Mandalay Archivist

12Jan13

အလို ဒေါ်တင်လှကြီး

Tin Hla (M.A, M.S (Columbia)

Tin Hla (M.A, M.S (Columbia)

ဂါးဒီးယန်း မဂ္ဂဇင်းထဲက မန္တလေး ယဉ်ကျေးမှု ဗိမာန် ပြတိုက်အကြောင်း ဆောင်းပါး တွင် ဒေါ်တင်လှ သန်လျင်းလား ဘာလားမသိသည့် ထမ်းစင်ငယ်တစင်း ရှေ့တွင် ပြုံးပြုံးလေး ထိုင်နေသည်ကို တွေ့ရသည်။ မန္တလေး စာကြည့်တိုက်အတွက် အမေရိကန် ပြန်ကြားရေးက စာအုပ်များစွာ ရက်ရက်ရောရော ပေးလှူကြောင်း တပ်မတော် ဝါဒဖြန့်ချိရေး အတွက် ထုတ်သည့် ဂါးဒီးယန်း မဂ္ဂဇင်း ဆောင်းပါးက ရေးသားသည်။

အင်တာနက်တွင် မန္တလေးမြို့ Burma Buddhist Society မှ ထုတ်သည့် The Light of Buddha မဂ္ဂဇင်းများကို ပရိယတ္တိ ဝက်ဆိုက်က ဓမ္မဒါနပြုသည်ကို တွေ့ရာ The Meaning of Samannaphala in the Light of Buddha’s Discourse by Tin Hla (M.A) ဆိုပါကလား။ ဘွားတော်ကို ယဉ်ကျေးမှု ဆိုင်ရာ ပညာတတ်မှတ်ထားရာ နှယ်နှယ်တော့ မဟုတ်ပေ။ My Idea of Sotapanna (by U Pe Thein, Shwe U Daung) ကျွန်ုပ်သိသော သောတာပန် အင်္ဂလိပ်မူ။ ဒါလဲ အတော် ဂယက်ရိုက်သည့်စာ ဖြစ်သည်။ ခုခေတ်ဆို ဦးဖေသိန်း မိုးပြာနောက် ထောင်ထဲလိုက်နေရနိုင်သည်။ ခုချိန်ထိ ပွင့်လင်းလာသည် ဆိုချိန်ဝယ် ဒိဋ္ဌေဒိဋ္ဌမတ္တံကအစ လောကုတ္တရာဆွေးနွေးခန်း အတော်များများ ပြန်မထုတ်ကြသေးသည်ကိုလဲ သတိပြုမိသည်။ ရန်ကုန်မြို့တွင် ဝန်ကြီးချုပ် ဦးနု၊ ဆာဦးသွင်တို့ ဦးစီးသည့် ပြည်ထောင်စု မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီ၏ အရံသဘောမျိုး အညာက ဘာသာရေးပညာရှိ ခေတ်ပညာတတ်များ၊ သူဌေးများ ပါသည့် ဗုဒ္ဓဘာသာ အဖွဲ့တွင် ဒေါ်တင်လှက တွဲဘက် အတွင်းရေးမှူး၊ အယ်ဒီတာ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ သူ့ဖခင် အမျိုးသား ကျောင်းအုပ်ကြီး ဦးဘခင်က အတွင်းရေးမှူး၊ ဦးထင်၊ ရွှေလက်ဝါး ဒေါ်ထား (ဘီအေ)၊ ဒေါက်တာဆိုနီ စသည့် မြို့ပေါ်က လက်ျာယိမ်း ပညာတတ်များ အစုံအညီပါကြသည်။ ၁၉၆၅ ခုနှစ် တော်လှန်ရေး အစိုးရခေတ် ဘာသာရေး လှုပ်ရှားမှုတွေ နောက်ပို့ချိန်တွင် စာစောင် ရပ်သွားသည်။

ဒေါ်တင်လှ အမေရိကန် ပညာသင်သွားသည်။ ဦးကိုကြီး (ရုပ်မြင်)နှင့် ဟိုမှာတွေ့ပီး လက်ထပ်ကြသည် ဆိုတာတွေ ကြားဖူးသည်။ ဘက်ကနဲတက္ကသိုလ် ဗမာတွေ့ဆုံပွဲ ၁၉၅ဝ အကုန်ပိုင်းလောက်က တက်ရောက်သူစာရင်းတွင် မညွန့်မြင့် (၁၉၇ဝ ကျော်က နှစ်ချုပ် မြန်မာ စာအုပ်စာရင်း တအုပ်ပြုစုခဲ့သည့် ညွန့်မြင့်နှင့် အပေါင်းအသင်း)၊ ရိုလင်ချန်ထွန်း တို့နှင့်အတူ မတင်လှကိုလဲ တွေ့ရသည်။ ပြန်လာတော့ တော်လှန်ရေးခေတ်တွင် မှန်နန်းတော် နေရာ ဆောက်ထားသည့် ပြတိုက်ကလေးတွင် နန်းတော်ပုံစံငယ်ကို စစ်ဗိုလ်တွေရှေ့ ပြသ ရှင်းလင်းနေကြသည့် ပိသုကာ ဆရာဆိုင်နှင့် လူကြီးများ အထဲ သူ့ကို မားမားကြီး တွေ့ရပြန်သည်။ ဆံထုံး၊ ရင်ဖုံးလက်ရှေနှင့် ပုံစံကျ မြန်မာအမျိုးသမီးလို ဝတ်တာပါပဲ။ ထိုပုံစံကို နောက် အနှစ် ၅ဝ လောက်တွင် သူ့ကိုတွေ့တော့လဲ ထိန်းထားသည်ကို တွေ့ရသည်။ ဒီပိန်ပိန်ရှေရှေ မျက်နှာ နှာခေါင်း မြန်မာဆန်လှသည့် မိန်းမကြီးမှာ ရွှေမန်းမယ် ဆိုပါလား။ မန္တလေး အနောက်ကျုံးလမ်းပေါ်က ယဉ်ကျေးမှု ပြတိုက် နှစ်ပေါင်းများစွာ ပြတိုက်မှူး လုပ်သွားသည့် ပုဂ္ဂိုလ်လဲ ဖြစ်သည်။

အန်တီ ဘာလို့ နိုင်ငံခြားမှာ ထွက် အလုပ်မလုပ်သလဲဟု မေးကြည့်ရာ ဖေဖေက ငါ့သမီး ပိုက်ဆံမမက်ရဘူး၊ လူဆိုတာ အမျိုးချစ်ရတယ်၊ တိုင်းပြည်အတွက်ပဲ လုပ်ရတယ်လို့ သွန်သင်သွားတယ်ဟု ရှေးမန္တလေးလေအေးကြီးနှင့် ရှင်းပြပါသည်။ မန္တလေးအသင်း လုပ်ငန်းများတွင်လဲ ဒေါ်တင်လှ အမြဲတက်ကြွသည်ကို ကြားရပါသည်။ တခါတခါ ထများပင် ကကြပါသည်။ မန္တလေးသို့လဲ တက်တက်လာပါသည်။ အဖွားမဆုံးခင်က သူ့ညီမ ဝမ်းကွဲ ကျနော့အမများ မိသားစုနှင့် လိုက်လာပီး ၈ဝ ကျော်နှင့် ၉ဝ ကျော် ဖက်ယမ်း နမ်းရှုပ် နှုတ်ဆက်ကြသည်ကို တွေ့ရသည်။ နောက်လဲ နတ်ပွဲကာလမျိုးတွင် မတ်တော်သည့် အမေရိကန်တယောက်နှင့် လေ့လာရေး လိုက်ပြသည် ဆို၏။ ယခုတော့ ဒေါ်တင်လှ တယ်မမာဟု ကြားရသည်။ မန္တလေးအကြောင်း ပြောလျှင် သူ့ကဏ္ဍကို မေ့နေကြသလို ရှိသည်။ မြန်မာ့အသံဝင်းထဲ နေသော်လဲ မြန်မာ့အသံက သူ့ကိုမေ့ထားသည်မှာ စိတ်မကောင်းစရာ။ ယခုချိန်ထိ ကျန်ကောင်းကျန်ရာ ဆရာကြီး မစ္စတာရာဇတ် တပည့်များထဲက သူလောက်ပဲ ထင်ရှားရှိတော့မည် ထင်ပါသည်။ ရွှေမန်းတင်လှ အမည်နှင့် ယဉ်ကျေးမှု စာစောင် များတွင် ရေးသားခဲ့သော ထရံကာ မဘုရား စသည့် ဆောင်းပါးစာများကို တိုက်ကြီးများက စုရိုက်သင့်ပါပီ။

မန္တလေး ယဉ်ကျေးမှု ပြတိုက် စာကြည့်တိုက်များကို နောက်အစိုးရများ ဂရုမပြုသလို ဖြစ်နေသည်မှာ စိတ်မချမ်းသာပါ။ ယဉ်ကျေးမှု မြို့တော်ကြီး နာမည်ခံပီး ပြစရာ ပြတိုက်ဟူ၍ အနောက်ပွဲတက်ဆောင်ပေါ်က ပြတိုက်အသေးလေးမှာလဲ ဝင်ရခက်၊ ပြခင်းကလဲ မကောင်း၊ ဘုရားကြီး ပြတိုက်မှာလဲ သာသနာပြတိုက်လို ဖြစ်နေပီး အညာ မြို့တော်ဟောင်း ၃ ၄ ခု ဆုံရာ ဒေသကြီးတွင် ပုဂံလို ပြတိုက်ကောင်းကောင်းလေး ပြစရာရှိအောင် လက်ရှိ ယဉ်ကျေးမှု ဗိမာန်ကိုပဲ ပြုပြင်၍ တနည်း၊ ခေတ်ဆန်း ပြတိုက်လို တဖုံ တည်ထောင်ကြဖို့ ကောင်းပါပီ။ ဆရာမောင်မောင်တင် ပြတိုက်အတွက် ပညာသင် သွားရဖို့ ရှိခါမှ မသွားလိုက်ရဆိုသည့် စကားကိုပဲ အမှတ်ရပါသည်။ စကော့တလန်တွင် မျိုးချစ်စာဆို ရောဘတ်ဘန်း အမှတ်တရ မြူဇီယမ်ကြီးမှာ ဆရာမောင်ထင်တို့ ရောက်စဉ်ကထက် များစွာ ကြီးကျယ် အနုစိတ်သည်ကို ဝမ်းပါးခဲ့ရသည်။

post-war Miss Mandalay

post-war Miss Mandalay



No Responses Yet to “Mandalay Archivist”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: