ကံကောင်းကြပါစေ

28May13
The Light of Buddha, a quasi-academic journal from Mandalay

The Light of Buddha, a quasi-academic journal from Mandalay

အေးစက်ဝင်းလက်သည့် ဗာဂျင်းနီးယားနွေဦးတွင် ကျနော် မြို့ကလေး ကို ရောက်ခဲ့သည်။ ဇာတိ နေပြည်တော်ဟောင်းက မိတ်ဆွေက နီးနားဝန်းကျင်က အမေရိကန်မွေနှစ်တို့ကို လိုက်ပြသည်။ အိမ့်ရှင်မှာ မူလကပင် သမိုင်းဗေဒလိုက်စားသူဖြစ်၍ အမေရိကန်ခေတ်ဦးက သမ္မတဟောင်းတို့ အမွေသရီရတို့ ကြွယ်ဝရာ ဤနယ်မြေနှင့် အကျွမ်းတဝင်ဖြစ်နေသည်။ ကမ္ဘာသစ်က ဥရောပလက်နက်နိုင်ငံတို့ လက်အောက်ခံ တိုင်းပြည်များ လွတ်လပ်ရေးယူပီး ကိုယ့်မင်းကိုယ့်ချင်းလမ်းကို နင်းခဲ့ကြရာတွင် အဘယ့်ကြောင့် အမေရိကန်တို့က အဦးဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်ရသနည်းဆိုသည့် အမေးက ခေါင်းထဲပေါ်လာချိန်တွင် အမေရိက ထူထောင်စသမိုင်းကို လျှပ်တပြက် ပြန်ကြည့်ခွင့် ရခဲ့သည်ဟု ဆိုရပါမည်။

အမေရိကန်ဟုခေါ်သည့် ဗြိတိသျှလက်အောက်ခံ ၁၃ ပြည်နယ်သားတို့က မြေယာရင်းမြစ်နှင့် ကုန်သွယ်မှု၊ စက်မှုသိပ္ပတို့တွင် လက်တင်အမေရိက ပြည်တို့ထက် သာသည်ဟု ဆိုလျှင် ရပါသည်။ ဘာသာရေး၊ စာပေ၊ လူမျိုးနွယ် ကွဲပြားမှု၊ နိုင်ငံရေးယဉ်ကျေးမှု ခြားနားခြင်း စသည်တို့ကို ထည့်သွင်း တွက်ချက်နိုင်ကြပါသည်။ ကျနော်တွေ့ခဲ့သည်မှာကား ပညာအခြေခံနှင့် လွတ်လပ်တန်းတူမှုကို အခြေပြု တည်ထောင်သည့် တိုင်းပြည်တခု၏ အခြေခံ ဖြစ်ပါသည်။ အမေရိကန်သည် အရင်းရှင်ထိပ်သီး တိုင်းပြည်ကြီးဖြစ်၍ အာဏာကို ကော်ပိုရိတ်သေဌေးကြီး လက်တဆုပ်က ကလဖန်ထိုး ခြယ်လှယ်နေကြသည်မှာ မှန်သော်ငြား မူလခြေခံ ဘူဇွာလူဖြူတို့၏ လူမှုတန်းတူရေးမူကိုတော့ အခြေခံမပျက်အောင် စောင့်ရှောက်နိုင်ခဲ့သည်။ ကျွန်စနစ်နှင့် လူဖြူလူမည်း ခွဲခြားရေး ခေတ်ကဲ့သို့ အရိပ်မည်းများ ရှိစေကာမူ ကမ္ဘာဟောင်း၏ လူတန်းစား ကွဲပြား သတ်မှတ်ချက်တို့ကို ပထမဆုံး စိန်ခေါ်အံတုခဲ့သည့် ကမ္ဘာ့ခေတ်သစ် နိုင်ငံရေး ယဉ်ကျေးမှုများမှာ ထိုတိုင်းထိုပြည်တွင် ထင်ထင်ရှားရှား ထွန်းတောက်ခဲ့ပါသည်။ ပြင်သစ် တော်လှန်ရေး အငွေ့အသက်များဟု ဆိုနိုင်ပါသည်။ သို့သော် ပြင်သစ် အင်္ဂလန် အမေရိက ကိုလိုနီများတွင် ၁၈ ရာစုနှစ်များဆီက လွန်းထိုး ကူးယှက်နေသော ဥာဏ်သစ်လောင်း လှုပ်ရှားမှုများကို ဘူဇွာ ဒီမိုကရေစီ လှုပ်ရှားမှုတွင် မေ့ပျောက်ထား၍ မဖြစ်ပါ။ ပြည်ပြေး ပညာရှိများ၊ ဘူဇွာ ကြေးရတတ်များနှင့် ပဒေသရာဇ် မင်းစိုး အုပ်ချုပ်မှုမှ ရုန်းထွက်လိုသူများသည် စာအုပ် စာစောင်များ၊ ကာဖီဆိုင် ဗျစ်ဆိုင်များမှ တဆင့် အမြင်သဘော နှီးနှောခဲ့ကြသည်။ အမေရိကန် တော်လှန်ရေးကို လက်နက်ကိုင် တော်လှန်ရေး သက်သက် မြင်၍ မဖြစ်ပါ။ အင်္ဂလန် အာဏာရှင် အိုလီဗာ ကရွမ်းဝဲ အလွန် ခေတ်သစ် ကမ္ဘာတွင် ပထမဆုံး ဘုရင်မရှိသည့် တိုင်းပြည်ကို စတင်သူတို့မှာ ကိုလိုနီ နယ်သားများ ဖြစ်နေသည်က သာမန် တိုက်ဆိုင်မှု မဟုတ် ပြင်သစ် တော်လှန်ရေးသည်ပင် ဘုရင် ဧကရာဇ် စနစ်ကို တက်ချည် ဆုတ်ချည် အနှစ် ၈ဝ ခုခံ ခဲ့ရသေးသည်။ အမေရိကန်တွင်ကား လူအများကြိုက် အာဏာရှင် စနစ်ကိုပင် ဖြစ်တည်ခွင့် မပြုခဲ့။

အမေရိကန် ဒီမိုကရေစီ ခေတ်ဦးတွင် ဘာသာရေးနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့် များမှာ နိုင်ငံရေး လွတ်လပ်ခွင့် လှုပ်ရှားမှုများနှင့် တန်းတူ အရေးပါခဲ့သည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိရေးမှာ ကမ္ဘာဟောင်းဆီက ဘာသာ အယူမတူမှုကြောင့် နေရပ်စွန့်ခွာ အခြေချရသူတို့ အဖို့ အသက်ပမာ အရေးပါပါသည်။ ပရင့်စတန် တက္ကသိုလ်တွင် အဓိပတိဖြစ်လာသော ဘုန်းတော်ကြီး ဆင်မြူယယ် ဒေးဗီးစ်မှာ ယုံကြည်မှု လွတ်လပ်ခွင့်၊ ကျောင်းတော်နှင့် အစိုးရ အာဏာပိုင် တို့ ရောယှက်မှု မဖြစ်ရေး တို့ကို ဦးဆောင် တိုက်ပွဲဝင်ခဲ့ပြီး ထိုအတွက် ၁၇၈၆ တွင် ဂျက်ဖာဆင် စတက်ကြူရီ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့် အတည်ဖြစ်ခဲ့သည်။

လွတ်လပ်ရေးစစ်အတွင်း ကျေးကျွန်များနှင့် အမျိုးသမီးတချို့ ပါဝင်တိုက်ခိုက်ခဲ့မှုကလည်း အမေရိကန်တွင် ကျွန်စနစ် ဖျက်သိမ်းရေး၊ အမျိုးသမီး တန်းတူရေးများ အတွက် တွန်းအား ဖြစ်ပါသည်။ လူချင်း တန်းတူညီမျှခွင့်ကို အခြေပြုသော အခြေခံ ဥပဒေ ဖခင်များ ကိုယ်တိုင် ကျွန်ပိုင်ရှင် မြေရှင်ကြီးများ ဖြစ်နေသည်က အမေရိကန် လွတ်လပ်ရေး ခေတ်ဦးအတွက် အားနည်းချက် ဖြစ်ခဲ့သော်လည်း ကျွန်စနစ် ဖျက်သိမ်းရေး အတွက် ထိုပုဂ္ဂိုလ်ကြီးများနှင့် မျိုးဆက်သစ် နှိုးဆော်သူများ ဆင့်ကဲထမ်းရွက်ခဲ့မှုကြောင့် အနှစ် ၈ဝ ကျော်အတွင်း ကျွန်စနစ်ကို ဖျက်သိမ်းခြင်း၊ နောက် အနှစ် တရာတွင် လူဖြူလူမည်း တန်းတူ အခွင့်အရေး တိုက်ပွဲများ ထိုမှ ကျားမ လိင်မခွဲခြားဘဲ လူတိုင်းတန်းတူရေး လှုပ်ရှားမှုများထိ ရိုက်ခတ် ခဲ့ပါသည်။

အမေရိကန်ခေတ်ဦးက ပညာရှင် နိုင်ငံရေးသမား ဂျက်ဖာဆင်၏ ဂေဟာ သို့လည်း ရောက်ခဲ့သည်။ သူ၏ စာကြည့်ဆောင်နှင့် အိပ်ရာဆောင်မှာ စာသမားတို့ နှလုံး မွေ့လျော်ဖွယ်ရာ ခန်းဆောင် များ ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီး၏ စာစုကို သန္ဓေပြုပြီး စစ်တွင် မီးသင့်ခဲ့သည့် ကွန်ဂရက် ပိဋကတ်တိုက်ကို ပြန်လည် တည်ထောင်ခဲ့ရသည်။ ပြင်သစ် တော်လှန်ရေးတွင်း ပါရီတွင် သံကြီးအဖြစ်နေခဲ့ရ၍ ဂျက်ဖာဆင်တွင် တန်းတူ ညီမျှရေး တရားတို့ သြဇာ သက်ရောက်မည်ဟု ထင်ပါသည်။ သို့သော် သူ့ဂေဟာတွင် သူ့အတွက်၊ သူ့ဧည့်သည်များ အတွက် စီမံသည်တို့က များပြီး သူ့သမီးနှင့် မြေးများအတွက် နေရာ အခန်းတို့မှာ ထပ်ခိုး ပေါ်တွင် ရောက်နေသည် ကို တွေ့ရသည်။ ကျေးကျွန်များ အတွက် အိမ်ခြေမှ အခန်းများ မှာလည်း ဦးပုည၏ ကာက သူဆင်းရဲ အဖွဲ့ကို သတိရစရာပင်။ လူတို့တွင် အလုပ်အပြော သဘောညီမျှမှု အခြင်းအရာကို ပြန်ပြီး ဆင်ခြင်ဖို့ ဖြစ်ပါသည်။

ထိုထက် ခေတ်ပြိုင် မြန်မာတွင် ၁၈ ရာစု အလယ်က ပဒေသရာဇာ၏ သူဇာ၊ အူရွ စသည့် စာနုများ ခေတ်စားပီး အဝပျက်သည့်အခါ နောက်ပိုင်း စာပေ အတော် ဆုတ်ယုတ်ခဲ့ ပီးနောက် ဘိုးတော်မင်း လက်ထက်တွင် မဇ္ဈိမမှ ဆေးကျမ်း၊ ဗေဒင်၊ နီတိစသည့် ကျမ်းများကို ပြန်ဆိုပြီး စာပေကို ဖြည့်ဆည်း ခဲ့သလို မက္ခရာ မင်းသား၏ စွယ်စုံကျမ်း ပြန်ဆိုမှု၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုမှု၊ ထိုနောက် မန္တလေးခေတ်တွင် ဥရောပ သိပ္ပံကျမ်း၊ နိုင်ငံရေး ကျမ်းများ ပြန်ဆို လာပါသည်။ ကျွန်ခေတ်တွင်လည်း ဘူဇွာ ပညာတတ် တို့၏ မဂ္ဂဇင်း စာစောင်များမှ ပညာရေး၊ လောကဓာတ်စာ၊ အတွေးအခေါ်များ ဖြန့်ဖြူးလာရာ အထင်ရှားဆုံးမှာ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်း၏ ဂန္ထလောက စာစဉ်၊ နဂါးနီ၏ ဘာသာပြန် စာအုပ်များ ဖြစ်ပါသည်။ လွတ်လပ်ပီးခေတ် တွင်လည်း သန်ရာ နိုင်ငံရေး ပညာရေး ဖြန့်ဖြူး ပြန်ဆိုခဲ့ကြပြီး ယခုထက်တိုင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂေဟထိန်းသိမ်းရေး စသည် ပြန်ဆိုနေကြပါသည်။

ထိုထက် ကျွန်ုပ်တို့ဆီတွင် အားကြီးသည်က လက်တင်အမေရိကတွင် ၁၉ ရာစုက ခေတ်စားခဲ့သော ဝတ္ထုဇာတ်ကြောင်းဖွဲ့ အမျိုးသားရေးစိတ်ကို လှုံ့ဆော်ရာ ပုံဝတ္ထု ကဗျာတို့ ကြီးပွားကြခြင်း ဖြစ်သည်။ ၂ဝ ရာစု ဘာသာရေး ဆန်းသစ်ပြင်းထန်မှုတို့ဆီ အခြေခံသော အင်ဒိုနီးရှား၊ တူရကီနှင့် အိန္ဒိယက မျိုးချစ်စာပေများကဲ့သို့ မြန်မာတွင်လည်း ပဒေသရာဇ်နောက်ကြောင်းခံ သူရဲကောင်းပုံပြင်များ၊ ထိုမှ လွတ်လပ်ရေးမော်ကွန်းတင် အနုပညာဖန်တီးမှုများ အင်အားကြီးပါသည်။ ဒေါင်းရုပ်၊ ဗိုလ်ချုပ်ရုပ်၊ ဗန္ဓုလကဲ့သို့ စစ်သူကြီးတို့ အမှတ်လက္ခဏာမှာ လူချင်းတန်းတူ ညီညွတ်မှု၊ နိုင်ငံရေးတွင် ဘာသာရေး လူမျိုးရေးစရိုက်တို့ ကင်းလွတ်သည့် ယဉ်ကျေးမှုတို့လောက် မထွန်းကားခဲ့ပါ။ မထွန်းကားနိုင်သေးပါ။ ဒီမိုကရေစီ ဆိုသည်ကိုပင် သူရဲကောင်းတစုတို့ ရယူပေးသည့် ဆုလာဘ်သဖွယ် မြတ်နိုးကော်ရော်ပြုကြသည်။

သို့အတွက် ကျွန်ုပ်တို့ ဆက်ရမည့်ခရီးတွင် တဦးချင်း လွတ်လပ်တန်းတူခွင့်ကို လေးစား ခုခံမည့် ဥပဒေ ပညာရှိ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ဆန်းစစ်သူ၊ ဘာသာရေး ခေတ်ပြင်ဆရာ စသည်တို့ များစွာ လိုနေပါသည်။



No Responses Yet to “ကံကောင်းကြပါစေ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: