ကိုင်းနေဆဲ ပေါက်ပင်ကြီး

14Jun13

မြန်မာ စစ်တပ်နဲ့ ဘာသာရေးက အရပ်သား နိုင်ငံရေးသမားများ လိုပါပဲ အပြန်အလှန် ဆရာဒကာ အသုံးချကြတယ် ပြောရမလား။ မြန်မာမှာ စစ်ပီးစ ခေါင်းဆောင်တဲ့ လူကြီးပိုင်းမှာ ဘာသာရေး သမားတွေ ပါလာတယ်။ ဒီးဒုတ်ချိုသေတော့ ဘုရားဒကာကြီး သခင်နုရဲ့ အနာထပိဏ် ဆာဦးသွင်၊ နောက် ဖိနပ် သိမ်းမောင် အမည်တွင်ခဲ့တဲ့ ရွှေတိဂုံမှာ နိုင်ငံခြားသား ဖိနပ်ချွတ်ဖို့ အမိန့် ထွက်အောင် ဦးဆောင်တဲ့ တရား ဝန်ကြီးချုပ် ဦးသိမ်းမောင် တို့ဟာ ဘာသာရေးသမားကြီး များပေါ့။ သာသနာ့ နုဂ္ဂဟ ကောင်စီ၊ ပါဠိ တက္ကသိုလ် အက်ဥပဒေ စတဲ့ ဘာသာရေး သြဇာတွေ လွတ်လပ် ပီး ခေတ်မှာ တက်လာတာ ဘုန်းကြီးတွေနဲ့ သြဇာခံ နိုင်ငံရေး ဒကာတွေ လက်ချက်ပါ။ အပြန်အလှန် မီးနဲ့ ဆော့နေကြ တာပါ တကယ်က။ တိုင်းပြည်မှာ ကရင် အုံကြွမှုကြီး၊ လက်ဝဲ သူပုန်တွေ ရှိနေချိန်မှာ ဘာသာရေးနဲ့ လူများစု ထောက်ခံမှု ယူတာလောက် မိုက်တာ မရှိဘူး ထင်ပါတယ်။ ဒီလိုနဲ့ အမေရိကန် အထောက်အမ ပါတယ် ဆိုစမှတ်ရှိတဲ့ ဆဋ္ဌ သင်္ဂါယနာ ကြီးကို တိုင်းပြည် ပြာကျ နေတဲ့ ကြားက ဆယ်နှစ် လောက် ကြာအောင် တင်ယူ ပါတယ်။ အာဏာသိမ်း ခါနီးလောက်မှ သင်္ဂါယနာ အပီးသတ် တာပါ။ ဗိုလ်ချုပ် နာမည် တွင်တွင် သုံးပီး အာဏာယူထားတဲ့ လက်ဝဲယိမ်း အစိုးရ တရပ်က ဘာသာရေး ကိစ္စကို ဘုရင်နိုင်ငံတွေမှာလို အကြီးအကျယ် အားပေး ခဲ့တာ မြန်မာ့ ဆိုရှယ်လစ် လူ့ဘောင် အတွက် အံ့မခန်း သမိုင်းကွက်တွေပါ။ ဗမာ ဘုရင်ခေတ်က သြဇာကို ရဟန်းထုနဲ့ နိုင်ငံရေး အာဏာသစိုး များ ပြန်တည်ဆောက် ခွင်ဖန်မှုပါ။

ဘာသာရေး ကိစ္စ အပြင်းဆုံး ထုတ်သုံး တာကတော့ ၁၉၆ဝ ရွေးကောက်ပွဲမှာ ဆယ်နွေ ဆယ်မိုး အုပ်စိုး လာသူချင်း ဗိုလ်လုရချိန်မှာပါ။ ကိုယ်သေ သူသေ အာဏာအရသာ သိသူအချင်းချင်း လုပွဲဆိုတော့ ဗြောင်အကျဆုံး သရုပ် အပျက်ဆုံး မဲဓားပြတိုက် တာကို ဘာသာရေး လက်နက်နဲ့ ခုခံတာမှာ လူမျိုးစုများ၊ ဘာသာကွဲ များရဲ့ အမြင် မကြည်လင် ခြင်းကြောင့် တိုင်းပြည်ရဲ့ ညီညွတ်ရေး ဟာ အများကြီး ယိုယွင်း ခဲ့ပါတယ်။ စစ်တပ်ဟာ အိမ်စောင့် အစိုးရ အဖြစ် အာဏာ ယူပီး လက်ဝဲ သြဇာ ချေဖျက်စဉ်က သီပေါမင်း သမီး အမယ်ကြီးနဲ့ သမီး သမက် တွေကို လူကြား ထုတ်ပြတာ၊ ဘုန်းကြီး သောင်းချီပီး အပတ်စဉ် ဝတ်တက်ပီး ကွန်မြူနစ် ဓမ္မန္တရာယ် ရှုတ်ချတာ စတဲ့ စိတ်ဓာတ် စစ်ဆင်ရေး (အနောက်အုပ်စု သွန်သင်ချက် ပါပါမယ်၊ ကက်သလစ် နိုင်ငံတွေနဲ့ ထိုင်းလို နိုင်ငံ တွေမှာ စီအိုင်အေနဲ့ တိုင်းမ်စ်လို အနောက် စာနယ်ဇင်းတွေ လက်တွဲ သြဇာ ထူထောင် တာ ပြန်ရှု) တွေ လုပ်ခဲ့ သော်ငြား သူ့သမီး ယောက်ဖ ညီနောင် ရဲဘော်တို့ ဆွေငြိမ်း ဂိုဏ်းကြီး ခွက်ခွက်လန် အောင် နိုင်ငံရေး သေခဲ့ တာရယ်၊ ယောဂီဦးနု အစိုးရက နတ်ကွန်း ဆောက် ဗလိနတ်စာ ကျွေး ဝက်လွှတ်၊ ဥပုသ် ရုံးပိတ်စတဲ့ ဘာသာရေး သောင်းကျန်းမှုတွေ လုပ်နေတာကို အကျော မခံလို တာတွေရယ် ကြောင့် ၁၉၆၂ အာဏာ သိမ်းပီးစမှာ ဘွဲ့တံဆိပ် ဆက်ကပ်ပွဲကို ညွှန်ကြားရေးဝန် အဆင့်လောက်နဲ့ ချထားလိုက်ပီး နောက် ၁၅ နှစ်ကျော်လောက် သာသနာရေး ဘွဲ့တွေ မကပ်ဘဲ ထားခဲ့ ပါတယ်။ အမဲသား ပိတ်ပင်တာ ရုပ်တာ၊ သာသနာ့ ကောင်စီတွေ အထောက် အပံ့တွေ ဖျက်တာ စတဲ့ ဘာသာရေးက ခွာခွာနေတဲ့ လမ်းကြောင်းကြောင့် ဘာသာရေး သမားများ အတော် မခံချိ ဖြစ်ပါတယ်။

Myitkyina protest against State Religion

Myitkyina protest against State Religion

အာဏာသိမ်း စစ်ဆိုရှယ်လစ် အုပ်စု အတွက် လက်ဝဲက ကျောင်းသား လက်ယာက ဘုန်းကြီး ရန်စွယ်က နှစ်သွယ် မီးက နှစ်စပါ။ ကျောင်းသားကို ဇူလိုင် အရေးအခင်းမှာ ပက်စက်စွာ ချေမှုန်း ရဲပေမယ့် ဘုန်းကြီးက ထိန်းရ ပိုခက်ပါတယ်။ နိုင်ငံတော် ဘာသာ ပြဋ္ဌာန်း စဉ်ကလဲ ရဟန်းငယ် များရဲ့ အုံကြွမှု ကြောင့် အတွင်းဝန်ရုံး ဝိုင်းခံရတာ၊ ရန်ကုန် မြို့ပေါ်မှာ လေတပ်က စာချ သတိပေးရ တဲ့ထိ ကသောင်း ကနင်း ဖြစ်ခဲ့ တာတွေမို့ လွယ်လွယ် မရပါဘူး။ ဘာသာရေး အရ မူကွဲတဲ့ ရှင်ဥက္ကဋ္ဌ ကို မဆလ မူဝါဒ ရေးဆွဲဖို့ ဆည်းကပ် ခဲ့တာတွေကြောင့် ရဟန်းထုရဲ့ အမြင် ကလဲ စစ်ကောင်စီကို အတော် မေတ္တာတုံး နေပါတယ်။ တဘက်ကလဲ MRA လို စီအိုင်အေ အောက်စွယ် အဖွဲ့အစည်း တွေက ရဟန်းထုမှာ ဖောက်ထွင်း ဖြန့်ကျက် နေတယ်လို့ စွပ်စွဲမှုတွေ သံသယ တွေက ကြီးပါတယ်။ ဒါတွေကြောင့် ဗဟိုစည် သတင်းစာပါ သံဃာ သန့်ရှင်းရေး ဆောင်းပါး မကျေနပ်တဲ့ ရဟန်းတွေက တိုက်ကို ဖျက်ဆီးတာ၊ တောင်ပြင် မဆလ ယူနစ်ရုံးကို တိုက်ခိုက်တာ စတဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ် လာမှ ဗိုလ်စိန်လွင်က ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါတယ်။ အရင် တည်မြဲ အတွက် စတင်းဂန်းလွယ် ဓားပြတိုက် ပေးတဲ့ ရဟန်းပျို ဆရာတော် တွေပါ ထောင်ကျ တာပါ။ ဒိနောက် မှော်ဘီ သံဃာ့ အစည်းအဝေးမှာ သန့်ရှင်းရေး အတွက် တောင်မြို့ ဆရာတော်လို စစ်တပ် လိုလားသူများက အနဲစု ဖြစ်နေတော့ သံဃာ မှတ်ပုံတင် ကိစ္စ၊ သံဃာ့ကောင်စီ ဖွဲ့ဖို့ တွေဟာ ၁၅ နှစ်လောက် ဆက်နှောင့်နှေး ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း ထောင်တဲ့ ရက်တွေ ကြည့်ရင် စာရေးဆရာ သတင်းစာ ဆရာနဲ့ ဘုန်းကြီးဟာ ဗိုလ်နေဝင်း ထိန်းရ အခက်ဆုံး လူတန်းစား တွေ ဖြစ်ပါ လိမ့်မယ်။ ဒိနောက်တော့ မဟာ ဝိဇယ စေတီ ခေတ်ပေါ့။ ဗိုလ်နေဝင်း ဆည်းကပ် ခဲ့သော ဘုန်းကြီး များကို လေ့လာ ကြည့်ပါ။ မင်းကွန်း ဆရာတော်ရဲ့ ဥသျှစ်သီး များနဲ့ ဆက်ဆံရေးဟာ အကောင်းဆုံး ဘွဲ့ယူုကျမ်း ဖြစ်ပါမယ်။

နိုင်ငံရေးကို အများကြိုက် ပေါ်ပြူလာ မဲရောင်းမဲဝယ် သဘောတွေ ပြန်ဆန်းသစ် လာတဲ့ ခေတ်အခါ မျိုး၊ နိုင်ငံခြား အထောက် အပံ့တွေ ဘွင်းဘွင်းကြီး ပြန်ယူ နေကြတဲ့ ခေတ်မှာ သံဃာ့ သြဝါဒခံ အဖွဲ့တွေ ပေါ်လာစရာ ဘာသာရေး လူမျိုးရေး တင်းမာမှု အများကြိုက်နဲ့ ဗိုလ်ကျမှုတွေ ပိုပီး ထွက်လာစရာ ရှိနေတာကို ကြည့်ရရင် တိုင်းပြည်ဟာ ဘာသာရေး လူမျိုးရေး လက်ယာစွန်း ချောက် ကို ကျဖို့ က အလွယ်လေးမို့ ဗမာပြည်မှာ အနှစ်ရှိတဲ့ ခေတ်သစ် စာတွေ ပညာတွေ ထွန်းကား ဖို့ ယဉ်ကျေး ခေတ်မီတဲ့ လစ်ဘရယ် အရင်းရှင်စနစ် အမြန် တည်ထောင် ဖို့ အောက်ခြေ လူတန်းစားကို ဘဝ အဆင့် မြှင့်ပီး ပြည်သူ အများမှာ အယူ သည်းမှုတွေ ပျောက်အောင် လုပ်ဖို့ အချိန်တန် ပါပီ။ စီးပွားရေး နိမ့်ကျမှု လက်ညှိုး ထိုးပီး ဘာသာခြားကို အပြစ်ဖို့တဲ့ ဖက်ဆစ် ပုံစံ နိုင်ငံရေးကို ဒို့ဗမာခေတ်မှာပဲ ထားရစ်ပါတော့။



No Responses Yet to “ကိုင်းနေဆဲ ပေါက်ပင်ကြီး”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: