8888

30Jul13

၈လေးလုံးအကြောင်းရေးဖို့ ပြောလာသူ ရှိလာသောအခါ လူတရုံးရုံးနှင့် ရှိခဲ့သော တလကို ပြန်စဉ်းစား ရသည်။ နယ်မြို့တချို့တွင် အုပ်ချုပ်ရေး ပျက်၍ ဝန်ထမ်းများ လုံခြုံရာ ဇာတိ ရပ်ရွာ ပြန်ရသည် ကိုလည်းကောင်း၊ လမ်းတလျှောက် စစ်ဆေးရေး ဆိုသော ပုဂ္ဂိုလ် တချို့၏ အာဏာစက် ပြင်းပုံ ကိုလည်းကောင်း၊ ထိုထက် ထောင်ထောင် ထောင်ထောင် လုပ်သည့် ပါတီကောင်စီ အာဏာပိုင် တချို့ လက်လွန် ခြေကျွံတွင် ပျောက်ပျက်ကုန် သည်ကိုလည်း မြင်ပါ၏။ ထိုထက် စစ်ကိုင်း၊ ရန်ကုန် စသည့် မြို့များတွင် သွေးထွက် သံယို ကြီးစွာ ဖြစ်ရသော အမှုတို့မှာ လူ့သမိုင်း၏ အမည်းစက် ကြီးများ ဖြစ်ပါသည်။ နောက်ဆုံး အာဏာသိမ်း သည့်ရက် နှင့် ပစ်တုန်း ခတ်တုန်း မာရှယ်လော လများကို တချို့မေ့ကြမည် မဟုတ်ပါ။ မန္တလေးမြို့ စစ်ကိုင်းတန်းက တိုက်ကြီးတလုံးမှာ မျက်နှာစာ ရှိ ပြတင်းမှန်သမျှ ပက်ပက်စက်စက် ကွဲကျေ နေသည့် ရှုခင်းမှာ စွဲနေတော့သည်။

ဆန္ဒပြပွဲ ဤမျှကြီးရသည်မှာ လူထု ပိုင်ဆိုင်မှု ဆုံးရှုံးချက် နာလှ၍ ဖြစ်သလား၊ ကျောင်းသားတို့ ထိခိုက် သေကြေရသည်ကို နာကြည်းကြ သောကြောင့် ပူးပေါင်းလာသည်လား၊ ထိုထက် အပစ်ရပ်ချိန် တွင် အုပ်ချုပ်ရေး အပြောင်းအလဲကို မြင်လာကြ၍ လား ခွဲခြမ်း စိတ်ဖြာ လုပ်စရာ များပါသည်။ ပိုသိလိုသည်က ထိုသို့ အုံကြွမှုမျိုး ထပ်မပေါ် တော့သည်က ဘိနှိပ်မှုကြောင့်လား၊ လူထု စိတ်အခံ ပြောင်း၍လား ၊ နိုင်ငံရေး ဘက်က ဦးဆောင်နိုင်မှု နိမ့်သောကြောင့် လား အကြောင်းများ ဖြစ်ပါသည်။ ဤဖြစ်ရပ်ကို သမိုင်းနှင့် နိုင်ငံရေး လေ့လာမှု ဘက်ပေါင်းစုံ မှ လေ့လာခဲ့ ဖူးပေါင်း များပါပီ။ လတ်တလော အီဂျစ် ဖြစ်ရပ်များက ၈လေးလုံးကို အမှတ်ရစရာ ဖြစ်သလို စစ်ကြီးစိုးသော တိုင်းပြည်များက လူ့အဆောက် အအုံ များကို ပို၍ ထိုးထွင်း သိမြင်ဖို့ လိုပုံကိုလည်း ပြောပါလို၏။

မြန်မာ၏ နိုင်ငံရေး ဖြစ်ပေါ်ပုံမှာ လူလတ်တန်းစား ပညာတတ် ဦးဆောင်မှုမှ လက်နက်ကိုင် နိုင်ငံရေး အုပ်စုများ လက်သို့ စစ်ပီးချိန်က စရောက်ပါသည်။ စစ်ပီး ရွေးကောက်ပွဲ များတွင် ယမ်းငွေ့ဝေသည် ကိုလည်း ပြောစမှတ် ဖြစ်ပါသည်။ ထိုထက် ပါလီမန် ဆိုသည်များက ဗိုလ်နာမည်ခံ အမတ်များ၊ ဦးနာမည်ခံပီး ဓားပြဂိုဏ်းကြီး ထောင်ထားသူများ စသည့် ဖိလစ်ပိုင်က လူမိုက် နိုင်ငံရေး လည်း ထိုခေတ်ကပင် ရှိခဲ့ပါသည်။ ၁၉၆၂ မတိုင်ခင်ကို ဒီမိုကရေစီ အုပ်ချုပ်ရေးဟု လုံးထွေး ခေါ်သည်ထက် လူကြိုက်ခံ အာဏာပိုင်စနစ်ဟု ဆိုက သင့်မည်လား ပြောပါမည်။ ဒီမိုကရေစီ သူရဲကောင်းကြီးများ၊ အခြေခံဥပဒေ ကို ကာကွယ်မည့် တပ်မှူးကြီးများ၊ ဆိုရှယ်လစ် ဝါဒီကြီးများ အားလုံး၏ ဘုံတူချက်မှာ တော်လှန် စစ်ခင်းနေသည့် အင်အားစုများ ချေမှုန်းရေးနှင့် နောက်လိုက် တသင်းတို့ အခွင့်ထူးခံသည့် အာဏာစက် တည်ထောင်ရေး ဖြစ်ပါသည်။ ထိုထဲက ထူး၍ ဗိုလ်ချုပ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ နေဝင်းက တပင်တပန်း အာဏာယူသည်မှာ အာဏာငတ် သောကြောင့် သက်သက် မဟုတ်တန်ရာ။

နိုင်ငံရေးတွင် စစ်တပ်က လက်နှေးမည် မဟုတ် သည်ကို ၄၈-၄၉ နှစ်တွေ ကထဲက သိခဲ့ပါသည်။ အီဂျစ်၊ ယူဂိုနှင့် တရုတ်ပြည်၊ ဆိုဗီယက် တို့တွင်လည်း ဗိုလ်ချုပ်ကြီးများ၊ မာရှယ်ကြီးများ ဒုတိယ ကမ္ဘာစစ် သူရဲကောင်း တံဆိပ်ချိတ်များ ကြီးမြင့် နေသည်ကိုလည်း သူတို့ သိပါသည်။ အမေရိကန် တွင်ပင် ထရူးမင်းနှင့် မက်အာသာတို့ ကိုရီးယားရေး သဘောကွဲမှု၊ အိုက်ဆင်ဟောင်းဝါး သမ္မတဖြစ်မှု စသည့် စစ်ဘက် ကြယ်တာရာတို့ နက္ခတ်စီးနေသလို သခင်ဟောင်း ဘိလပ်တခို တွင်လည်း လော့ဒ် မောင့်ဘက်တန် အော့ဘားမား စသည့် စစ်သားကြီး များ၏ အရှိန်က သာမန် နန်းရင်းဝန်များ ထက် မြင့်မားပေသည်။ ဘေးချင်း ကပ်ရက်တွင် လည်း ဆီးတိုး ထီးရိပ် အောက်က ဗိုလ်ချုပ်များ၏ အာဏာ ခေတ်က အနှစ် ၃-၄ဝ ငုပ်ချည် ပေါ်ချည် ရှိလှည့်ပါသည်။ ထိုခေတ် အာရှ တကြော ဒီမိုကရေစီ အရပ်ဘက် အာဏာကို တူတူ တန်တန် ပြနိုင် သည်က စစ်တပ်မရှိသည့် ဂျပန်နှင့် ဓနသဟာယ ထဲက ဒိပ်ဒိပ်ကျဲ အိန္ဒိယသာ ဖြစ်ပါသည်။

ပထမ ၂ ခါ အာဏာ ယူစဉ်က ထူးတလည် ကန့်ကွက်အုံကြွမှု မရှိဘဲ ရခဲ့သည့် မြန်မာတပ် အဖို့ အာဏာမှာ နိုင်ငံရေးသမားတွေနှင့် အပြိုင် လှည့်ရသည့် လုပ်ငန်းကြီး ဖြစ်ဟန်တူသည်။ အကြောင်းမှာ အာဏာတွင် စီးပွားရေး ခံကတုပ်ကို တည်ဆောက်မှုက အမြဲရှေ့က နေ၍ ဖြစ်ပါသည်။ ဘီအီးဒီစီ၊ ပြည်သူ့ကော်ပိုရေးရှင်း၊ ဦးပိုင် စသည့်တို့မှာ တပ်၏ ခြေထောက်များ ဖြစ်ပါသည်။ ဘယ်တွက်ကြောင့် အာဏာယူယူ၊ တိုင်းပြည်ငွေကို ကိုယ့်အိတ်ထဲ ထည့်ရသည်က ဒုတိယ၊ တတိယ ကမ္ဘာတို့၏ ဓလေ့ပေလား မသိပါ။ ထိုငွေတွက် အာဏာကို ခိုင်အောင် ချည်ရပြန်ပါသည်။

ဆိုရလျှင် တပ်အာဏာထူသည်ကို မခံနိုင်သည့် နိုင်ငံရေး သမားများ ကလည်း တပ်နှင့်ပင် အာဏာ လုဖို့ ကြံပါသည်။ မည်သူမျှ ပြည်သူ့ အာဏာ ဆိုသည့် လမ်းကို မနင်းကြပါ။ ထိုတွက် ၈၈ ခုနှစ် အရောက်တွင် နိုင်ငံရေးသမား ရှိပီး နိုင်ငံရေး မရှိသော တိုင်းပြည် ဖြစ်ပါရသည်။ စစ်တပ် ဘိစီးမှုကြောင့်ထက် နိုင်ငံရေး ကိုယ်တိုင်က လူကြားက လာသည့် ဒီမိုကရေစီ မဟုတ် သောကြောင့် ဖြစ်ပါသည်။ အထက်က ဦးဆောင် ချီတက် သည့် အလေ့မှာ ဆိုရှယ်လစ် ခေတ်ပြောင်း လောက တွင်ရော၊ သမ္မတကြီး များ၏ ပြုပြင်ပြောင်း ခေတ်တွင်ပါ မရိုးနိုင် စရာပါ။ ထို့ကြောင့် ပါတီစုံချင် ဒီမိုကရေစီ လိုချင် သူများမှာ လိုချင်သည့် အရာကို ရနည်း လည်း မရှိ၊ နိုင်ငံရေး ကလည်း မလုပ်တတ် ကြရကား ဂျာအေး ပတ်ချာရိုက် နေပါတော့သည်။

နှစ်အစိတ် လုံးလုံး စစ်တပ်ကြောင့် ပြောသည်ထက် တိုင်းပြည် ကိုယ်နှိုက်က ကိုယ့်စိတ်သဘောကို ကိုယ်ပြန်ကြည့် သင့်ပါသည်။ ဆန္ဒခပ်သိမ်း ပြည့်ဝစေဖို့က ဘယ်နိုင်ငံရေးတွင်မှ မရှိ။ လူမျိုးကြီး ဘာသာကြီး ဝါဒ ထူထောင်မည့် ပေါ်ပျူလစ် အာဏာပိုင် စနစ် သွားမည်လား၊ ဖက်ဒရယ်နှင့် လူနည်းစုများ အရေးကို မြန်မာထုက သေချာ သိနိုင်သလား၊ ခရိုနီ လက်ကြားက ယိုကျသမျှနှင့် လူလတ်တန်းစား အသစ် မတည်နိုင်လျှင် ပြည်နယ်လေးတွေ ဝယ်နိုင်သည့် မြေရှင်ကြီး စနစ်ကို သွားမည်လား အလှူခံ နိုင်ငံရေးပဲ အာရုံ လာနေသူများ ခေါင်းသုံးဖို့ ကောင်းပါပီ။ အခန့်မသင့်က လွှတ်တော် အတက်အဆင်းနှင့် မင်းတိုင်ပင်ခေတ် ပြန်ရောက်ဖို့ ရှိပါသည်။ ယခုပင် ပါတီ အဖွဲ့အစည်း များ လှုပ်ရှားပုံမှာ မနေ့တနေ့က ၉၆၉ ကို နောက်ကောက်ကျ နေပီဖြစ်ရကား ဝံသာနု ဘူးအသင်းများနှင့် ဖီဆန်ခဲ့ကြသည့်၊ လူလတ်တန်းစား နိုင်ငံရေး ကို စနစ်တကျ ဒီမိုကရေစီ သုံးပီး ထူထောင်ခဲ့သည့် မြန်မာ အသင်းချုပ်ကြီး ခေတ်ကိုမှ မမီနိုင်သေးလျှင် ပဒေသရာဇ်နှင့် မျက်နှာကြီး ဗျူရိုကရက် ခေတ် လောက်ပဲ ရှိမည့် အမျိုး ဘာသာ နိုင်ငံရေး ကိုပဲ လိုက်စားသင့်ပါသည်။



No Responses Yet to “8888”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: