လာတော်မူ

05Jul13
Burma Challenge in 1962

Burma Challenge in 1962

လာချေပြီ ပျိုတို့မောင်လည်း သူလည်းပါလေပြီ…

သမ္မာကျမ်းလာ အဲဂုတ္တပြည်ကြီးမှာ နောက်တချီ သိမ်းပြန်ပဗျ ။ သိမ်းတာနဲ့ မသိမ်းတာ ဘာကွာလဲ ဆိုရင် သိမ်းတာက တိုက်ရိုက် စွက်ဖက်တာ မသိမ်းတာက နောက်ကွယ်က ဖိအားပေးတာ အဲလောက် တော့ ကွာမှာပေါ့။ ခုဟာက လူထု ဖိအားနဲ့ သိမ်းတာ ဆိုတော့ စကထဲက အကြိတ်အနယ် တက်လာရတဲ့ မွတ်ဆလင် သမ္မတကို ဖယ်ရှားတာ အများ သဘောကျ ပါတယ် ဆိုတာမျိုး ဖြစ်သွား တာပေါ့။ ဘာသွား သတိရလဲ ဆိုတော့ ၁၉၅၈ ဝင်ဒါမီယာ အာဏာသိမ်းမှုဟာ ကမ္ဘာမှာ ဘယ်ကမှ မရှိတဲ့နည်းကို မြန်မာက အစပြုတာလို့ ဒေါက်တာဘမော် ပြောစမှတ် ပြုသလိုပဲ ခုလည်း အီဂျစ်က ထွင်စမှတ် ပြုပြန် တာပေါ့။

ဒီမှာ နိုင်ငံအသီးသီးမှာ လွတ်လပ်ပီးခေတ် စစ်တပ်ကဏ္ဍကို လေ့လာရာမှာ တပ်တွေရဲ့ နိုင်ငံရေး အကြောကို သေချာ ကျနလေ့လာမှု၊ အထူးအားဖြင့် တပ်တွေ အချင်းချင်း လေ့လာ အတုယူမှုတွေကို သိဖို့က လိုနေတယ်။ မျက်စိ နားကြီးသူများကတော့ ဘယ်တိုင်းပြည်မှာ ဘာတဲ့ ဆိုရင် ဘယ်လို ရိုက်ခတ်မှု လာမယ်ဆိုတာ သိကြတယ်။ အီဂျစ်မှာ နာဆာ အာဏာရှင် စနစ်တက်လာချိန်မှာ ဗမာပြည်မှာ ဒါမျိုး လာတော့မယ်လို့ ခံစားရကြောင်း ဟံသာဝတီ ဦးဝင်းတင်က ရေးပါတယ်။ အာရပ် ပြည်ထောင်စု (ပြိုကွဲသွားတဲ့ အီဂျစ်+ဆီးရီးယား နိုင်ငံအတွဲ) မှာ ၁၉၆၁ လောက်က ပါတီတွေကို ဖျက်တာ နှိပ်ကွပ်တာ တွေဟာ ဗမာပြည် မှာလည်း နှစ်အနည်းငယ် တွင်း ဖြစ်လာ ခဲ့ပါတယ်။ အလားတူ ဆူကာနိုရဲ့ လူကြိုက် များတဲ့ အာဏာရှင် ပါလီမန် မှာလည်း ပါတီတွေ ဖျက်တာ၊ လက်ဝဲယိမ်းတာ တရုတ် လွှမ်းမိုးမှု များလာတာတွေက နောက်ဆုံး အနောက် စွက်ဖက်မှုနဲ့ လူမျိုးရေး သတ်ဖြတ်မှုတွေနဲ့ သွေးချောင်းစီး စစ်အာဏာသိမ်းပွဲထိ တိုင်ခဲ့တာပါပဲ။ ၁၉၆၅ အင်ဒို သတ်ဖြတ်မှုတွေဟာ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်း ရှေ့ပြေးလို့ ယူလို့ ရပါတယ်။

နိုင်ငံရေးမှာ စစ်ဘက် လွှမ်းမိုးတဲ့ ယူဂို ဆလားဗီးယား၊ အီဂျစ် နိုင်ငံရေး မူဟာ ဟိုခေတ် မြန်မာ စစ်တပ် အားကျစရာလို့ အနောက်တိုင်း ပညာရှင်များက ရေးပါတယ်။ အလားတူပဲ တတိယလမ်း ခေါ်တဲ့ ဥရောပ မြောက်ဖျား တိုင်းပြည် တွေက ဆိုရှယ် ဒီမိုကရက် လမ်းဟာလည်း အလယ်အလတ် နိုင်ငံရေး လမ်းရှာနေတဲ့ စစ်အေးခေတ် မြန်မာ စစ်တပ်နဲ့ ဆိုရှယ်လစ်များ အတွက် စံနမူပါ။ အခု အီဂျစ် လူထုအားနဲ့ စစ်အာဏာသိမ်းပွဲက မြန်မာ အတွက် ဘာလမ်းပြ ဖြစ်မလဲ။ ၁၉၈ဝ ကျော်က ဖိလစ်ပိုင် အာဏာရှင်ကို အုံကြွမှုက မြန်မာ အတွက် လမ်းစ တခု ဖြစ်သလို ဒီတခါ အီဂျစ် စစ်နဲ့ မြို့သား ညီညွတ်ရေး ကကော။

မွတ်ဆလင် ညီနောင်များရဲ့ အခြေခံအားက တောကျေးလက်က ရှေးရိုးစွဲ ဘာသာရေးသမားတွေပါ။ ဒါကြောင့် သူတို့ အာဏာရချိန်မှာ အစ္စလာမ် မူတွေနဲ့ လူထုကို ထိန်းကွပ်မယ် ကြံတော့ မြို့ပြက ဘာသာစုံ ခေတ်မီ လူထုကြီးနဲ့ ထိပ်တိုက်တွေ့တာပါပဲ။ နောက် အီဂျစ်က မြို့နေ လူနဲ့ တောနေက ထက်ဝက်စီလောက် ရှိတာ၊ မြို့မှာ တောက လာအလုပ်ရှာတဲ့ ဆင်းရဲသားထုက များတာဆိုတော့ လူမှု နိုင်ငံရေး အုံကြွမှုက အမြဲရှိနေတာပါ။ ဒီလှုပ်ရှားမှု တွေကပဲ အရင်က အနှစ် ၆ဝ လောက် စစ်တပ်နောက်ခံနဲ့ တင်ထားတဲ့ နာဆာ အနွယ် အာဏာရှင် အုပ်စုကို ဖယ်ချ နိုင်ခဲ့တာပါ။ နိုးကြားမှု အရှိန် အင်မတန်ကြီးပြီး အာရပ် ကမ္ဘာနဲ့ အာဏာရှင် နိုင်ငံများကို ခြောက်ခြားသွားစေတဲ့ အာရပ် လှုပ်ရှားမှု ဟာ တချို့ နိုင်ငံတွေမှာ ရေအီတဲ့ ဘက်ကို ဆိုက်နေပေမယ့် အီဂျစ်မှာတော့ အလံမလှဲစတမ်းလို့ ဆိုရမလား။ တချို့ကတော့ တော်လှန်ရေး ကျွံတယ် မြင်မှာပေါ့။

တိုင်းပြည် တည်ငြိမ်ရေးမှာ အဓိက အရေးပါတဲ့ လူများစု စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သရွေ့တော့ ဘယ်လို နိုင်ငံရေး လေကြီး မိုးကြီးမျိုး ဘာသာရေး လမ်းစဉ်မျိုးကမှ ကယ်မနိုင်မှာ မဟုတ်တာကတော့ အသေချာပါပဲ။ ခုလို ကမ္ဘာ့ စီးပွားရေး ကသောင်းကနင်း ဖြစ်ချိန် မျိုးမှာ တိုင်းပြည် အုပ်ချုပ်ရတဲ့ အလုပ်မျိုး ဟာဖြင့် ဒိသာ ပါမောက္ခလည်း မတတ်နိုင်၊ ဒီမိုကရေစီ ဘွားအေကြီး လည်း မကယ်နိုင် နောက်ဆုံး သူရဲကောင်း ရွှေဓားချိတ် လည်း အောင်ဖျာ လိပ်ရမယ့် ကိန်းတွေက များနေပါတယ်။

စစ်တပ်ဟာ နိုင်ငံ အုပ်ချုပ် စီမံမှုမှာ သူ့ဝေစုကို အမြဲ မျှော်လင့်တယ်၊ တိုင်းပြည် အာဏာသော့ချက်ကို ခါးပိုက်ပိုက် ထားရသူတွေဟာ သူများကို သံသယနဲ့ အမြဲကြည့်မယ်၊ ပီးတော့ သူများကို နှိပ်ကွပ်ရသူ တွေဟာ သူတို့ အလှည့်ကို ဘယ်တော့မှ မရောက်အောင် ကြံတယ်။ ဒါတွေဟာ နိုင်ငံတိုင်းမှာ ကြုံခဲ့ ရတဲ့ ကိစ္စတွေ ပါပဲ။ စစ်တပ် လူတန်းစားဟာ ဘာသာရေး အစွဲကြီးတာ၊ တခါတခါ ကျတော့လည်း ဘာသာရေး လိုင်းပူးပီး လူလည် ကျတဲ့ နိုင်ငံရေး သမားကို မနှစ်မြို့တာ (ဥပမာ ဦးနုနဲ့ မြန်မာ စစ်တပ်)၊ အရာရှိ လူတန်းစား ညာဉ်နဲ့ သူ့လုံခြုံရေး ဘက်က စဉ်းစားတာ (တနည်း လှုံ့ဆော် အုံကြွတဲ့ နိုင်ငံရေးသမားကို အထင်သေးတာ၊ မယုံတာ) .. ဒါတွေကို လူတန်းစား စရိုက် အနေနဲ့ မြင်ထားဖို့ လိုပါတယ်။

၁၉၅၆ လောက်က ဦးနု အတွင်းဝန် ခင်နှင်းယု နဲ့ သခင်သာခင်တို့ ပြောခဲ့ကြတဲ့ တိုင်းပြည်ကို အရိပ်ထိုး နေတဲ့ အန္တရာယ်တွေ ဆိုတာ ခုလောက်ဆို သိကြလောက်ပါပီ။ နိုင်ငံရေးသမားဟာ လူထုကို သြဇာရှိကောင်းရှိမယ်၊ သို့သော် လက်နက်မပါလို့ကတော့ လက်နက်ရှိသူကို ဘယ်နေရာမှ တုဖက်ပြိုင်လို့ မရပါဘူး။ ခါးပိုက်ဆောင် တပ်မွေးတဲ့ နိုင်ငံရေးရဲ့ ကျဆုံးခန်း ကလည်း ပျူစောထီးရဲ့ ဖခင်ကြီးတွေရဲ့ နိုင်ငံရေး လမ်းဆုံး ၁၉၆ဝ ရွေးကောက်ပွဲနဲ့ပဲ သိနိုင်ပါတယ်။ ဒီတော့ ပလ္လင်မှာ ကြာကြာ ထိုင်လိုလျှင် ဂွေးအောင် လုံအောင် ထိုင်ရတယ် ဆိုတဲ့ မင်းတုန်းမင်း နန်းတက်စက မကွေးမင်းကြီးကို ရည်ညွှန်းတဲ့ စကားလိုပဲ တချို့လူများ အတွက်တော့ အာဏာ ဟာ သေနတ် ပြောင်းဝမှာ အမြဲ တည်နေသလို သေနတ်ပြောင်း နောက်က လိုက်မယ့် လူအုပ်ကို မွေးတတ် တာလည်း ပညာတမျိုး ဖြစ်နေပါကြောင်း။

မဲပြားတွေ စာရွက်တွေ လေတွေတော့ လေပြန်ချေပေါ့ တခါ (၁၉၉ဝ ကတခါ သနားစရာ )



No Responses Yet to “လာတော်မူ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: