထူထောင်သူတွေထဲမှာ ဒီပုဂ္ဂိုလ်လေးနှစ်ဦးရဲ့ နာမည်ကို တွေ့ရတော့တာပါပဲ။ ဒါကြောင့်အမေရဲ့နိုင်ငံရေးအမြင်ဟာ တက္ကသိုလ်ရောက်ပြီးနောက်ပိုနိုးကြား ပိုအမြင်ကျယ်လာတယ်လို့ဆိုနိုင်ပါတယ်။ သူ့ ရင်ထဲမှာ တိုင်းပြည်ချစ်စိတ်ဓာတ်နဲ့ မတရားတာကို မုန်းတီးမှုတွေ အလျင်အမြန်တိုးတက်ကြီးထွားလာရင်း ကျောင်းသား သပိတ်ပေါ်ပေါက်လာတဲ့အခါမှာ ပေါက်ကွဲထွက်ပြီး သူ့ကိုရှေ့တန်းမှာ မိန့်ခွန်းပြောနေတာတွေ တွေ့ရတော့တာပါပဲ။

အဲဒီခေတ်တုန်းက လွတ်လပ်ရေးအတွက်လှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ပညာတတ်တွေအပေါ်မှာ လက်ဝဲ စာပေတွေက အနည်းနဲ့အများဆိုသလို သြဇာသက်ညောင်းကြပါတယ်။ ဒီထဲမှာ အမေလည်းခြွင်းချက်မဟုတ်ပါဘူး။ သမိုင်းကို အာဃာတမပါပဲကြည့်မယ်ဆိုရင် အဲဒီကာလတုန်းကဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဖက်ဆစ်တွေကိုဆန့်ကျင်တိုက် ခိုက်ရာမှာ ကွန်မြူနစ်တွေဟာ အတက်ကြွဆုံးဆိုတာကိုတွေ့ရမှာပါ။

အမေ့အပေါ်မှာ သြဇာအသက်ရောက်ဆုံးနဲ့ အမေကအကြည်ညိုဆုံးနိုင်ငံရေးသမားကိုပြောပါဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုပြောရမှာပါ။ ဆရာကြီးရဲ့အကျင့်သိက္ခာရှိမှု၊ ခိုင်မာပြတ်သားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး ကိုလိုနီဆန့် ကျင်ရေးရပ်တည်ချက်နဲ့ ပြည်သူလူထုအတွက် တဘ၀လုံးပုံအပ်ထားတာတွေ၊ ဒါ့အပြင် ဗမာစာပေအတွက် ဆရာကြီး စွမ်းဆောင်ခဲ့တာတွေအတွက် အမေကဆရာကြီးကို ကြည်ညိုလေးစားတာပါ။

အမေတက္ကသိုလ်မှာ နေတုန်း နောက်ပိုင်းကျတော့ သူဟာ စာရေးတဲ့ အလုပ်နဲ့ စာရေးသူ တယောက်ကို ချစ်ကျွမ်း ၀င်ခဲ့ပါတယ်။ အဲဒီစာရေးသူကကျနော့အဖေပါ။ ရန်ကုန်တက္ကသိုလ်က ထွက်လာပြီး တဲ့နောက်မှ သူဟာ စာနယ်ဇင်း လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွေမှာ ပတ်သက်ပါဝင်နေတဲ့ သူ့ခင်ပွန်းကို ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့တန်းကတော့ မဟုတ်ပါဘူး။ ၁၉၄၅ ခုနှစ်ထဲမှာ အဖေ့ကို အင်္ဂလိပ်တပ်က ဖမ်းပြီး ၁၀၁ စစ်ကြောင်းအခြေစိုက်တဲ့ ဗန်းမော်ကိုခေါ်သွားခဲ့ပါတယ်။ အမေကလိုက်ပြီး အဖေလွတ်အောင်ကြိုးစားကြည့်ခဲ့ ပါတယ်။

စာနယ်ဇင်း လုပ်ငန်းနဲ့ နိုင်ငံရေးဟာ ခွဲခြားလို့မရလေတော့ သူဟာ ပြည်တွင်းပြည်ပ ဖြစ်ပျက်နေတာတွေကို နေ့စဉ်စူးစမ်း လိုက်စားနေရပါတယ်။ သူဟာ သတင်းစာထဲမှာ နိုင်ငံတကာ ရေးရာတွေကို နေ့စဉ်ရေးဖို့ တာဝန်ယူ လုံးပန်းခဲ့ ပါတယ်။ ဒီအတွက် စာတွေ အများကြီးဖတ်ဖို့နဲ့ အသံလွှင့်ဌာနပေါင်းစုံကို နားထောင်ဖို့လိုပါတယ်။ ဒီလိုနဲ့ အမေဟာ လူထု သတင်းစာ၊ လူထုဂျာနယ်တို့ထဲမှာပဲ နစ်နေပြီး တခြားလုပ်ငန်းတွေကို မလုပ်နိုင်သလောက်ဖြစ်နေပါခဲ့ပါတယ်။

ဒီနေရာမှာ ကျနော်အထူးပြောချင်တယ်ဆိုတာက အမေဟာ ဘယ်နိုင်ငံရေးပါတီမှာမှ မပါဝင်ခဲ့ဘူးဆိုတာပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုရင် ပိုလို့တောင်မဟုတ်ပါသေးတယ်။ ဒါပေမဲ့ လူထုသတင်းစာထဲက သတင်းဆောင်းပါးတွေက အုပ်စိုးသူတွေ မဟုတ်တာ လုပ်တာတွေ၊ အကျင့်ပျက် တာတွေကို ဖွင့်ချဝေဖန်တာတွေ လုပ်တော့ အုပ်စိုးသူတွေ မျက်တာ ကိုခံရပါတယ်။ လွတ်လပ်ရေးရပြီးမှ အဖေအဖမ်းခံရတာ လေးကြိမ်တောင်မှပါ။

ဒုတိယကမ္ဘာစစ်ဟာ အမေ့ကို စစ်ရဲ့အနိဋ္ဌာရုံတွေကို အသဲထဲ နင့်သွားအောင် သင်ခန်းစာပေးခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ အမေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေထဲမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ သူဟာဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်တွေရဲ့ဦးဆောင်မှုအောက်မှာ လှုပ်ရှားခဲ့ ပါတယ်။ ဒါပေမဲ့ ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အမေဟာ သတင်းစာလုပ်ငန်း ကိုလက်လွှတ် လိုက်ရပြီး ဗမာ့ယဉ်ကျေးမှုအနုပညာနဲ့ ပတ်သက်တာတွေ ရေးခဲ့ပါတယ်။ သူရေးတဲ့ဒီစာအုပ်တွေဟာ နိုင်ငံရေးပါတယ်လို့ ဆိုရင်လည်းရ၊ မပါဘူးလို့ဆိုရင်လည်းရပါတယ်။ ဒါပေမဲ့ အဲဒီကာလတုန်းက မြန်မာ့ယဉ်ကျေးမှုကို ကာကွယ်ဖို့လိုနေတယ် ဆိုတာကိုတော့ ၀န်ခံရမယ်ထင်ပါတယ်။ အခုအခါရောပါ။ မြန်မာ့ရိုးရာဂီတ နဲ့အနုပညာတွေ ဒီနေ့အခါမှာပျောက်ကွယ် လုမတတ်ဖြစ်နေတဲ့ ဒီနေ့အခါမှာ လူထုဟာ အမေ့လုပ်ဆောင်ချက်တွေကို မျက်ရည်တွေအကြားကြ ပန်ငဲ့စောင်းကြည့် ကြပါတယ်။

ဖိုးသံ (လူထု)

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကျွန်မမောင်လေးရေးတဲ့ အမေ့အကြောင်းကိုဖတ်ပြီး ကျွန်မရင်ထဲမှာ ဟာသွားတယ်။ မပြည့်စုံသေးဘူး။ သူက ၁၉၇၆ ခုနှစ်က အမေ့အိမ်ကထွက်သွားပြီး အနှစ် ၃ဝ ကျော် ဝေးကွာနေရတဲ့အတွက် ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့ဘူး။ သူ ၁၉၆၆ အဖမ်းခံသွားရပြီး မန္တလေး၊ အင်းစိန်၊ ကိုကိုးကျွန်း ထောင်တွေမှာ ၁၉၇၂ ထိ အကျဉ်းကျခံနေရတုန်း ကျွန်မတို့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးမရခဲ့ဘူး။ ၁၉၇၆ မှာ ဗိုလ်ချုပ်ကျော်ဇောတို့ မိသားစု ဗမာပြည်ကွန်မြူနစ်ပါတီထဲ ဝင်သွားတဲ့ကိစ္စအတွက် သူ့ကိုလာဖမ်းတော့ သူ့ထွက်ပြေး လွတ်မြောက်သွားတယ်။ လွတ်မြောက်နယ်မြေကို ရောက်အောင်သွားခဲ့ရတဲ့ သူ့ခရီးဟာ စွန့်စားမှုတွေနဲ့ ရင်ဖိုစရာ ဘယ်လောက်ထိတ်လန့်ချောက်ချားခဲ့ရတယ်ဆိုတာ ပြောပြဖို့ လိုမယ်မထင်ပါဘူး။ အမေအလိုချင်ဆုံး ဆန္ဒဖြစ်တဲ့သူ့သား ဖိုးသံချောင်းနဲ့ ပြန်တွေ့ချင်တဲ့ ဆုတောင်းမပြည့်ခဲ့ပါဘူး။ ၂ဝဝ၈ မတ်လလောက်က မောင်လေး ပထမ ဦးဆုံးအကြိမ် အမေ့ဆီကို ဖုန်းဆက်ပါတယ်။ ကျွန်မက မနက်တိုင်းအမေနဲ့ သွားနေနေ ကျဆိုတော့ အမေက ဖိုးသံချောင်း ဖုန်းဆက်တဲ့အကြောင်း ကျွန်မကိုပြောပြပါတယ်။ ငါသူ့အသံ မမှတ်မိဘူး။ ဝေးခဲ့တာ အနှစ် ၃ဝ လောက်ကြာခဲ့ပြီလေတဲ့။

၁၉၆၆ခုနှစ် မောင်လေးဖိုးသံချောင်းကို ဖမ်းသွားပြီး ၁၉၆၇ ခုနှစ်၊ ဇွန်လလောက် ကစပြီး ရန်ကုန်မှာ တရုတ်- မြန်မာအရေးအခင်းဖြစ်ပါတယ်။ ဒီအရေးအခင်းကြောင့် တရုတ်အစိုးရနဲ့ နီးစပ်မှုရှိတယ်ဆိုပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများဟာ လူထုသတင်းစာတိုက်ကို ဆန္ဒပြဖို့ ချီတက်လာကြပေမယ့် ၃၅လမ်းနဲ့ မင်္ဂလာလမ်းထောင့်မှာ စစ်တပ်က တားဆီးပြီးလူစုခွဲလိုက်တဲ့အတွက် ချီတက်ဆန္ဒပြမယ့်လူအုပ်ကြီး လူထုတိုက်ကို ရောက်မလာခဲ့ဘူး။ တရုတ်အရေးအခင်း မန္တလေးကို ပြန့်လာမှာစိုးတဲ့ နေဝင်းအစိုးရရဲ့ သဘောထားပဲဖြစ်မှာပါ။ အဲဒီအချိန်က မန္တလေးတိုင်း နမခရဲ့ စစ်တိုင်းမှူးဟာ ဗိုလ်မှူးကြီး စိန်မြပါ။ ဒီအရေးအခင်းရဲ့ မုန်တိုင်းကြောင့် ၁၉၄၆၊ ဧပြီ ၁၉ရက်နေ့က မွေးဖွားခဲ့တဲ့ ကျွန်မတို့ လူထုသတင်းစာ ရပ်နားခဲ့ရပါတယ်။ မိဘများဟာ နေ့မအား ညမအား ဒီအလုပ်ထဲမှာပဲ သူတို့ ဘဝတွေကို နှစ်မြုပ်ထားခဲ့ကြတယ်။ သူ့တို့ ဘဝနဲ့ရင်းပြီး ပြုစုပျိုးထောင်ခဲ့တဲ့၊ ၂၁နှစ်သားရှိပြီဖြစ်တဲ့ လူထုသတင်းစာ ရပ်ဆိုင်းခံခဲ့ရတာဆိုတော့ သူ့တို့ ရင်ထဲမှာ ဘယ်လောက်တောင် ထိခိုက်ခံစားနေကြရမလဲ။

လူထုသတင်းစာထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရတဲ့ မုန်တိုင်းမှာ ကျွန်မတို့မိသားစုအတွက် အဆိုးထဲက အကောင်းတခုကတော့ လူထုတိုက်ကိုပြည်သူပိုင် အသိမ်းမခံရတာပါပဲ။ ဘာလို့လဲဆိုတော့ ၁၉၆၉ ခုနစ်မှာ မြန်မာပြည်ရဲ့ပုဂ္ဂလိက သတင်းစာတွေ အားလုံး ပြည်သူပိုင်အဖြစ် အသိမ်းခံခဲ့ရတယ်။အဆောက်အဦတွေ စက်တွေအားလုံး အစိုးရသိမ်းယူတာ ခံခဲ့ကြရပါတယ်။

၁၉၆၈ ခုနှစ်ဟာ ကျွန်မတို့ မိသားစုအတွက် ကံအဆိုးဆုံးနှစ်တွေပါပဲ။ ၁၉၆၈ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျွန်မတို့မိဘတွေရဲ့ သားဦး အချစ်ဆုံးသား၊ အဖိုးတန်တဲ့သား အသက် ၂၇ နှစ် အရွယ်သားကြီး မျက်ကွယ်မှာ ဆုံးပါးခဲ့ရတယ်။ ဒီအကြောင်းကို ကျွန်မတို့ မိသားစုတွေထဲမှာ စကားအဖြစ် မပြောခဲ့ကြဘူး။ စက်တင်ဘာလ ၃ဝ ရက် အကိုကြီး မွေးနေ့ရောက်တိုင်း အကိုကြီးကို ရည်စူးပြီး ဆွမ်းလောင်းခဲ့ကြတာ ယနေ့အချိန်ထိပါပဲ။

လူထုသတင်းစာ ပိတ်လိုက်ရတော့ အမေနဲ့ အဖေ စာရေးဖို့ အချိန်တွေအများကြီးရခဲ့ကြတယ်။ ၁၉၆၄ လောက်ကစပြီး အမေက မြန်မာ့ယဉ်ကျေးမှုအတွက် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင်၊ အငြိမ့်၊ မဟာဂီတ၊ ရွှေရိုးဘကလေး စတဲ့ မြန်မာ့ယဉ်ကျေးမှု ပြောင်မြောက်ခဲ့တဲ့ လူတော်တွေ အကြောင်းကို ဘယ်သူမှ မရေးဖူးသေးတဲ့ ရှုထောင့်ကနေ သတင်းစာဆရာတယောက်ရဲ့ အမြင်မျိုးနဲ့ စုံလင်အောင်၊ မြန်မာ့ အနုပညာနယ်ပယ်မှာ ပြောင်မြောက်ခဲ့တဲ့လူတွေအတွက် မှတ်မှတ်သားသား ကျန်ရစ်အောင် ရေးသားထားခဲ့တယ်။

၁၉၇၈ ခုနှစ် စက်တင်ဘာလမှာ ကျွန်မတို့ မိသားစုတွေထပ်ပြီး ဒုက္ခရောက်ကြရတယ်။ မောင်အငယ်ဆုံးလေးနဲ့ ကျွန်မမိဘတွေ ဖိုးသံချောင်းကိစ္စအတွက် အဖမ်းခံခဲ့ကြရတယ်။ အဖေက ၁ဝ ရက်၊ မောင်လေးက ၇လ၊ အမေက ၁နှစ်နဲ့ ၁ လထောင်ထဲနေခဲ့ကြရတယ်။ အဖေက ထောင်ကလွန်လာပြီးနောက် ဆီးချိုရောဂါဝင်လာပါတယ်။ ၁၉၈၂ သြဂုတ်လ ၇ ရက်နေ့မှာ အဖေတလလောက်နာမကျန်းဖြစ်ပြီး ဆုံးပါးခဲ့ရတယ်။

ကျွန်မအမေ ၄၂ နှစ် ပေါင်းဖက်ခဲ့ရတဲ့ ဘဝအဖော် ဆုံးပါးခဲ့ပြီး ၂နှစ်အကြာ ၁၉၈၄ မက်လမှာ လောင်ကျွမ်းခဲ့တဲ့ ဦးကျားကြီးဝင်း မန္တလေးမီးကြီးမှာ အမေ့ရဲ့ အလုပ်အကိုင် အဆောက်အဦ တွေ မီးထဲပါသွားတယ်။ နေအိမ်ပဲကျန်ခဲ့တယ်။ ကျွန်မတို့ မိသားစုရဲ့ စီးပွားရေးတခုလုံး မီးထဲပါသွားခဲ့တာပါ။ လုပ်ငန်းတွေအားလုံး၊ နှစ်ကြာမှ ပြန်ပြီး ထူထောင်နိုင်ခဲ့ကြတယ်။ မီးလောင်မယ့်ညက အမေ အိပ်မက်မက်တယ်တဲ့။ အိပ်မက်ထဲမှာ အဖေ့ကိုတွေ့ရသတဲ့။ အိပ်ရာနားမှာ လာထိုင်နေတာ မျက်နှာမကောင်းဘူးတဲ့။

၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးအခင်းမှာ ကျွန်မအမေက မန္တလေး စာရေးဆရာအသင်းနဲ့ ရှစ်လေးလုံး သတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ ဒီအရေးအခင်းဟာ တပါတီ စစ်အာဏာရှင်အစိုးရ ပြုတ်ကျဖို့ ဆန္ဒပြခဲ့ကြတဲ့ သိပ်ကြီးကျယ်တဲ့ လူထုအုံကြွမှုကြီးပါ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မအမေဟာ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ ဦးတည်ပြီး ရှစ်လေးလုံးကနေ Editorial ကို ဦးဆောင်ခဲ့တဲ့ အပြင် ခေါင်းကြီးပိုင်း တွေကိုလည်း ရေးသားခဲ့တယ်။ ထုတ်ဝေခဲ့တဲ့ ရည်ရွယ်ချက်က ကောလာဟလတွေ များတဲ့ အရေးအခင်းကာလမှာ လူထုကို သတင်းမှန်တွေ ပေးနိုင်ဖို့နဲ့ နိုင်ငံရေး အသိပညာ ပေးနိုင်ဖို့ဖြစ်တယ်။ စစ်တပ်က အာဏာထပ်သိမ်းတဲ့ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ပိုင်းမှာ လူထုတိုက်ကို ဝင်ရောက်ရှာဖွေပြီး သတင်းစာတွေနဲ့ လက်ရေးမူတွေအားလုံး သိမ်းတာ ခံခဲ့ရပါတယ်။ ၁၉၉ဝ ခရစ္စမတ်နေ့မှာ ဒီအရေးခင်းရဲ့ ဂယက်အနေနဲ့ ကျွန်မမောင်အငယ်ဆုံးလေး ဘိုညို( စာရေးဆရာ ညီပုလေး) အဖမ်းခံခဲ့ရပြန်တယ်။ ၁၉၉၉ ဖေဖော်ဝါရီလကျမှ ပြန်လွတ်လာခဲ့တယ်။ အမေဟာ သူ့သားတွေ အားလုံးအတွက် သောက ဒုက္ခတွေခါးစည်းပြီးခံခဲ့ရတယ်။ လောကဓံကို ရင်ဘတ်နဲ့ခံလိုက်၊ ကျောနဲ့လှည့်ခံလိုက် လုပ်ခဲ့ရတာပါ။

၁၉၈၅ နိုဝင်ဘာ ၂၉ အမေ့အသက် ၇ဝ ပြည့် နှစ်ကစပြီး သားတွေ သမီးတွေက အမေ့မွေးနေ့တွေကို ကျင်းပပေးခဲ့ကြတယ်။ အမရပူရ ဆရာတော်ဦးပညာရဲ့ တောင်လေးလုံးကျောင်းမှာ ကျင်းပခဲ့တာပါ။ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အနုပညာ အသိုင်းအဝိုင်းက လူတွေ၊ အမေ့ကို ချစ်မြတ်နိုးကြတဲ့ သားတွေ သမီးတွေအားလုံးနှစ်စဉ် စုရုံးကျင်းပခဲ့ကြတဲ့ နေ့တနေ့ပါ။ ၁၉၉၂ နှစ်နှင့် ၂ဝဝ၆၊ ၂ဝဝ၇ နှစ်တွေကလွဲပြီး အားလုံး တောင်သမန်က တောင်လေးလုံးကျောင်းမှာ ကျင်းပခဲ့ကြတာချည်းပါပဲ။

၁၉၉၈ ခုနှစ်မှာ နဒီမြန်မာ ဦးအောင်ခိုင်က သူ့အဖေ ဂျပန်ခေတ်အတွင်း ကွယ်လွန်သွားတာမို့ ကောင်းကောင်း မသဂြို င်္ဟ်ခဲ့ရဘူးတဲ့။ ဒါကြောင့် မပြည့်စုံတဲ့ လူတွေအတွက် အခမဲ့သဂြို င်္ဟ်ပေးမယ့် လူမှုရေးအသင်း ထူထောင်ချင်တယ်လို့ အမေ့ကိုလာပြီးတိုင်ပင်တယ်။ ဒီအစီအစဉ်ကို သဘောကျတဲ့ကျွန်မအမေက ရပ်ကွက်တွေထဲမှာ လူတွေ ဘယ်လိုမှ လက်ခံမှာမဟုတ်လို့ တောင်စလင်းတိုက် ဆရာတော်ကို သွားရောက် လျှောက်ထားပြီး မြေနေရာ အလှူခံခဲ့တယ်။ ၁၉၉၈ ခုနှစ်မတ်လမှာ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းကြီးကို လူထုဒေါ်အမာ ဦးဆောင်ပြီး မန္တလေးမြို့ရဲ့ မြို့မိမြို့ဖတွေအားလုံး ပါဝင်ဖွဲ့စည်းခဲ့ကြတယ်။ အမေနဲ့ အတူတူလုပ်ခဲ့ကြတဲ့ နာယကကြီးတွေ၊ အမှုဆောင်တွေ ယခုထိရှိပါသေးတယ်။ မပြည့်စုံတဲ့ လူတွေအတွက် အသုဘ အခမဲ့ ဆောင်ကြဉ်းပေးတဲ့ အသင်းကြီးပါ။ ၂ဝဝဝပြည့်နှစ် ကစပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးက လူနာတွေ အတွက် လိုအပ်တဲ့ဆေးတွေ ထောက်ပံ့ပေးခဲ့နိုင်တယ်။ မြန်မာပြည်မှာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ လူမှုကူညီရေး အသင်းကြီးဖြစ်ပြီး ရန်ကုန်နဲ့ အခြားမြို့များထိ လူမှုရေး အသင်းတွေ ပျံ့နှံ့သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အသက်ကြီးလာလို့ စာရေးအရှိန်လျော့မသွားတဲ့ သတင်းစာသမား အမေဟာ အမေ့ရှေးစကားစာစုတွေကို ၁၉၉၇ ခုနှစ်ကစပြီး ၂ဝဝ၇ ထိ ကလျာမဂ္ဂဇင်းမှာ လစဉ်ရေးသားခဲ့တယ်။ အပုဒ်ပေါင်း ၅၉ပုဒ်ပါ။ ‘အသက် ၉၂ နှစ်နဲ့ ၃ လထဲ ဝင်လာတော့ အမေ ဆက်ရေးနိုင်ဖို့ အလားအလာမရှိတော့ဘူး၊အိုနာကိုအရှုံးပေးလိုက်ရပြီလေ’ လို့ အမေ့ရှေးစကား တတိယ မြောက် စာအုပ်အမှာစာမှာ အမေရေးခဲ့ပါတယ်။

မြန်မာပြည် လွတ်လပ်ရေး ရပြီး ပြည်တွင်းစစ် ကာလ၊ စစ်အာဏာရှင်တွေ သက်တမ်း တလျှောက်လုံး ကျွန်မတို့မိဘတွေ အမျိုးသား ညီညွှတ်ရေး၊ တိုင်းရင်းသား စည်းလုံးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အမှန်ဘက်က ရပ်တည်ခဲ့ကြတယ်။

ဒေါက်တာသန်းရင်မာ



No Responses Yet to “ပွင့်လင်းခေတ်မှာ သားသမီးများ ပြောကြတဲ့”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: