Nationalist Elite

02Feb13
UTT as a young technocrat

UTT as a young technocrat

အန်ကယ် ဆုံးပီဆိုတော့ ပြန်တွေ့ရဖို့အခွင့်က ဆုံးပီလို့ စိတ်ထဲပေါ်လာပါတယ်။ အရင်ကထဲက ကျန်းမာရေးကြောင့် ဘိလပ်မလာနိုင်တော့ဘဲ စင်္ကာပူတင် ကျန်းမာရေးစစ်နေရတာလဲ သိရဲ့။ ဗမာပြည်က လူကြီးတွေလဲ တဖြုတ်ဖြုတ်နဲ့ အမှည့်ကြွေကြွေကုန်ကြတာလဲ တွေ့ရပါတယ်။ သူနဲ့မရှေးမနှောင်းမှာ သမ္မတစိန်တို့ ဆရာ သမိုင်းအဖွဲ့က ဗိုလ်မှူးကြီးလှရှိန် (အမေရိကန်ပြန် သမိုင်းမဟာဝိဇ္ဇာ)လဲ ဆုံးတယ်။ တပြုံးပြုံးနဲ့ အင်မတန်သဘောကောင်းတဲ့ အန်ကယ်ဦးလှရှိန် မေမြို့စစ်ကျောင်းမှာ ဌာနမှူးဘဝက အိမ်လာလည်ရင်း အိမ်မှာ လူကြီးတွေနဲ့ ရိုက်ထားတဲ့ပုံကို မျက်စိထဲ ပြန်ဖော်ကြည့်တယ်။ ဒီလိုပါပဲ ဟိုဆယ်နှစ်က ဆုံးသွားတဲ့ ဆရာတိုက်စိုး၊ နောက်ဆက်ပီး ကွယ်လွန်ကြလေပီဖြစ်တဲ့ ဒေါက်တာသန်းထွန်း၊ ဆရာမောင်ထင် စတဲ့ကော်မရှင် လူကြီးများကိုလဲ အခုလို သမိုင်း ရာဇဝင် နိုင်ငံရေးဆိုတဲ့ စကားတွေ ပွင့်ထွက်လာချိန်မှာ အင်မတန် အောက်မေ့မိပါတယ်။ ဆရာတိုးလှ ၊ ဆရာကြီး စိုင်းအောင်ထွန်း စတဲ့ လူကြီးတွေနဲ့ ဘိလပ် အမေရိက ကွန်ဖရင့်တွေမှာ တွေ့တော့လဲ အားလုံးနဲ့ တွေ့သလို အောက်မေ့ပြန်ပါတယ်။ အမေရိကန်ပြန် နိုင်ငံတော်ကောင်စီဝင်၊ အမျိုးသားညီလာခံ သဘာပတိကြီး ဆရာစိုင်းမှာသွားတဲ့ တိုင်းပြည်က နောက် ၄ ၅ နှစ်မပြောင်းသေးပါဘူး စာသင်ကြပါ ဆိုတာ လက်ရှိအခြေအနေအရ ဟုတ်သလို မဟုတ်သလို ဘာဂလိုတိုတိုပဲ ရှိပါတယ်။

အန်ကယ် ဦးသက်ထွန်းနဲ့ ပတ်သက်ရာ ပြန်စဉ်းစားလိုက်ရင် အမြဲဖော်ရွေပီး ဟာသနှော ပြောတတ်တဲ့ လူကြီးလူကောင်းကြီးဆိုတဲ့ အာရုံပဲ ပြန်ရတတ်ပါတယ်။ လူငယ်တွေ နောက်မျိုးဆက်တွေအတွက် ကူညီစောင်မဖို့ စာရေးနှိုးဆော်ဝေငှဖို့ အမြဲတက်ကြွနေသူပါ။ သူ့စာတွေဟာ ရှေးခေတ်က လူ့မလိုင် ပညာတတ်တွေအကြောင်း များတယ်လို့ ပြောရင် ရပေမယ့် သူမြင်ပုံ ရှုဒေါင့်အတွေးတွေ လူ့သဘာဝ တွေ့ရတာ လေးတွေကို နှစ်လိုတဲ့ မျက်စိနဲ့ သုံးသပ်တတ်ပုံက လူ့ဘဝကို နေတတ်သူ၊ ပြည့်ဝလေးနက်သူ တယောက်ရဲ့ နေနည်းကို လက်ဆင့်ကမ်း ပေးနေသလိုပါပဲ။ တော်တယ် ထက်တယ်ဆိုတာနဲ့ အတူ အပြောဆတ်တယ် မာနကြီးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေပေါတဲ့ အာဏာရှင် ယဉ်ကျေးမှု ထွန်းကားတဲ့ တိုင်းပြည်မျိုးမှာ ဒီလိုကိုင်းညွတ်ဖြောင့်စင်းသူ ဆိုတာ လွယ်လွယ်တွေ့ရတဲ့ သူမျိုးမဟုတ်ပါ။ ပြည့်စုံတဲ့ အထက်လွှာလောကမှာ ကွက်ကွက်လေး ကျင်လည်နေသူ မဟုတ်ဘဲ လူငယ် စာနယ်ဇင်းသမား၊ တော်လှန်ရေးသမားဟောင်း ဆိုသူတွေနဲ့ပါ တွေ့ဆုံပြောဆိုပီး တိုင်းပြည် ပညာရေး လူမှုရေး ကောင်းရာကောင်းကြောင်း လူကြီးသူကြီးလုပ်ပီး ကျင်လည်နေခဲ့သူပါ။

ဒါတွေ ဘာလို့ အထူးတခြားပြောရသလဲဆိုတော့ ခုခေတ်လို ရပ်ရွာစည်ပင် ပွဲလမ်းသဘင်ပေါ လူတွေ ထွက်ရဲပြောရဲတဲ့ကာလမဟုတ်တဲ့ ခေတ်ကျပ်ကြီးတခု မကြာခင်ကလေးကထိ ရှိခဲ့တာပါ။ ဒီအချိန်တွေတုန်းက တိုင်းပြည်မျက်နှာဖုံးလို့ ပြောရမယ့် လူကြီးပညာတတ် အရာရှိဟောင်း ဆိုသူတွေ အတော်များများ မဟုတ်တာတွေ ဖြစ်နေတာ မြင်ရက်နဲ့ ဘာမှပြောခွင့်မသာတဲ့ ကာလကြီးဖြစ်ပါတယ်။ အင်မတန် လျှာစောင်းထက်တဲ့ သတင်းစာဆရာကြီးတွေတောင် မိသားစုသံယောဇဉ်တွေ ငဲ့ပီး နှုတ်ဆွံ့ခဲ့ရတဲ့အခါတွေ ရှိခဲ့ပါတယ်။ ဒီလိုချိန်မှာ နိုင်ငံအရေးကို စိတ်ဝင်စား ထက်သန်သော်လဲ တခါမှ နိုင်ငံရေးလောကနဲ့ မပတ်သက်ဘူးတဲ့ ပုဂ္ဂိုလ်ကြီးတချို့ တိုင်းပြည်ကိစ္စတချို့ကို ဝင်ပြောဆိုလာပါတယ်။ သူတို့သမာဓိ အရှိန်သြဇာညောင်းမှုကြောင့် အာဏာရအလွှာကလဲ သူတို့ကို ဖိအားများများမပေးနိုင်ပါ။ ဒီလိုနဲ့ ဆေးပညာရှင်၊ သိပ္ပံဆရာ၊ ဘောဂဗေဒပါမောက္ခ၊ သံအမတ်ဟောင်း စတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆောင်းပါး ထင်မြင်ချက် စကားဝိုင်း တွေ့ဆုံခန်း ဆိုတာတွေကို ဟိုစဉ်က ခေတ်ပြင် စာစောင်တွေမှာ ဖတ်ရှုလာရပီး လူထုကြားထဲမှာ ဖတ်နေကျ စာရေးဆရာ လက်ဟောင်းကြီးတွေ အပြင် နောက်ထပ် သိစရာ ဝေငှနိုင်မယ့်သူတွေ ပေါ်လာပါတယ်။ ထိုခေတ်ဟာ ခုကာလလို စီမံချက်မျိုးစုံနဲ့ ရန်ကုန် စာနယ်ဇင်းတွေမှာ အေဘီစီဒီ ပညာရှင်တွေ မျက်စိခလုပ်ငြိအောင် ပညာစွမ်းပြတာတွေ ဖတ်ရတဲ့ကာလမဟုတ်သေးပါ။

ဒါတွေ ထားပါလေ။ ဦးသက်ထွန်းဟာ ပြည့်စုံကုံလုံတဲ့ လောကက လာပေမယ့် ဘခင် လမ်းအရေးပိုင်ကြီး စောစီးစွာ တိမ်းပါးသွားလို့ ပညာရေးကို အထူးကြပ်မတ် လိုက်စားပီး တက်လမ်းရှာခဲ့သူလို့ သူ့စာတွေအရ ပြောနိုင်ပါတယ်။ သူ့ဘေဘေ ဆောက်ပေးတဲ့ မြို့မကျောင်းရဲ့ ကျောင်းအုပ်ကြီးလို၊ နောက် သူ့ဦးလေး ဥပဒေပါမောက္ခဖြစ်တဲ့ ဦးမြင့်တို့လို နောက် စစ်ပီးတော့လဲ ဆရာဇော်ဂျီ ဦးနု ဦးကျော်ငြိမ်းစတဲ့ ပညာလိုလားတဲ့ အမျိုးသားရေးစိတ်သန်တဲ့ ပုဂ္ဂိုလ်ကြီးများ အားပေးမှုနဲ့ ပညာရေး လမ်းစတွေ ထူထောင်ပေါက်မြောက်လာခဲ့ပါတယ်။ သူကိုယ်တိုင်က ပဲရော့ဦးဆန်နီ စာကြည့်တိုက်မှာ စာကြည့်လာသူဖြစ်တော့ မျိုးချစ်စိတ်နဲ့ ပညာဆည်းပူးမှုကို လှုံ့နှိုးတဲ့ စာတွေရဲ့ အငွေ့က အင်မတန်ဟပ်ခံရတဲ့ ၁၉၃ဝနှောင်း လူငယ် မျိုးဆက်တွေထဲက တယောက်ဖြစ်လာပါတယ်။ စစ်တွင်း ဂျပန်ပညာသင်ဘဝမှာလဲ စစ်ပီး ဗမာပြည်ကို ထူထောင်မယ့် လူငယ်လူတတ်တွေနဲ့ အတူ ဂျပန်ပညာရေးရဲ့ ကြိုးစားမှုအဟုန်ကို သူမြင်ခဲ့၊ ဂျပန်ရဲ့ အစွန်းရောက်မျိုးချစ်ဝါဒလမ်းဆုံးကို သူလက်တွေ့သိခဲ့သလိုပဲ စစ်ပီး ဘိလပ်ပညာသင်နဲ့ အမေရိက ထိုင်းစတဲ့ ကမ္ဘာအရပ်ရပ်မှာ လက်တွေ့အလုပ်သင်ခဲ့ချိန်တွေကလဲ အနောက်တိုင်းရဲ့ စစ်ပီးစ ထူထောင်ရေးကာလ အရင်းရှင်းစနစ် တဟုန်ထိုး ကြီးပွားခဲ့ချိန် တွေမှာ နှောင်ကြိုးမဲ့ကမ္ဘာ ဆိုတဲ့အရပ်တွေက လူမှုလောက ပညာရေးဘဝတွေကို သူ့ရဲ့ စာရေးဆရာလောင်း မျက်စိနဲ့ ကြည့်ခဲ့သိခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာလွတ်လပ်ရေးအလွန် မျိုးချစ်စိတ် ထိပ်ရောက်ပီး တိုင်းပြည်ကို အများစုလိုလားတဲ့ လက်ဝဲ အမျိုးသားလမ်းကြောင်းပေါ် ဇွတ်မောင်းနေချိန်မှာ ဒီလို အမြင်စုံအသိကြွယ်သူ တယောက်က နှိုင်းချိန်ဆင်ခြင် နိုင်ဖို့ အသိတွေ စာစောင်တွေက ဝေငှခွင့် ရခဲ့တာ အင်မတန် ကံကောင်းပါတယ်။ သို့သော် ဦးသက်ထွန်းက အင်္ဂလိပ်လို လက်စွမ်းပြသူ မို့ မြန်မာအများ ဖတ်ခွင့်မသာဘဲ စစ်အေးခေတ်ကြီးက ဘက်စုံဝါဒဖြန့်လှိုင်းတွေကြားမှာ မရိုက်ခတ်နိုင် ရှိခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဦးနုနဲ့ လက်ဝဲဝါဒီတွေ အာဏာရချိန်မှာ ဒေါက်တာဘမော် အကြောင်းရေးတာ၊ မဆလခေတ်မှာ ပါတီမဝင်ဘဲ ဗိုလ်ချုပ်ကြီးရဲ့ သဘောတရားရေးဂုရုတွေရဲ့ စီးပွားရေးမူတွေကို အလယ်လမ်းက ရပ်တည်ပြောဆိုခဲ့တာတွေဟာ ရာဇဝလ္လဘကို မမှီဝဲတဲ့ ၆ ထပ်ရုံးပေါ်က လူမသိတဲ့တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။ သူ့လို အနောက်ပြန် ပညာတတ် ပညာကျော်ဆိုသူ လူလတ်ပိုင်း မြန်မာအရာရှိတချို့ ရိုးရိုးမကျင့်နိုင်ဘဲ မြင့်မြင့်ကြံရင်း ဒုဝန်ကြီးဆိုတဲ့နေရာတွေထိ ပေါက်ရောက်ခဲ့ပီး အရာဆင်းရတော့ လူတောမတိုးဘဲ သိမ်ငယ်စွာ ဘဝဆုံးခဲ့ကြရတာတွေကို ပြန်ကြည့်ရင် သရီးတူးသရီးနဲ့ ငွေကြာယံ စည်းစိမ်ဟာ သေရင် အိုရင် ဘာမှမဟုတ်ပါလား ဆိုတာ လာမယ့် ပညာတတ်လူငယ်တွေ ဆင်ခြင်သိစေချင်ပါတယ်။

ဦးသက်ထွန်းရဲ့ ကိုယ်ရေးမှတ်တမ်းကို လစဉ်ဖတ်ရင်း အာဏာသိမ်းခါစနှစ်တွေမှာ အင်မတန် ဆင်ခြင်နေထိုင်ရသူတွေကြားက နိုင်ငံခြားထွက်သွားသူတွေ (အမည်မည်းစာရင်း ရောက်သွားသူတွေ) ရဲ့ နှုတ်ဆက်ပွဲတွေ အတက်မပျက်တဲ့ သူ့သတ္တိ၊ မင်္ဂလာဆောင်စဉ်ကလဲ အိမ်စောင့်အစိုးရ တက်တဲ့ရက်မို့ ဧည့်ခံပွဲမှာ ကတော် ၂ ပါးလုံးလာတဲ့အဖြစ်မျိုး ကြုံရသူပါ။ အာဏာမသိမ်းခင် နှစ်တွေမှာ တက္ကသိုလ် လူမှုရေး မဟာဌာနစာကြည့်တိုက်က လက်ဝဲဘောဂဗေဒစာအုပ်တွေကို ဗိုလ်ကြီးမမတယောက် သူ့ဆရာအတွက် လာငှားနေထဲက လက်ဝဲလမ်း ပြောင်းတော့မှာကို ကြိုတင်သိနေတဲ့ အဖြစ်ကလဲ စိတ်ဝင်စားစရာပါ။ တကယ်က ဒီလူဟောင်းတွေ ချန်ခဲ့တဲ့ ပြောချင်တဲ့ စကားတွေ အဖြစ်အပျက် ထင်မြင်ချက်တွေကို သေချာစုဆောင်း ထိန်းသိမ်းမှုတွေ တိုင်းပြည်မှာ အားသွန်လုပ်ဖို့က အတော်နောက်ကျနေပီလို့ ပြောရမယ့် အနေအထား ရောက်နေပါပီ။ စိစစ်ရေး အဖြတ်အတောက်တွေ ကြားက အားမလျှော့ဘဲ ခေတ်ဟောင်းပန်းသီးကွန်ပျူတာလေးနဲ့ မြန်မာလို စာတွေရေးသွားခဲ့တဲ့ အန်ကယ်ကြီးရဲ့ စာတချို့ စက်ထဲက ထုတ်မရသေးတာကို ရှိတယ်လို့ သိရပါတယ်။ ပညာသင်ဘဝက ဦးရန်အောင် တင်ပေးခဲ့တဲ့ စာရေးဆရာလမ်းကို အသက်အရွယ်ညောင်းမှ လွယ်အိတ်လွယ်ပီး စိုက်လိုက်မတ်တတ် လိုက်ခဲ့တဲ့ မျိုးဆက်ကွာဟမှုကို လျော့ပါးအောင် ပညာသုတ အတွေ့အကြုံတွေနဲ့ အလျဉ်ကူးပေးခဲ့တဲ့ ဦးသက်ထွန်းနဲ့ အလားတူ လူကြီးတွေရဲ့ ကျေးဇူးက ကြီးလှပါတယ်။ သူတို့လိုပဲ ပညာရှင်တက်သစ်တွေကလဲ တိုင်းပြည်မှာ စေတနာရှေ့ထားပီး ပညာပန်းစေ့တွေ ကြဲပက်နိုင်ကြပါစေလို့ပဲ မျှော်လင့်ပါတယ်။

ပညာရှင် လောကကို တံတားထိုးခေါ်ခဲ့တဲ့ ဦးသက်ထွန်း၊ ဦးသော်ကောင်းနဲ့ ဘိုးလှိုင်စတဲ့ လူကြီးများ ကျေးဇူးကို မမေ့နိုင်ပါ။

Wartime Burmese students in Japan

Wartime Burmese students in Japan



No Responses Yet to “Nationalist Elite”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: