စစ်ရောင်ခြည်ဦး

04Jun13
Bo tika , praising armymen for nationalist role in Burmese press

Bo tika , praising armymen for nationalist role in Burmese press

မြန်မာပြည် ပြောင်းလဲလာပီ စစ်ဗိုလ်ချုပ်တွေ ဝန်ကြီးတွေက လူထုနဲ့ အင်တာနက်က ထိတွေ့နေပီ စသဖြင့် အားရဝမ်းသာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကိုတွေ့တိုင်း တုံးသကွယ်လို့ ဆိုချင်တာပါပဲ။ မောင်ရင်တို့ ဆိုက်ဝါးဆိုတာ သိလားလို့လဲမေးလိုက်မိပါတယ်။ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဆိုပီး ဌာနကြီးဖွင့်ပီး လည်ပတ်ခဲ့တာ နှစ် ၆ဝ လောက်ဆိုတော့ လူအများမေ့ကြပီပေါ့။ တကယ်က နိုင်ငံရေးနဲ့ သံယောဇဉ်မပြတ်တဲ့ တပ်တွေတိုင်းမှာ ဆိုက်ဝါးက ရှိရပါတယ်။ ဗမာစစ်တပ်ထက် စောတဲ့ ထိုင်းစစ်တပ်ဟာ ဘုရင်စနစ် ပြောင်းလဲရေးမှာ အဓိကခန်းက ပါခဲ့ပီးနောက် ဘုရင်စနစ် အသွင်ပြောင်းပီး ထိုင်းအထက်လွှာရဲ့ အကျိုးစီးပွား ကာကွယ်ရေးမှာ အရေးကြီးတဲ့ အခန်းက ပါခဲ့တာမျိုး ဗမာစစ်တပ်ဟာလဲ လွတ်လပ်ရေး အရယူပီး ဆိုရှယ်လစ် စနစ်ချီတက်ချိန်မှာ အာဏာရလူတန်းစားရဲ့ အဓိက ယန္တရားကြီး ဖြစ်ခဲ့တာပါပဲ။

ပါရီမှာ စာသင်ကြစဉ်က ထိုင်းနိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်လာမယ့် ဆိုရှယ်လစ်ဝါဒီ နိုင်ပရီဒီက ထမင်းချက်ရင် အတူနေ စစ်ကျောင်းသား ဆွန်ဂရမ် (သင်္ကြန်)က ပန်းကန်ဆေးရသတဲ့။ ဒီလောက်ခင်ပီး ၁၉၃၂ တော်လှန်ရေးမှာ ဦးထမ်းပဲ့ထမ်း ပါခဲ့တဲ့ ရဲဘော်တွေဟာ စစ်ပီးခေတ်မှာ ဆွန်ဂရမ် အာဏာသိမ်းတော့ ပရီဒီ တရုတ်ပြည်ထိ ထွက်ပြေးရတဲ့ အဖြစ် ရောက်တာပါပဲ။ အလားတူ လွတ်လပ်ရေး ရဲဘော်တွေ အာဏာလုကြ၊ သတ်ကြ ဖမ်းကြတာ တိုင်းပြည်ဟာ ၁၉၄၈-၁၉၆၈ အတွင်းမှာ ထောင်မကျ တောမခိုဖူးတဲ့ နိုင်ငံရေးသမား ၊ စစ်ဗိုလ်ဆိုလို့ ရာထူးမပြုတ်သေးတဲ့ စစ်ဗိုလ်တသိုက်ပဲ ကျန်တဲ့အထိ ဖိနှိပ်မှုက ကြီးခဲ့ပါတယ်။ နန်းတွင်း ဖြုတ်ထုတ်ပြုတ်က စစ်အာဏာခေတ် အနှစ် ၅ဝ မှာ အိမ်ဆောက်ရင် ပြုတ်လို့ အကျယ်ချုပ်ကျတဲ့အခါ လမ်းကောင်းကောင်း လျှောက်ရအောင် ခြံကျယ်လေး လိုချင်သား ဆိုတဲ့ ဝန်ကြီး သံဝေဂမျိုးထိ ရှိလာခဲ့ပါတယ်။

အဲလို အာဏာလု ဓားခုတ်ပွဲတွေ များလာတော့ အုပ်စိုးခံ လူထုကြားမှာ သြဇာညောင်းအောင် ဝါဒဖြန့်ချိရေး ပြည်သူ့ဆက်ဆံရေးဆိုတာတွေကို နိုင်ငံရေးလောကမှာ တည်ထွင်ကြရပါတယ်။ အခုပွင့်လင်းခေတ်ကြီးမှာ အသံစုံ ဝါဒစုံ မြည်ဟည်း လာပြန်တော့ ဦးနုခေတ်ကြီးလိုပဲ လုပ်ချင်တာလုပ် ပြောချင်တာပြော ဆိုတဲ့ သွက္ချာပါဒတခေတ်လာပြန်ပဟေး လို့ ဘုရားတသင့်နေပါပီ။ ၁၉၅ဝ ကျော်နှစ်များဟာ ကမ္ဘာမှာ စစ်အေးရှိန်တက်နေတော့ နိုင်ငံရေးအုပ်စု ဝဲယာများကလဲ အပြိုင်အဆိုင် ထောက်ပံ့ မဲဆွယ် ကြတာတွေဟာ အောင်ဗလ ဦးသောင်းရေးတဲ့ ဘီလူးတို့ရွာ ထဲမှာ တော်တော် စုံစုံပါပါတယ်။ တတိုင်းပြည်လုံးက ပညာတတ် လူထက်လူစွာတွေကို အုပ်စုတွေက အပြိုင်သိမ်းသွင်းကြတာဟာ နောက်ဆုံး တရုတ် ကွန်မြူနစ် ဆန့်ကျင်ရေး အားကိုးရတဲ့ အာဏာအပိုင်ဆုံးစစ်တပ်ကြီး ကြီးထွားရေးအတွက် အမေရိကန် ဆိုဗီယက် အကူအပံ့တွေ၊ နိုင်ငံရေး ထောက်ခံမှုတွေ အလုပ်ကောင်းလို့ တိုင်းပြည်ဟာ စစ်ဝဲမှာ နစ်တာပါပဲ။ အခုလဲ နိုင်မယ့်မြင်း ဆွဲမယ့်ဆင်ကို ကြေးပစ်ကြအုံးမှာပေါ့။

အဲလို မီဒီယာစုံက မျက်နှာစုံဖွင့် စစ်ဆင်လာရာမှာ စစ်ကြောင့်ကြေနေတဲ့ ပြည်မှာ ကွန်မြူနစ်သြဇာ လွှမ်းနေတာကို ဖြိုဖို့ ဦးသခင်နုက ဘာသာရေး အစာသွပ် စိတ်ဖြေဆေး ရောင်းပါတယ်။ လူထုအောင်သံ၊ ဆဋ္ဌသင်္ဂါယနာ မှသည် တိုက်တလုံး ကားတစီး ပြာတော်သီထိပေါ့။ လက်ဝဲ စန်းတက်နေတော့ စိတ်ကြွဆေးကလဲ ရောင်းမှ ဖြစ်မယ်။ သူ့အနီကို ချွတ်ဖို့ ကိုယ်က သီတင်းရောင်လေး ဆိုးမှ မဲဆွယ်နိုင်မှာ ဆိုတော့ လက်ရှိ အာဏာရ ဆိုရှယ်လစ်တွေ လက်သပ်မွေးထားတဲ့ တောမခို တောပြန် ကွန်မြူနစ်တသိုက်ကို အခြေပြုပီး ဆိုက်ဝါးကြီးကို ထူထောင်ခဲ့ကြတယ်။ ဒါကြီးအတွက် ပရောဂျက်ရအောင် အောင်ကြီးက သူနဲ့ရင်းတဲ့ ဦးနုဆီက တောင်းရတယ်။

ဆိုက်ဝါးကို ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့်ဖို့ ထူထောင်တာ ဆိုတော့ ယဉ်ကျေးမှု မျိုးချစ်ဝါဒကို ထညက်လို ခြေပီးတေပေးရတာပေါ့။ ဗမာအများဟာ အိန္ဒိယ တရုတ်မုန်းပီး လူမျိုးစွဲပြင်းတော့ ပဒေသရာဇ် သူရဲကောင်းတွေ စာဆိုတွေကို ဗန်းပြပီး ပရိသတ်ရှာတယ်။ ဆင်းရဲသားအကြောင်း ပစ္စည်းမဲ့ ဘုံစနစ်တွေလုပ်နေတဲ့ လက်ဝဲအပြင်းစားတွေက ဒါကို တန်ပြန်ဖို့ လက်ဝဲမြင်နဲ့ ရာဇဝင်ဝတ္ထုတွေ ရေးကြတယ် ထင်ပါတယ်။ ဗန်းမော်တင်အောင်၊ တက္ကသိုလ် နန္ဒမိတ် စသည်။ ဆိုက်ဝါးထုတ် မြဝတီ ဝတ္ထုမဂ္ဂဇင်းမှာ ခေတ်ဟောင်း မျိုးချစ်စာသမားတွေ သူရိယ ဦးသိမ်းမောင်၊ ဇဝန စသည် အယ်ဒီတာ ဖြစ်လာတယ်။ ဒီပုဂ္ဂိုလ်ကြီးများဟာ လွတ်လပ်ရေးကာလမှာ အမျိုးချစ်ဝါဒ ပြန့်ပွားအောင် နိုင်ငံရေးမျက်စိပွင့်အောင် ရှေ့တန်းက တက်ကြွခဲ့သူတွေပါ။ ဒါပေသည့် ကျဉ်းမြောင်းတဲ့ ပဒေသရာဇ် သူရဲကောင်းဝါဒက မလွန်ရှာတော့ စစ်ဘုရင်သစ် ဗိုလ်မှူးကြီးများ ကြိုက်တဲ့ စစ်အမျိုးသားရေး ပြည်ပရန်ဆန့်ကျင်ရေး ဟီးရိုးဝါဒကို ဝါဒပြိုင်တဲ့ ခေတ်ကြီးမှာ ဖြန့်ဖြူး ပေးကြပါတယ်။ ဒီလိုနဲ့ ခေတ်ဟောင်းက ဗမာပဒေသရာဇ် ရွှေနန်းဖွဲ့ မှတ်တမ်းတွေ၊ ဇာတ်ထုပ်ရာဇဝင်တွေကို မြန်မာ ပညာရှိကြီးများကလဲ မြိုင်မြိုင်ကြီး အသုံးတော်ခံ ကြပါတယ်။ ခေတ်ပြိုင် စာစောင်တွေမှာ အမေရိကန် ရုရှ ယဉ်ကျေးမှုဝါဒဖြန့်တွေ များလို့ ဒါတွေနဲ့ တန်ပြန်သည်လား မဆိုနိုင်သော်လဲ ဒါတွေကြောင့်မို့ ဓားကိုင် သူရဲကောင်းဝါဒကို စစ်တွင်းက ဘူရှီဒိုဝါဒဖြန့်တွေ ပြန်ဆိုခဲ့သလို တိုင်းပြည်မှာ စစ်မှိုင်း ဘုရင်မှိုင်းတိုက်ခံရပါတယ်။ ဒီအတွက် ဇေယျ၊ ဇော်ဂျီ၊ မြကေတု စတဲ့ လူကြီးများမှာ နိုင်ငံတော်ရေး အမျိုးသားရေး အမည်ခံ စစ်နိုင်ငံရေး ဖြန့်ဖြူးဖို့ အသုံးချခံ စာရင်းမှာ ပါသွားပါတယ်။ ဒီထဲက ဆရာမောင်ထင်ဟာ စစ်တပ်ကို တိုင်းပြည်တည်ရေးမှာ တတပ်တအား အသုံးချစရာ ဖြစ်အောင် နိုင်ငံရေး လူထုဆက်ဆံရေး စာပေအရည်အသွေး တိုးတက်ရေးတွေမှာ လိုက်နာစရာတွေ ရေးပြသွားသူပါ။ သို့သော် စစ်တပ်ကိုယ်တိုင်နှိုက်က တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ ပညာရေးကို ဖိနှိပ်ပျက်စီးအောင် လုပ်တဲ့ စက်ဘီလူးဖြစ်သွားတာကို ဆရာကောင်းကောင်းမြင်သွားပေမယ့် ရေးလို့တော့ မရတော့ပါဘူး။

ရှေးခေတ် စစ်သူရဲကောင်းအပြင် ခေတ်ပေါ် စစ်သူရဲကောင်း တော်လှန်ရေးပြန် ဆိုသူ မြေပေါ်သားများကိုလဲ အလွမ်းသင့်ရာ မိတ်ဆွေရဲဘော် စာရေးဆရာများက စာဖွဲ့ကြတာကို ခေတ်အဆက်ဆက် စစ်စာစောင်တွေနဲ့ အရပ်သား မီဒီယာတွေမှာ တွေ့ရမှာပါ။ ကျဆုံးသွားတဲ့ ဦးသခင်ဗိုလ်အောင်ဆန်းဟာ စစ်တပ်ရဲ့ အားကိုးစရာ အန်းကုန်းကြီး ဖြစ်ပါတယ်။ သူနဲ့မရှေးမနှောင်း သေဆုံးတဲ့ တပ်ရေး နိုင်ငံရေးကျွမ်းတဲ့ သခင်ဗဟိန်း၊ ဆိုရှယ်လစ် အုပ်စုစနက်နဲ့ တပ်က ထွက်နေရတဲ့ ဗိုလ်လက်ျာ၊ ကရင်စစ်သားကျော်ကြီးများ အကြောင်းတော့ မြဝတီမှာ မရှာလေနဲ့။ သာဓုဟာ စစ်သားကို လူထု ဆက်ဆံရေး ပညာပေး အမွှမ်းတင်တဲ့ ဝါဒကို လက်ဝဲမုန်းတဲ့စိတ် သက်သက်နဲ့ လုပ်ခဲ့သလား စဉ်းစားရပါတယ်။ ဒီခေတ်ကတော့ စစ်ဘုန်းတော်ဘွဲ့တွေကို စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ကိုယ်တိုင် မော်ကွန်းထိုး စာဖွဲ့၊ နောက်ဆုံးနည်းကတော့ မခုတ်တော့တဲ့ ကြောင်ကလေး ..ဥပုသ်ဆောင် ဝင်သွားသော ကျားကောင်းကြီးများ စတဲ့ တိရစ္ဆာန် ဆေးခြယ်နည်းတွေ ဖြစ်ပါတယ်။

ဗုဒ္ဓ ဝါဒီ ဆိုရှယ်လစ် နည်း ဆက်ကြတာပေါ့။



No Responses Yet to “စစ်ရောင်ခြည်ဦး”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: