ရတနာပုံ မန်းရွှေမြို့သူ

27May13
နေရှင်နယ်ဒေးတခုတွင် လှည့်ကြစဉ်က

နေရှင်နယ်ဒေးတခုတွင် လှည့်ကြစဉ်က

ပန်းများမပွင့်သေးသော အမေရိကနွေဦး တမနက် ချီကာဂိုတောပိုင်းတက္ကသိုလ်တခု ပိဋကတ်တိုက်မှ ရှေးဗမာ လက်ဝဲစာတအုပ် နောက်ကျောဖုံးတွင် မအုန်း ပြန်ဆိုသော ဆိုဗီယက် အမျိုးသမီးလောက စာအုပ်ကြော်ငြာကို မြင်မိသည်။ အမ်အေမအုန်းပါလားဟု ဗီဇသိက ဖျတ်ခနဲ ပေါ်လာသည်။ မအုန်းသည် အဘယ်ကြောင့် လက်ဝဲစာအုပ်တိုက်မှ စာအုပ် လက်ရွေးစင် တွေထဲ ဝင်ရေးရသနည်း။ မေးစရာ မလိုပေ။ မအုန်းသည် တက္ကသိုလ် ဆရာမကြီး ဖြစ်သော်လည်း နိုင်ငံရေးကျောင်းသူမှ လာသူဖြစ်သည်။ အစ်မကြီးတို့ တိုင်းပြည် ထူထောင်ရေးအတွက် လုပ်ကြရအုံးမယ် ခဏရှောင်နေကြပါအုံးဟု ဂျပန်တော်လှန်ခါနီး အာရှလူငယ်တွေ လူစုခွဲချိန်တွင် ဗိုလ်အောင်ကြီးက ဒေါ်ရီကြိန်၊ ဒေါ်သင်းကြည်၊ ဒေါ်အုန်း စသည့် မိန်းမတသိုက်ကို အဘယ်ကြောင့် မှာလိုက်သနည်း။ အဆက်အစပ်တို့က ပေါ်လာသည်။

မန္တလေး နေရှင်နယ်ကျောင်း၊ ရန်ကုန် ယူနီဗာစီတီ စသည့် မအုန်းကျင်လည်ရာ လောကတွင် ပတ်သက်ခဲ့သည်တို့ထဲ နိုင်ငံရေးကျောင်းသားများ ပါခဲ့သည်ချည်း ဖြစ်သည်။ ထိုစဉ် မန္တလေး အင်တာမီဒီယိတ်ကောလိပ်လေးကို ဘတ်ဂျက်အခက်ကြောင့် အစိုးရက ပိတ်မည် လုပ်စဉ်ကထဲက မအုန်း၊ ကိုသိန်းဖေ စသည့် ကျောင်းသားကြီးများ ဦးဆောင် သပိတ်ဆင်ခဲ့ကြသည် မဟုတ်ပါလား။ .. ခင်မောင်လေးက မသိန်းနုကို လိုချင်တော့ မအုန်းကို လာနားပူနေတာ .. စသည့် စကားမျိုး ကြားခဲ့ရဖူးသည်မို့ တရုတ်တန်းက မြန်မာ အိမ် ၂ အိမ်က လူတွေ အဘယ်ကြောင့် စစ်ပီး ဆိုရှယ်လစ် ခေတ်တွေမှာ တွင်ကျယ်ခဲ့သည်ကို မမေးမိတော့ပါ။ မအုန်း ခဲအိုများ မတ်များ မန္တလေး ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တွေ ဖြစ်ခဲ့ပြီး ဆရာ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်မှူးကြီး ခင်ညို ၊ ဗိုလ်မှူးကြီးဘလေး -ဒေါ်သန်းလှ (နိုင်ငံ့ဂုဏ်ရည်) စသည့် ဆိုရှယ်လစ် ထိပ်သီး မောင်နှမများ အကြောင်းကလည်း မန္တလေး နေရှင်နယ်သမိုင်း၊ ဗကသ တည်ခါစနှစ်တွေနှင့် ဘယ်လိုမှ ကင်းကွာသည်မဟုတ်။ မအုန်းမောင် ကိုသိန်းအောင်မှာ လက်ညှိုးထောင် သိန်းအောင်ဟု နာမည်ကြီးသော ၁၃ဝဝ ပြည့်ခေတ် ကျောင်းသား ခေါင်းဆောင်။

မအုန်းက ပါဠိကို အမ်အေထိ သင်ပြီး ဘုန်းကြီးလူထွက်နှင့် ယောက်ျားများ ကြီးစိုးရာ အရှေ့တိုင်းပညာ ဌာနတွင် ဆရာမဖြစ်လာသည်။ စစ်ပီးစ ဖဆပလ စသည်တို့တွင် စပ်ယှက်ခဲ့သော်လည်း နောက်ပိုင်း မန္တလေးယူနီဗာစီတီကောလိပ်ထောင်ချိန်မှ စ၍ ပညာရေးသမားသက်သက် ဖြစ်ခဲ့သည်။ ကျောင်းအုပ်ကြီး ဦးကိုလေး အမေရိက စသည် သွားရသည့်ကာလမျိုးတွင် ဒေါ်အုန်းက ခေတ္တကျောင်းအုပ်ကြီးမျိုး ဖြစ်ရသည်။ အမျိုးသမီး ပါမောက္ခဟူ၍ ဖဆပလ တခေတ်လုံးတွင် တပြည်လုံး လက်တဘက် ပြည့်ရုံ ရှိချိန်က ဒေါ်အုန်း ဤအဆင့်ထိ ရောက်သည်မှာ မြန်မာအမျိုးသမီးတို့ တဆင့်တက်သည့် တိုးတက်မှု ဖြစ်သည်။ ဆရာတချို့က ကျေနပ်သည်မဟုတ်။

ဒေါ်အုန်း၏ အခြားသော အားထုတ်မှုမှာ မိန်းမဘာဝကို နားလည်အောင် ရေးသားပြန်ဆိုခြင်းပင်။ ရွယ်တူ ပညာတတ်ချင်းကပင် ဤကိစ္စ သူ့ကို တယ်ပီး ကြည်လင်သည်မဟုတ်ပါ။ မအုန်းခဲအိုက စာအုပ်တွေ ယူလာပီး ရေးခိုင်းတယ်။ ဒေါ်အုန်းဟာ အပျိုကြီးတန်မယ့် ကာမကိစ္စတွေ ရေးတယ်။ .. သို့သော် ခေတ်နောက်ကျနေသော တိုင်းပြည်လေးများတွင် ဤသို့ ရှေ့ဆောင်လမ်းဖွင့်သူတို့ ခင်းဖွင့်ခဲ့လေမှ နောက်သားတို့ အကျိုးများသည်ပဲ။ စစ်ပီးနောက် ယဉ်ကျေးမှု ဆထမ်းပိုး ပြောင်းလဲ နေချိန်၊ စစ်ရေးမက်ရေးနှင့် တိုင်းပြည်တွင် မလုံခြုံ ကြောင့်ကြ နေရချိန်များတွင် ဒေါ်အုန်း၏ မလောက စာအုပ်များက အမျိုးသမီးလေးများ အဖို့ တမျိုးအသိ သတ္တိကို ပေးခဲ့မည်ဟု ထင်ပါသည်။ လောကတွင် ကိုယ့်အကြောင်း ကိုယ်သိဖို့ ခက်လှသည်။

တဘက်တွင်ကား ပြည်တွင်းစစ်တွင်း မဟာမိတ်တို့ ပြတ်စဲခဲ့ပီ ဖြစ်ရကား နိုင်ငံရေးတို့ ရွှေမန်းဆောင်ကို ကူးစက်လာမည်ကို ဒေါ်အုန်း ပူပန်ခဲ့ရသည်။ .. တခါ အဆောင်က သူငယ်ချင်းဆီ စာကျက်ရင်း သွားအိပ် တာ ဒေါ်အုန်းက ချက်ချင်း အိမ်ပြန်ခိုင်းတယ်… ။ အသက် ၅ဝ ကျော်တွင် ဒေါ်အုန်း ပါမောက္ခဘဝက အငြိမ်းစား ယူခဲ့ရသည့် ဇာစ်မြစ်ကို သေချာမသိပါ။ ထိုအချိန်တွင် ဒေါ်အုန်းနှင့် အထူးခင်သော ဆိုရှယ်လစ် တပ်မှူးကြီးများ နတ်သက် ကြွေကုန်ကြပြီး ပါမောက္ခ ဒေါက်တာသင်းကြည်၊ ဒေါ်လှကြည်စသည့် ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်၏ အစ်မကြီးများ လောက်သာ ပညာရေး ဌာနတွင် တည်မြဲ ကျန်ရစ်ပါသည်။

အရေးအခင်းတွင် ကျောင်းသားဟောင်းများနှင့် ဒေါ်အုန်း ထွက်ဆန္ဒပြပါသည်။ ဦးအောင်ကြီးပါတီက ဝင်အရွေးခံကာ ရှုံးခဲ့ပီးနောက် နိုင်ငံရေးကို စခန်းရပ်ခဲ့ပြန်ပါသည်။ ပါကင်ဆင် ရောဂါကြောင့် ကျန်းမာရေး ချို့ယွင်းခဲ့ပီး အသက် ၉ဝ တွင် ကွယ်လွန်ပါသည်။ ကွယ်လွန်စဉ်က မန္တလေး တက္ကသိုလ်၏ မိခင်ကြီးဟု ဝမ်းနည်းကြောင်း ထည့်သွင်းသည်ကို သတိရပါသည်။ ဆုံးခါနီးနေ့များ အတွင်း တပည့်ဟောင်း ပင်စင်စား အမျိုးသမီးကြီးများ မျက်ရည်တလည်လည်နှင့် သူတို့ အဆောင်မှူး အခန်းနား ရောက်လာကြပါသည်။ နာရေးချိန်အတွင်း သူ့ထက် အသက်ငယ်သည့် သူငယ်ချင်း လူထုဒေါ်အမာ အနား သတင်းစာများ ရောက်မလာအောင် ထားခဲ့ကြသည် ကိုလည်း အမှတ်ရပါသည်။ သတင်းစာ ရောက်မလာသည့် ရက်တွေတိုင်း အကြောင်းတခု ရှိလေပီဟု သတင်းစာဆရာကလည်း သိပါလိမ့်မည်။ သတင်းစာ မဖတ်လည်း ဂျာနယ်မှာပါလျှင် သူသိမြဲ ဖြစ်ပါသည်။

မဆုံးခင် တခါ သတင်းစာဆရာ ဦးမော်လင်းနှင့် ရောက်စဉ်က အခု အစိုးရ လုပ်ပုံ မကြိုက်ဘူး၊ တိုင်းပြည်အတွက် လူငယ်တွေ အတွက် ကောင်းတာ မလုပ်ဘူးဟု ပြောခဲ့ပုံကို မြင်ယောင်ကာ တက္ကသိုလ် တခေတ်ဆန်းနေသည့် ဤကာလ ဇွန်တွင် ကျမည့် ဒေါ်အုန်း ရာပြည့်သို့။



No Responses Yet to “ရတနာပုံ မန်းရွှေမြို့သူ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: