ဝိဇ္ဇာ သိပ္ပ

29May13
Greatgrandpa and his sons in 1930s

Greatgrandpa and his sons in 1930s

လာမည့်နှစ် ဇန်နဝါရီတွင် အဘေးဆုံးတာ နှစ် ၃ဝ ပြည့်တော့မည်မို့ ကျန်ရစ်သော သားမြေးမြစ်များ က အမှတ်တရ စာလေးတအုပ်လောက် ထုတ်ဖို့ကောင်းကြောင်း ပြောနေစဉ် ရန်ကုန်က သူ့တူမ ဗိုလ်မှူးကြီး လှအောင် (ဟင်နရီစမိုက်၊ ခြေလျင်တောင်တက်)၏ ဇနီး ဆုံးပါသည်။ အမျိုးတအုပ်တွင် တူတယောက် ၉ဝ ကျော်သာ ဝါအရင့်ဆုံး ရှိနေပီး ထိုပုဂ္ဂိုလ်မှာ ရန်ကုန် တက္ကသိုလ် စိန်ရတုတွင် အသက် အငယ်ဆုံး ကန်တော့ခံ ကျောင်းသားဟောင်း လည်း ဖြစ်ပါသည်။ ထိုသူ့ဖခင် ဦးဖူးညို မှာ ရွှေဥဒေါင်း တသက်တာ မှတ်တမ်း ထဲက ကျောင်းနေဘက် ကိုဖူးညို (ဂျပ်ဆင် ကောလိပ်) ဖြစ်ပီး ရန်ကုန် ကောလိပ် ဘက်က ကိုထွန်းရှိန် (ဖေပုရှိန်) ကိုကွန်း စသည့် ကျောင်းသား လူစွာများကို လမ်းမတော် တန်ဆောင်တိုင် ပွဲ တွင် ဂျပ်ဆင် ဘက်က လူများ မလှန်ရဲရှာဟု ရေးခဲ့ပါသည်။ အဘေး (အမျိုးထဲတွင် အဖိုးထင် ဟုသုံး)သည်လည်း ကောလိပ် ကျောင်းသား ဟောင်း ဖြစ်သည်။ ဒီအကြောင်းတွေကို ကျွန်မတို့ ငယ်ငယ်က တွင် သမီး လူထု ဒေါ်အမာ က ရေးပီး ဖြစ်သော်လည်း လိုရင်း ပြန်ကောက်ရလျှင် အဘေးသည် တသက်လုံး စာဖတ်ပီး လုပ်ချင်တာ လုပ်သွားသူဟု ဆိုရပါမည်။ သူနှင့် စပ်လျဉ်း၍ ကျန်ရစ်သော စာအုပ်စင်ကြီး တလုံး၊ သူဖုတ်သည့် ကျောက်အုတ် များနှင့် ဆောက်သည့် ဓမ္မာရုံနှင့် တိုက်ပျက်လေး တလုံးကို ကောင်းကောင်း မှတ်မိပါသည်။

သူဆုံးစဉ် မမာစဉ်ကသာ မီလိုက်သည်မို့ ပြောစကားများသာ သိရပါသည်။ စာအုပ်ထဲပါတာ အင်မတန် စမ်းသပ် လေ့လာချင်သူ ဖြစ်၍ အာလူးကို အခွံမနွှာဘဲ ချက်လျှင် အာဟာရ ပိုပါကြောင်း တေဘယ်စပိခ်ျ (ထမင်းစားပွဲတွင် အမှာစကား) ပြောသည်ဟု မြေးများက ဆိုပါသည်။ သော်တာဆွေ ရေးသည့် မေမြို့နောက်ခံ ဟာသဝတ္ထု တပုဒ် တွင် ပန်းများ ငုံ့နမ်းရှုပ် နေသည့် ဖိုးထင် နှင့် တုတ်ကောက်ကြီး နှင့် ရွှေဥဒေါင်းတို့ မေမြို့က လူမနေသော အိမ်ကြီးထဲ ဝင်မိပီး ဂျောက်ကျကြပုံ ဦးဘဂျမ်း သရုပ်ဖော်ပုံ ကို မှတ်မိ ပါသည်။ ရွှေဘို မြောက်လက် တောရွာက ဖခင် ဖြစ်သူက သားကို ကောလိပ် ပို့သည် အထိ အမြင်ကျယ် သော်လည်း သိပ္ပံ ဝါသနာ ပါသည့် သားက အယူပြောင်းပီး နှစ်ခြင်းခံသည် အထိတော့ အမြင် မကျယ်ရှာ။ ထိုအတွက် သူ့ခမျာ ဘွဲ့မရ ပညာတတ် ဘဝနှင့် မြို့ရေးရွာရေးတွင် ယောက္ခမ မြို့မျက်နှာဖုံး၏ အင်္ဂလိပ် စာတတ် သမက်ဘဝနှင့် ပါခဲ့တော့သည်။ ဗုဒ္ဓဘာသာ ဘဝ တွင်လည်း ဘာသာရေး အကြောင်း နှံ့နှံ့ပတ်ပတ် လေ့လာသည့် လူသိုက်တွင် ပါဝင်ခဲ့ရကား ဖဆပလခေတ် ဘာသာရေး အလေးထား ချိန်တွင် ထုတ်ခဲ့သော ဗုဒ္ဓအလင်း ဓမ္မအလင်းစသည့် မန္တလေး ရန်ကုန်တွင် အင်္ဂလိပ် စာတတ် ရှေးလူကြီးသင်းတို့ ကြီးမှူးသည့် ဘာသာရေး စာစောင်များ တွင် ရွှေဥဒေါင်း၊ ဒေါက်တာဆိုနီ စသည့် လူကြီးများနှင့် အတူ စက္ကူ ကုန်သည် ဦးထင် အဖြစ်ပါဝင်ခဲ့သည်။ ဘာသာရေး သန်သူ ဖြစ်သော်လည်း လောကီရေး ညံ့သူမဟုတ်၊ မြန်မာ ဗုဒ္ဓဘာသာ မိဘမဲ့ ကလေးများ ဘဏ်၊ ဘုန်းကြီးကျောင်း၊ ဗမာပိုင် ဒါးတန်း ဘိလပ်ရည်စက်၊ အာဠဝီ စီလမ်းက ဗီယင်နာကဖေး မုန့်တိုက် စသည့် သူမပါဖူးသည့် မြန်မာ အဖွဲ့အစည်း မန်နေဂျာ မလုပ်ဖူးသည့် ဌာနဟူ၍ စစ်မဖြစ်ခင်က မန္တလေးတွင် ရှားမည် ထင်ပါသည်။ သူ့အစ်ကို ဖြစ်သူက ပို၍ ငံငံစပ်စပ် ရှိ၍ ဂျာနယ်တိုက်တွေ ဘာတွေထောင်ကာ အယ်ဒီတာလုပ်၍ နိုင်ငံရေး ဝါဒတွေ ဖြန့်ဖြူးခဲ့သည်။ ဗမာပြည်တွင် ဒီမိုကရေစီ မရသေး၍ ရယ်ရွှင်စရာကဏ္ဍ ဂျာနယ်တွင် မထည့်သွင်း နိုင်ပါဟု ရေးတတ်သော အယ်ဒီတာမျိုး။ သူတို့တတွေ မင်းတိုင်ပင် ရောဂါ မထခဲ့သည်ကိုပဲ ကျေးဇူးတင်လှပါရဲ့။

၂၁ ဦး၊ ဒို့ဘုရင် အညာသားပါတီ စသည့် သူ့ခေတ်သူ့အခါ နိုင်ငံရေး လောကသား ကုန်သည်ပွဲစား ပညာတတ်ဝံသာနု ဆိုသူများနှင့် ကျင်လည်ခဲ့သည့် သူတို့မိသားစုဘဝ သည် မယားသည် အဖွားစုက ဂျီစီဘီအေ ကွန်ဖရင့် ရန်ပုံငွေ ဆနွင်းမကင်းမုန့်ဖုတ် စီမံရသည့် ကာလ၊ ယောက်ဖ ကိုကြာညွန့်က သခင်လုပ်မည့် မောင်ဘသောင်းတို့ လူသိုက်နှင့် မန္တလေးတွင် ပထမကျောင်းသား သပိတ် မှောက်သည့် ခေတ်များမှ သမီး ကောလိပ်ကျောင်းသူ သပိတ်မှောက် သည့်ခေတ်၊ ထိုမှ သမက် စာရေးဆရာ ခေတ်အဆက်ဆက် အဖမ်းခံရ၊ နောက် သမက် ဘိလပ်ပြန် စစ်ဗိုလ် တောခို၊ ထိုမှ သားငယ် ကောလိပ် ကျောင်းသားများ၊ မြေးများ နိုင်ငံရေး လုပ်သည့် ကိုကိုးကျွန်း ခေတ်ထိ သူမီခဲ့ပါသည်။ ဖွားစု အသက် ၇၇ နှစ်တွင် ဆုံးစဉ်က သားငယ် ဆရာဝန်မှာ ထောင်ထဲက ထွက်ကန်တော့ရ သည်၊ နောက် ဖိုးထင် ၉ဝ နားနီးကာမှ အတူနေ သမက် သမီး မြေး တပြုံလိုက် အဆွဲခံရ၍ မြေးမနှင့် ၂ ယောက်တည်း နေရ၊ အခြား ထောင်ထွက် သမီး တယောက်က လာနေပေးရသည့် အချိန်လည်း ရှိခဲ့ပါသည်။ ထိုခေတ် ထိုကာလများကို အဖိုးထင် ဘယ်သို့ သုံးသပ်ခဲ့သနည်း သိလိုပါလှသည်။ ရန်ကုန်တွင် မင်းသမီးနှင့် ရ၍ အရာရှိဘဝ ထိုမှ ဝန်ကြီးယောက္ခမ တောမခိုသော စစ်ဗိုလ်များ အလယ် နေရသော အစ်ကို လုပ်သူနှင့် ပြည်သူပိုင် ခေတ်တွင် အညှဉ်းခံရသော သူဌေးနှင့် ကုန်သည်များ၊ ပိတ်လိုက်ရသော သတင်းစာ တိုက်ရှင်တို့ အဖေ ဘဝ ဘယ်သားသမီး မျိုးက ပိုတော်သည်ကို သူစဉ်းစားခဲ့မိ ပါမည်။ အဖိုး ကြုံခဲ့သည့် ကမ်းနားသစ်ပင် စစ်ဗိုလ်ဘဝနှင့် အညှဉ်းခံ အရပ်သားဘဝ စက်ဝန်းမှာ ခုမှ ရပ်ခါစ ရှိသေးသည်ကိုလည်း သိများသိနိုင်လေဦးမလော၊ ထိုထက် လောကီကို ကြဉ်ပီး သူထားခဲ့သည့် ဘာမှန်း မသိသော စာအုပ်ကြီး တွေထဲကလို ကျင့်ကြံပီး ဆရာကြီး ဦးသိဒ္ဓိ၊ ရွှေဥဒေါင်း မိဘ ဦးဧရာ-ဒေါ်ရွှေတို့လို တရား ပြလိုစိတ်က ပိုများနေမည်လားလည်း မသိနိုင်ပါ။ ၉ဝ ကျော်မှ လေရူးသုန်သုန် ဖတ်ချင်၍ ရှာပေးရတာလို အင်တာနက် သုံးချင်ပြုချင် သိပ္ပံဆိုက်တွေ ဖတ်ချင်နေမလား သိချင်ပါသည်။ ၇၆ နှစ်တခါ လာသည့် ဟေလီ ကြယ်တံခွန် ကြည့်ဖို့ သူမှန်ပြောင်းဝယ် တာမျိုး နေလ နက္ခတ်လေ့လာမှု သတင်းသစ်တွေက ဆန်း၍လာနေပါသည်။ ထိုထက် လူ့ကမ္ဘာ ဖြစ်ပုံပျက်ပုံ ကလည်း ကင်ပွန်းချုံထက်ပင် ရှုပ်ထွေးပါလှသည်။

ဘေးတွင် အဖေအိုကို လုပ်ကျွေးဖို့ သူတို့ ညီအစ်ကို စပ်ဟပ် ပေးစားခဲ့သည်က မြင်သော ညီတယောက် ယခုတိုင် ကျန်ရစ်သည်။



No Responses Yet to “ဝိဇ္ဇာ သိပ္ပ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: