လွန်သည့် နောင်တမရစေလို

30Dec12
Mandalay Film

Mandalay Film

ဒီအချိန်မှာ ဆုံးသွားတဲ့ ဘိုးဘွားများကို သတိရမိပါတယ်။ သူတို့မြေးငယ်တယောက် အကယ်ဒမီ ဆိုတဲ့ ဆုကို ရတာ အဖိုးအဖွား တစုံပဲ သိနိုင်တော့တဲ့အဖြစ်ပါ။ မန္တလေးမြို့မှာ ဆေးရိုးအလုပ်နဲ့ ပတ်သက်တဲ့ ကုန်သည်လင်မယားက သားသမီး ၆ ယောက်အဖတ်တင် ရာမှာ ပေါက်ဖွားလာကြတာက စာပေ ဂီတ ရုပ်ရှင် နိုင်ငံရေး ဆေးဘက် အစုံ ဝင်ငံကြပါတယ်။ လူကြီးတွေ စာဖတ်တဲ့အိမ်တွေမှာ လူငယ်တွေ စာပေသုခုမ နှစ်လိုတာ မဆန်းပါ။ ပြောလိုတာက ဆုတွေ ဘာတွေ ရတာထက် စိုက်လိုက်မတ်တတ် ရှိကြပုံ။

ထင်ပေါ်တဲ့သူ တဦးကို လေ့လာရင် သူ့နောက်ခံကို လွတ်လို့မဖြစ်တာမို့ ဒါဟာ ကွန်ယက် အုပ်စုတွေနဲ့ သွားနေတယ် ဆိုတာ သတိပြုမိသင့်တယ် ထင်ပါတယ်။ လှတော စကား၊ ပုခန်းနဲ့ ချီပါ၊ ပန်းပုရွာ၊ ကျောက်ဆစ်တန်း စတဲ့ ပညာသည် ရပ်ရွာတွေ ထွန်းကားတာဟာ ပတ်ဝန်းကျင် အခြေပြု လူ့တိုးတက်မှု သဘော။ ရန်ကုန် မန္တလေးက လွန်လေပီးတဲ့ အနုပညာ အုပ်စုတွေမှာ ထိုနည်းအတူ တွေ့ရတော့ ပွင့်လာတဲ့ ခေတ်ကောလီမှာ ပြန်ပီး ပန်းသစ်ပွင့်ကြစေချင်တာပဲ။

စန္ဒရား ဦးသိမ်းမောင် ရေးတဲ့ စာတပုဒ်မှာ ဒါးတန်းဦးသန့်တို့ ဥပုသ်ရက်တွေမှာ တရားဆွေးနွေးဖို့ လူစုတော့ ဦးကျော်စိန် အိမ်က ဒေါ်ကြင်ကြင်က ဝက်ခေါင်းသုပ်၊ မြီးရှေ စတဲ့ မုန့်မျိုးနဲ့ ဧည့်ခံတယ်၊ ဒီမှာ ဦးသန့်က ဒေါ်ကြင့်သား မောင်မောင်ကို စန္ဒရားသင်ဖို့ ဦးသိန်းမောင်ထံ အပ်တယ် ဒီလိုလာတယ်။ မောင်မောင်ဟာ နောင်မှာ အဉ္စလီ အမည်နဲ့ ထွန်းပေါက်တဲ့ ဂီတ စာရေးဆရာ ဖြစ်လာတယ်။ ဦးသန့် ၊ ကာယဗလ ဦးနေဝင်း (နဂါးဒေါ်ဦး ခင်ပွန်းဟောင်း)၊ ရွှေမန်း တင်မောင်စတဲ့ မိတ်ဆွေတွေ ကြီးမှူးတဲ့ မန္တလေး ရုပ်ရှင်က ကားကောင်းတွေ အများအပြား ထွက်ခဲ့တာ တိုင်းသိပါတယ်။ တကယ်ဆို သီပေါမင်းလေးသာ ပါမသွားရင် မန္တလေးက ယူနီဗာစီတီ၊ ဓာတ်ရှင် ဆိုတာတွေ အရင်တောင် ထွန်းကားနိုင်ပါတယ်။ ပညာသင်တွေကို ဘိလပ် ပြင်သစ် အီတလီတွေမှာ ၁၈၅ဝ-၆ဝ နှစ်တွေထဲက လွှတ်ခဲ့တာ သူတို့အနွယ်တွေ ခုထိ ထင်ရှားရှိနေပါတယ်။

ချောတောမငေါ့ရအောင် ပြောရင် ဦးသန့်တို့ မန္တလေး ဓာတ်ရှင် အုပ်စုထဲက ဓနရှင် သားသမီးတစုံ လက်ထပ်ပီး(မြို့မငြိမ်းရဲ့ မင်္ဂလာမောင်မယ် သီချင်းလက်ဖွဲနဲ့) သူတို့သားက ရီမြင့် ရုပ်ရှင်ဆိုပီး မိဘလုပ်ငန်းကို ဦးဆောင်တယ်။ (သင်္ကြန်မိုး၊ မမစိမ်း၊ ဒဏ္ဍာရီ) စသည်။ ရီမြင့်ရဲ့ ကားတွေမှာ ယောက်ဖ ဂီတဆရာတွေ၊ မန္တလေးမြို့ခံ ဂီတ ပန်းချီ မြန်မာမှု နောက် စီးပွားရေး အသိုင်းအဝိုင်းက ဝါသနာရှင်တွေ အမြဲပါလို့ စုပေါင်းလက်ရာကောင်း ရန်ကုန်နဲ့ မတူတဲ့ တမူ ရတတ်တယ်။ လက်ရှိ အချိန်ထိ ခေတ်မကောင်းတဲ့ မြန်မာ ရုပ်ရှင်မှာ သူတို့လဲ ဆက်ရွေ့နိုင်အောင် ကြံနေသူတွေထဲ ပါတယ်။ ခုချိန်က ပညာနက္ခတ် ကောင်းတော့ ရုပ်ရှင်အတတ်ကို ဗြိတိသျှဘားမား၊ အေဝမ်းအနွယ်တွေ အမေရိကန် ထွက်သင်သလို ခေတ်လူတွေကို အီတလီ ပြင်သစ်စတဲ့ အရပ်တွေမှာ နို့စို့ဖို့ လက်ချမီ စောင်မနေတဲ့ နိုင်ငံရေးလူတတ်တွေက ကြံစည်ပေးကြသော် မကောင်းလော။ ငါ့လူ သူ့လူမွေးလွှတ်မယ့် အစား ဖြစ်မယ့်သူ ဖြစ်ခြေတန်ရာများသူကို ဘယ်နေရာမှာ မဆို ရွေးကြစေချင်တယ်။ လက်သင့်သလို စားတာက ခေတ်တိုင်းမှာ ဖြစ်နေလို့ပဲ။

ခုဆုတွေ လှိမ့်ရတဲ့ကားက တကယ်ကောင်းလားတော့ မသိဘူး။ သခင်ဘသောင်းရဲ့ ရှုမဝထဲက ရုပ်ရှင်ဆု စာလို တနှစ်တွင်းကောင်းတာနဲ့ စံချိန်တင်ကောင်းတာ ခွဲပေးကြမလား။ ၁၉၇၂ က ကားတွေ ဆယ်ချီ ထွက်ချိန်မှာ ၂ ဆုပဲ ပေးတာ သတိရတယ်။ ဆုဆိုတာတွေဟာ ပေးသူတွေရဲ့ မူကို ပြန်ဟပ်နေတာပဲ။ ကြည်ကြည်ဌေး၊ သာဓုရဲ့ မြတ်မွန် ပထမချီနဲ့ ဆုချိတ်တာ၊ နောက် စန္ဒာ၊ မောင်ဝဏ္ဏ စတဲ့ လမ်းသစ်ဟန်သစ် ထွင်သူ တွေကို ပြန်သုံးသပ်ရင် နောင်နောင်ဟာ ပုံစံခွက်ထဲက မန္တလေး မင်းသား ဖြစ်မှာမဟုတ်ဘူး။

သူ့အဖွား ဒေါ်နယ်လီသန့် (ဒေါ်ရီရီ)သူငယ်ချင်း စာရေးဆရာမ ဒေါ်ခင်ဆွေဦး သိရင် စာတပုဒ်တော့ ရေးမှာဘဲ။ အမေဘက်က အဖွားသာ ရှိသေးရင် မမမာရေ ဒီကောင်တော့ အတော်ဟုတ်တယ် ဆိုပီး မြေးတွေလက်ဆွဲပီး ရောက်လာ ပြောနေမှာဘဲ။ ဟို ၁၅ နှစ်ကျော်က ဆုံးနှင့်တဲ့ ဘွားကြီးတော်သာ ကြားရင် သူအားပေးရမယ့် မင်းသားသစ်ပေါ်ပြန်ပီဆိုပီး သဘောကျမှာဘဲ။ မာမီ ဒေါ်မြင့်ခင် မန္တလေး လာလည်နေတုန်း ဆုရတာလဲ အင်မတန် တိုက်ဆိုင်တာ။ မြို့မှာ လူကြီးရယ်လို့ မရှိတဲ့အခါ၊ အရင်ခေတ်ဟောင်းက နေဖူးတဲ့သူတွေကို ပြန်တွေ့ရတာ အင်မတန် ကြည်နူးစရာပါ။

မြန်မာရုပ်ရှင်ဟာ အတော်ခရီးပေါက်ပီးမှ စစ်ဒဏ်ကြောင့် လမ်းလျှောက်မေ့တဲ့ ခလေးလို အောက်ကပြန်စနေရတယ်။ တိုင်းပြည်က မျက်စိကြီး နားကြီး ပညာတတ်တွေ လူကြီး ဘုန်းတော်ကြီးတွေ ဝိုင်းဖို့ လိုတယ်။



No Responses Yet to “လွန်သည့် နောင်တမရစေလို”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: