စာကြည့်တိုက် (ဝါ) ပွင့်လင်းလာသောခေတ် အတွက် အဖိုးတန်ပညာသော့

16Dec12
Rangoon University Library

Rangoon University Library

Photo http://news.fullerton.edu/

(၁)

ဆရာကြီး စိန်ရတု မွေးနေ့ ဆို၍ ဟို အနှစ် ၂ဝ ခန့်က လူထု ကြီးပွားရေး တိုက်ထုတ် စာအုပ်များ စာစုစာရင်း ပုံနှိပ်ဖို့ ကြံစည် ခဲ့ကြသည်ကို ပြန် အောက်မေ့ပါသည်။ ပြုစုသူ ကိုဝင်းတင့်မှာ ဆရာကြီး တပည့်လက်ရင်း တယောက်ဖြစ်ပြီး လူထုဒေါ်အမာ့သား၏ ကျောင်းနေဘက် တူသားသဖွယ် အိမ်တွင် နေခဲ့သူ ဖြစ်ရကား အထောက်အထား အချက်အလက် အတော်ပြည့်စုံသည့် စာတမ်း တစောင်ဖြစ်၍ ပုံနှိပ်ထုတ်ဝေရန် ကျနော့အဖွား ဒေါ်အမာက စီစဉ်ပါသည်။ ရှေ့ဦး အမှာစာအဖြစ် ဆရာကေ ဆရာဇော်ဂျီတို့ မရှိသည့်နောက် မြန်မာပြည် စာလောက ရှေ့ဆောင်များ ဖြစ်သော ဆရာတိုက်စိုး ဆရာတက္ကသိုလ်ထင်ကြီး နှင့် ဆရာ ဦးသော်ကောင်း တို့ကို ရေးပေးဖို့ ပန်ကြားပါသည်။ သို့သော် အကြောင်းမပြည့်စုံ၍ စာအုပ်မထုတ်ဖြစ်ခဲ့။ လန်ဒန် တက္ကသိုလ် စာကြည့်တိုက် တထောင့်တွင် မစ္စစ် အင်နာအဲလော့ လှူဒါန်းထားသော ထိုကျမ်းတမူကို တွေ့တိုင်း စာအုပ်အဖြစ် ပုံနှိပ်ချင်စိတ်သာ ပေါက်တော့သည်။ မြန်မာပြည် စာအုပ်တိုက်များ သမိုင်းတွင် အင်မတန် ထင်ရှား ခမ်းနားသည့် ဟံသာဝတီ တိုက်ကြီးပင်လျှင် တိုက်အကြောင်းစဉ် စာအုပ်လေး တအုပ်သာ ရိုက်နှိပ်ခဲ့ရ၍ စာအုပ်တိုက်များနှင့် ဆိုင်ရာ သမိုင်းစဉ်တွေ အသီးသီး ထွက်လာပြီး ယခု ပြန်ထွန်းသစ်စ စာအုပ်လောကကို အတုယူဆင်ခြင်စရာ ဖြစ်စေချင်ပါသည်။


(၂)

ယခုချိန်တွင် စာကြည့်တိုက် ပညာရှင်ဟု တိုင်းပြည်က ထင်ထင်ရှားရှား သိကြသည်မှာ ဆရာကြီး ဦးသော်ကောင်းသာ ဖြစ်ပါသည်။ ၁၉၅ဝ ၆ဝ ပြည့်လွန်နှစ်များက အမေရိက ဗြိတိန် တို့တွင် ပညာဆည်းပူး ခဲ့သော စာကြည့်တိုက် ပညာရှင်များ ဒါဇင်ဂဏန်း ရှိခဲ့ပါသည်။ အများစုမှာ ဌာနအလုပ်တွင် မြုပ်သွားကြ၍ သုတေသနနှင့် ပြည်သူကြား လူသိမများခဲ့ဟု ထင်ပါသည်။ တနည်း စာကြည့်တိုက် အလုပ် ကိုက အသံမထွက်သော တည်ဆောက်ရေး အလုပ်ဖြစ်သဖြင့် စာကြည့်တိုက်ဆီ မလှမ်းသာသော ပြည်သူ အများနှင့် စာကြည့်တိုက် ယဉ်ကျေးမှု ကျွမ်းဝင်ရန်လည်း မလွယ်လှ။ လွန်ခဲ့သည့် အနှစ် လေးဆယ်ခန့်အတွင်း လုပ်ပိုင်ခွင့် အကန့်အသတ်များနှင့် စီးပွားရေး ကျပ်တည်းခဲ့သည့် ကာလများ အတွင်း စာအုပ်အငှားဆိုင် ယဉ်ကျေးမှုက စာကြည့်တိုက်ထက် တွင်ကျယ်ခဲ့သည် မဟုတ်ပါလော။

(၃)

ဆရာကြီးနှင့် ဆရာဇော်ဂျီတို့ အစပျိုးခဲ့သော စာကြည့်တိုက် ပညာဌာနက ပြုစုသည့် စာစုစာရင်းများကို စုပေါင်းဖြည့်စွက်ပြီး အမျိုးသား ရည်ညွှန်းစာစု အဆင့်ရောက်အောင် ထိုမှ အများပြည်သူထဲက သုတပညာ
လိုက်စားကိုးကား လိုသည့် ကျောင်းသားများ သုံးနိုင်အောင် ခေတ်မီ နည်းစနစ်များဖြင့် အကျယ်အပြန့် ဖြန့်နိုင်သည် အထိလည်း ဖြစ်စေချင်ပါသည်။ အကြောင်းက ထို အနှစ်လေးဆယ်အတွင်း မူရင်းပြုစု ကိုးကားရာ စာအုပ်စာတမ်း အများမှာ နှစ်ကာလ ဟောင်းနွမ်း ကြာရှည်၍ အများလက်လှမ်းမမီ ပျောက်ပျက် စုတ်ပြဲသည့်အဆင့် ရောက်နေ၍ စာစုအကိုးအကား မှ မူရင်းစာတို့ကို ပြန်လည်ရှာဖွေ ထိန်းသိမ်းရေး တပ်လှန့်သည့်အလား ဖြစ်စေလိုခြင်း ကြောင့်ပါ။ စာမျိုးဆက် မပြတ်မှ လူမျိုးလည်း ဆက်မိမည် မဟုတ်ပါလား။ ထိုတာဝန်ကို ကမ္ဘေကမ္ဘာမှ ယနေ့တိုင် ထမ်းနေကြသူများက စာကြည့် ပိဋကတ်တိုက်မှူးများ ပင်။ မြန်မာပြည်တွင် ပုဂံပျက်စ တောင်တွင်းမင်းလှူသော တက်နွဲကျောင်း ပိဋကတ်တိုက်မျိုးမှ စစ်ကြီးပြီးစ ဆရာဇော်ဂျီ ထူထောင်ခဲ့ရသော တက္ကသိုလ်စာကြည့်တိုက် အထိ စာကြည့်တိုက် အဆက်ဆက်က မြန်မာ လူမျိုးနှင့် တိုင်းပြည်၏ ဉာဏယဉ်ကျေးမှု ကြွယ်သမျှကို ထိန်းရသည့် သုတ တိုက်စိုးတို့ တာဝန်ကျေမှု ကို ပြနေခြင်း ဖြစ်ပါသည်။ အင်မတန် ပြင်းသည့် စစ်မီးများ ရာစုနှစ်ချီ လောင်မြိုက်ခဲ့ခြင်းကို သူတို့ မတားနိုင်၍သာ ပညာအမြိုက်ဘုံမှာ အပြည့်အစုံ မကြွင်းကျန် ခြင်း ဖြစ်သည်။ ရှေ့ဆက်ပြီး ခေတ်မီ နည်းစနစ်တို့ဖြင့် အခြား တိုင်းပြည်များက ပညာမွေနှစ်တွေ ထိန်းသိမ်းဖြန့်ဝေပေးသလို တိုင်းပြည်တွင် ဝေမျှနိုင်ကြမှ လူထု၏ ပညာရေချိန်နှင့် နိုးကြားတတ်သိမှု မြင့်မားလာမည်ဟု ယုံကြည်နေပါသည်။

ထို့ကြောင့် ဆရာကြီး ပြုစုမြဲ စာပေသုတေသန များကိုလည်း ဆက်လက်ပြုစုရင်း စာကြည့်တိုက် ယဉ်ကျေးမှုကို စာအုပ်ဈေးကြီးမြင့်မှု၊ အထွေထွေ ဈေးနှုန်းတက်မှု၊ အပြိုင်အဆိုင် ခေတ်ပေါ်ဖျော်ဖြေရေးများ ကြားက ပြည်သူတို့ဆီ အရောက်ပို့ မွေ့လျော်မှု ပျိုးထောင်ရေး ကြိုးပမ်းမှုတွင်လည်း ဆရာကြီးကဲ့သို့ ပညာ သမ္ဘာနှင့် ပြည့်စုံပြီး ပြည်တွင်းပြည်ပ အဆက်အသွယ်ကောင်းသူများ ဦးဆောင်နိုင်ကြပါစေ၊ ဆရာကြီး ကျန်းမာသက်ရှည်ပါစေ၊ ပညာရှာ သုတေသီများကိုလည်း ဆထက်တပိုး ကူညီမစနိုင်ပါစေဟုသာ မွေးနေ့စာတိုဖြင့် ကန်တော့လိုက်ရပါသည်။



No Responses Yet to “စာကြည့်တိုက် (ဝါ) ပွင့်လင်းလာသောခေတ် အတွက် အဖိုးတန်ပညာသော့”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: