Kyipwaye Selection since 1938

28Jan13
Kyipwaye Press, Rangoon

Kyipwaye Press, Rangoon

ဤ ဇွန်ဆိုလျှင် ကြီးပွားရေး လက်ရွေးစင် စာအုပ်များ စတင် ထုတ်ဝေတာ ၇၅ နှစ် ပြည့်ပါမည်။ ပထမ မူလ နံပါတ် ၁ စာစဉ်မှာ ဦးဘဂျမ်း၏ ကိုပြူး မပြုံး ကာတွန်းဖြစ်ပီး ပထမဆုံး မြန်မာ ဘာသာနှင့် ထုတ်ဝေသော ကလေး ကာတွန်းစာအုပ်ဖြစ်ပါသည်။ ကာတွန်းညီညီ၏ ကိုပူစီ စုန်းမကြီး ဒေါ်အိုဇာ ကာတွန်းလို ဒစ်စနေပုံစံ ကာတွန်းများလဲ မရှေးမနှောင်း ခေတ်စားလာပါသည်။

ကြီးပွားရေး အစောပိုင်း စာအုပ်များတွင် တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ မအမာ ပြန်ဆိုသော မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ၊ ဦးလှ၏ ဆိုဗီယက်ရုရှား စသည်တို့ ပါဝင်သည်။ မောရစ်ကောလစ်လို ကိုလိုနီ အရာရှိကြီးတယောက်က ကိုလိုနီစနစ်၏ ယိရွဲပုပ်အဲ့နေသော အတွင်းသရုပ်များကို ပွင့်ပွင့်ကြီး ဖွင့်ချသည်မို့ မအမာ ဘာသာပြန်မှာ သူ၏နိုင်ငံရေး လမ်းကြောင်းနှင့် အရှိန်ဟပ်မိပီး တိုင်းပြည်က လက်ခံသည့် အမျိုးသမီး ကလောင်တချောင်းအဖြစ် တိုးတက်လာခဲ့သည်။ ရွှေဥဒေါင်း၊ ရွှေစကြာ စသည့် ခေတ်ပေါ် စာရေးဆရာများ၏ ပထမံ ဆရာသိန်းကဲ့သို့ ဝတ္ထုများ ထုတ်ဝေသည့်အပြင် ကြီးပွားရေးမှ ဦးပုကလေး၏ ကပြားပြဿနာ၊ မန္တလေးဆရာမွှန်းကြီး၏ နတ်ဒုစသည့် ခေတ်ရေးခေတ်ရာ ဝေဖန်စာများ ထုတ်ခဲ့သည်။ နေသူရိန် အမည်ဖြင့် မဟာဆွေရေးသော မကြောက်တရား ဆောင်းပါးများမှာ ကြီးပွားရေးတွင် လစဉ်ပါစဉ်ကပင် သခင်အောင်ဆန်းစသည့် သခင်လူငယ်တို့ အသည်းစွဲ ရဲရဲတောက်စာများ ဖြစ်သည်။ ထိုခေတ် နိုင်ငံရေးသမားကား စာကို တန်းကုန်အောင် ဖတ်ပီး တိုင်းပြည်အတွက် ရွတ်ရွတ်ချွံချွံ စွန့်ကြသည်ကများသည်။ ဇဝန၏ အပါပုံပြောမယ် ဦးလေးနားထောင် ဆောင်းပါးများမှာလည်း ဗုဒ္ဓဝင်၊ ရာဇဝင်ကို ပြောင်ချော်ချော်နှင့် ရယ်စရာလုပ်ကာ သောရဲသည်မှာ ထိုခေတ် ကိုလိုနီတရားဥပဒေ အကာအကွယ်အောက်က ယဉ်ကျေးမှုစုံကို လက်ခံသည့်ခေတ်အခြေမျိုးမို့ ထိုသို့ကလောင်ကစားနိုင်သလား ပြန်တွေးမိပါသည်။ အင်နန် သိက္ခာကြီးသည့် ရွှေကျင်ဆရာတော်ကြီးများပင် အပါပြောသည့်ပုံကို တဟားဟားနှင့် ပွဲကျခဲ့ပါသည်။

ကြီးပွားရေးမှာ နဂါးနီ၊ မြန်မာပြည် စာအုပ်ထုတ်ဝေရေး စသည့် ခေတ်ပြိုင် နိုင်ငံရေးစာအုပ်တိုက်တို့ လမ်းအတိုင်း စာပေဖြင့် တိုင်းပြည်ပြုသည့်အခြေခံဖြင့် ထုတ်ခဲ့သည့် တိုက်တတိုက် ဖြစ်ပါသည်။ တခြားတိုက်များ စ်ပီးခေတ်တွင် ဆက်ပါမလာတော့ဘဲ ကြီးပွားရေးက ဗိုလ်ချုပ်နေဝင်းခေတ်ထိ ပါလာသည်မှာ စာပေလမ်းက နိုင်ငံရေးထိ နယ်မကျွံခဲ့သောကြောင့်လား တွေးရပါသည်။ တိုက်ရှင်ဦးလှမှာ စာကိုဝါသနာကြီးသူဖြစ်၍ ဂျပန့်ခေတ်မှာပင် မီးခြစ်စက္ကူဖြင့် ထုတ်သူဖြစ်သည်။ သူ ဖဆပလမှ ကွန်မြူနစ်ကိုဖယ်ချိန်တွင် နိုင်ငံရေးက နားခဲ့သည်မှာ အနားကောင်းဟုဆိုရပါမည်။ တဘက်ဘက်ပါသွားခဲ့ပါက လူသော်လည်းကောင်း၊ နာမည်သော်လည်းကောင်း သေမည့်ကိန်းတွေ အများကြီး ရှိခဲ့ပါသည်။ ဇနီး ဒေါ်အမာမှာကား စီးပွားရေးနားလည်သည့် ကုန်သည်မိသားစုမှ စက္ကူဆိုင်ရှင်ဖြစ်ရကား ငွေရေးကြေးရေးကို စီမံခန့်ခွဲတတ်ပါသည်။ သို့အတွက် လူထုတိုက်က စာရင်းကိုင်လုပ်သည့်သူတွေ ပြားစွန်းထိ ပြန်စစ်ရပုံကို သူ့သူငယ်ချင်း မာလာက ဝတ္ထုထဲ ထည့်ရေးပါသည်။ တိုက်ရှင်နှင့် အသိုင်းအဝိုင်းက စာရေးကောင်းသည့် ပညာသည်များဖြစ်ခြင်းကလည်း လူထု၏ အခြား အားသာချက်ပါပေ။ စစ်ပြီးခေတ် တလျှောက်လုံးတွင်လည်း လက်ဝဲဆန်သည့် ပညာတတ် လူငယ်စာသမားများ လူထုသတင်းစာ၊ ဂျာနယ်တို့တွင် ကလောင်သွေးကြပါသည်။ ပင်လုံညီလာခံ၏ အရေးပါသော စေ့စပ်ရေးမှူး ဦးတင်ဧ (ရှမ်းပြည်)၊ ယနေ့ ဝိဇ္ဇာသိပ္ပံပညာရှင်သင်း ချယ်ယာမင် ပညာရေးပါရဂူ ဦးသန်းဦး (ပြည်)၊ မန္တလေးမြို့မှ ရှေ့နေဦးမြစိန် စသည့်လူငယ်များမှာ ၁၉၅ဝ ကျော်က လူထု၏ ပင်တိုင်ကလောင်များ ဖြစ်ပါသည်။ မောင်စူးစမ်းမှာ လူထုဖိုမင်ကြီး ပေးသောကလောင်ဖြစ်ပါသည်။ တိုက်မူနှင့် မညီသော်လည်း လူရင်းမို့ ထုတ်ပေးခဲ့ရသည့် စာ ၂ အုပ်မှာ မြန်မာတွင် ပထမဆုံး စာပေ ဝေဖန်ရေးစာအုပ်ထုတ်သည့် ဣန္ဒနီ၏ လူဆိုးဂိုဏ်းဝတ္ထု ဖိုးတုတ်ကလေးနှင့် ကာလီဒါသ ၂ အမည်နှင့် ရွှေဥဒေါင်းရေးသော ကြာခြည်သဘာဝအစစ် ဖိုမဘာဝစာအုပ်များ ဖြစ်ပါသည်။

သတင်းစာမှ လူထုနှင့်ထိစပ်ကာ ပညာသည်တို့၏ လက်ရာအတွေးအမြင်များကို အစဉ်တင်ဆက်ဖို့ ကြိုးစားနေရကား ရွှေဥဒေါင်း၏ အကြံဥာဏ်နှင့် ကြီးပွားရေး၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ တိုက်ရှင်များ ပြန်ဆိုသော လက်ဝဲ နိုင်ငံရေး သုံးသပ်စာများ၊ ရွှေကိုင်းသား၊ ဦးလှ-ဒေါ်အမာတို့၏ လူမှု-ယဉ်ကျေးမှု သမိုင်းအတ္ထုပ္ပတ္တိများ၊ ရိုးရာပုံပြင် စာအုပ်များမှသည် ဒေါက်တာမြင့်မြင့်ခင်၏ အေအိုင်ဒီအက်စ်ပညာပေး အစောပိုင်းစာအုပ် စသည်တို့ကို လူထုက တင်ဆက်ခဲ့ပြန်သည်။ ဆေးပညာအခြေပြ သက်ဝေမေကျော့၊ နှောင်းချစ်ဝေ့လယ် စသည့် မန္တလေးမြို့မှ ထင်ရှားသော ဆေးတိုက်ပိုင်ရှင် ဒေါက်တာထွန်းရွှေ၏ ဝတ္ထုများမှာ လူထုကျန်းမာရေးဆိုသည့် သဘောများကို သိမ်မွေ့စွာ သွတ်သွင်းပြထားသည်ဖြစ်၍ (မောင်သင်၏ ဆေးသမား စွန့်စားခန်းများနှင့်မတူ) စာပေဗိမာန်ဆု ချိတ်ခဲ့ဖူးသည်။ ဦးလှ၏ ထောင်အတွေ့အကြုံ စာပေမှာကား လူ့အောက်ကတုံးများ သဖွယ် ပိပြားနေသော ခေတ်ဟောင်း လူ့အဖွဲ့အစည်းအမြင်တွင် စက်ဆုပ်ဖွယ် ရာဇဝတ်သမားဆိုသူ လူငယ်နင်းပြားတို့၏ ဘဝကို အမွှန်းအပြောက်မပါဘဲ ရာဇဝင် စာတင်ခဲ့ခြင်းဖြစ်သည်။ ယခုခေါ်နေသည့် လူထုရာဇဝင်ခေါ် သမိုင်းရေးနည်းမှာ မြန်မာတွင် ပဒေသရာဇာ၊ ဦးပုညတို့က စသည်ပြောရပေအံ့။

young prisoners in 1950s

young prisoners in 1950s

လူထုကို ပြောလျှင် သူ၏ စာအုပ်ဖုံး စာလုံး ဒီဇိုင်းတခေတ်ဖြစ်ခဲ့သော ၁၉၆ဝ စွန်းစနှစ်များကို ထည့်ပြောကြသင့်ပါသည်။ ပေါ်ဦးသက်၊ ဝင်းဖေမှ တွတ်တွတ်၊ ပန်းသမုဒ္ဒရာစသည့် မန္တလေးမူ တမူထူနိုင်ခဲ့သောခေတ်ကို ပြန်လည်ဆန်းသစ်သင့်ပါသည်။ စာလုံးဖွန့်နှင့် ပတ်သက်၍ ရှေးက ဟံသာဝတီလို တိုက်ကြီးမျိုးက ဘိလပ်တွင် စာလုံးအပ်သလို လူထုဒေါ်အမာသည် ကွန်ပျူတာ မြန်မာစာဖွန့်ရဖို့ ၁၉၈၈ ခန့်ကထဲက စုံစမ်းရှာဖွေခဲ့ပါသည်။ လူထုသည် အမေရိကန် ပြန်ကြားရေးနောက် မြန်မာပြည်တွင် ခဲစာလုံးကို ပထမဆုံးစွန့်ပယ်သော တိုက်ဖြစ်ပါသည်။

ခေတ်ဟောင်း သူရိယ၊ ဒဂုန် ခေတ်အလွန် စာပေဗိမာန်၊ ရှုမဝ၊ သွေးသောက်ခေတ်မှသည် ပုဂံ၊ နှလုံးလှ၊ စာပေလောက၊ စိတ်ကူးချိုချို၊ ရာပြည့်စသည့် လက်ရှိတိုက်ကြီးများ ထိ ခေတ်အဆက်ဆက် စာသမား စာအုပ်သမားတို့၏ စာရာဇဝင်မှာ မြန်မာတွင် အရေးတယူစာဖွဲ့သင့်နေသော အကြောင်းရပ်ဖြစ်ပါသည်၊ ငွေဥဒေါင်း၏ စာဝင်္ကပါနှင့် အတိုအထွာများ၊ စာကြည့်တိုက်ကျမ်းပြုများမှလွဲ၍ စာအုပ်လောကကို မြန်မာစာပေတွင် အရေးတယူ မရှိလှသေးပါ။ လူထု ကြီးပွားရေးစာအုပ်တိုက်ထုတ် စာအုပ်များအကြောင်း မိတ္ထီလာတက္ကသိုလ်စာကြည့်တိုက်မှူး ဦးဝင်းတင့်ပြုစုထားသည်ကို စိန်ရတုအမီ လူထုထဲပို့သင့်ပီ ထင်ပါသည်။ ဟို ၁၅ နှစ်ခန့်က ဦးထင်ကြီး၊ တိုက်စိုး၊ ဦးသော်ကောင်း ပညာရှင်များအမှာနှင့် ထုတ်ဝေရန် ဒေါ်အမာ ကြိုးပမ်းခဲ့ဖူးသည်။

ကနဦးကာလ ရောင်းမကုန်သော စာအုပ်ပုံကြီးကို အဒေါ်တိုက် ပြန်သယ်လာလျှင် အမာရယ် ညည်းတို့အလုပ်က ဟုတ်ပါ့မလားအေဟု ပူပန်တတ်သော ဒေါ်သက်ရှေကို ကြီးပွားရေးက စာဖတ်သူများ အတွက် အမြတ်တမျိုးထွက်ပုံကို မြင်စေလိုပါသည်။



No Responses Yet to “Kyipwaye Selection since 1938”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: