A Forgotten Comrade

24Dec13

ကိုဆောင်းလို့သိကြတဲ့ ဗိုလ်ထိန်ဝင်း ၂ဝ၁၄ မှာ တရာပြည့်မှာပါ။ ကိုဆောင်းဆုံးတာက စစ်ပီးစ အနှစ် ၇ဝ နီးပါပီ။ ၃ ကျိပ်တွေထဲ ဖော်မိုဆာမှာ နောက်တိုက်ပွဲတွေမှာ ကျသွား ဆုံးသွားသူတွေ ရှိပါတယ်။ တောထဲမှာ သတ်ခံရသူလည်း ရှိပါတယ်။ ထိန်ပင်မှာ တော်တော်များများကို စုဝေးဂူလေးတွေ သွင်းထားတယ်လို့လည်း သိရတယ်။ ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကလွဲပီး ဘယ် ၃ကျိပ်ဝင်ကိုမှ လူသူလေးစားစရာ အမှတ်တရ လုပ်မထားနိုင်ကြဘူး ထင်ပါတယ်။ (ပျဉ်းမနား ဗိုလ်တောက်ထိန်၊ လူသတ်ကြမ်းတဲ့အမတ်မင်းကို သူ့မြို့ကဘယ်လိုထားတယ်မသိပီ) ဗိုလ်ချုပ်ကျော်ဇော အရိုးအိုး ကလည်း လောလောဆယ်မှာ ပြန်သယ်လို့ မရသေးပါဘူး။ တပ်က အုပ်ချုပ်တဲ့ တိုင်းပြည်မှာ တပ်ရဲ့ ဘိုးဘေးတွေကို ဒီလိုထားရှိတာက တပ်မှာ လူကိုးကွယ်မှု မရှိဘူးလို့ပြသလား၊ တပ်တွင်း အာဏာသိမ်းပွဲတွေ အကျိုးဆက် အဖေများများ မထားတာလား ဒုတိယဟာပဲ ဖြစ်နိုင်ပါတယ်။

ဗိုလ်ထိန်ဝင်းက အင်္ဂလိပ်ပြေးခါနီးမှာ ဘုရင်ခံရဲ့ ကာကွယ်ရေး အတိုင်ပင်ခံ အပိုကောင်စယ်လာ ဝန်ကြီးဖြစ်တဲ့ ဆာမောင်ကြီးရဲ့ တူပါ။ သူ့အဖေ ကွယ်လွန်သူ ညောင်လေးပင် ဦးလွန်းမောင်ဟာ ၂၁ ဦး မူလအဖွဲ့ဝင် နိုင်ငံရေးအမတ် တယောက်ပါ။ ရွှေကျင်ဇာတိ ဆာမောင်ကြီး တူဟာ ဦးလွန်းမောင်တူ အစ်ကိုဝမ်းကွဲ ရန်ကုန်က ကြီးပွားရေး စာအုပ်တိုက်ပိုင်ရှင်ဆီမှာ နေပီး နောင်ဗကပ ဥက္ကဋ္ဌ ဖြစ်မယ့် သခင်ဇင် (ဆွေမျိုးထဲကပဲ) နဲ့ ခေတ်သစ် သဘင် ထောင်ဖို့ ကြိုးစားသတဲ့။ နောက် ဂျပန်မှာ ရက္ကန်းသင်ရင်း ဆူဇူကီးတို့နဲ့ ဆက်မိပီး ၃ ကျိပ်ထဲ ပါလာတယ်။ ဒါတွေကို သမိုင်း ဦးကျော်ငြိမ်းရေးတဲ့ စာအုပ် ထဲမှာ ပြန်ကြည့်နိုင်ပါတယ်။ ဗြိတိသျှ လက်အောက်က ဝန်ကြီးတူကို ၃ ကျိပ်ထဲ ပါအောင် ခေါ်လာတာကို ကြည့်ရင် စစ်မဖြစ်ခင် ဗမာလက်ျာ နိုင်ငံရေးမှာ ဂျပန် ဘယ်လောက် ထိုးဖောက် ထားတယ် ဆိုတာ မြင်နိုင်ပါတယ်။ ထူးတာက သူဟာ တခြား သခင် ၂ ဂိုဏ်းကပါတဲ့ ၃ ကျိပ်တွေနဲ့ သိပ်ဆက်စပ်မိပုံ မပေါ်တာပါပဲ။ တောက်လျှောက်လည်း ဂျပန် ဝါဒဖြန့်ဌာန တွေမှာပဲ လုပ်ခဲ့ပါတယ်။ ဘန်ကောက်က ဗမာပြည်ထဲ အသံလွှင့်တာ၊ စာရေးဆရာ အသင်းကို သူ့အစ်ကိုတွေက တဆင့် ပြန်စုစည်းမိဖို့ လုပ်တာ၊ နောက် ဂျပန်က ဘုရင့် ဂိုဏ်းသားတွေနဲ့ ပေါင်းမိ တာတွေပါပဲ။ ဒေါက်တာ ဗမော်ကို လုပ်ကြံမှုမှာတော့ သူဘယ်လောက် ဆက်စပ်ခဲ့တယ် မသိရပါဘူး။ ဒေါက်တာကို ဖယ်ပီး ဂျပန်က တင်ဖို့ မှန်းထားတဲ့ တော်ဘုရားကြီး ကိုယ်တိုင်က စိတ်မပါလို့ ဒီအကြံပျက် တာပါပဲ။ မဟုတ်ရင် ဗမာ လက်ဝဲ သမားတွေနဲ့ ဘုရင်ဂိုဏ်း ဘယ်လောက် ပဋိပက္ခဖြစ်ခဲ့မယ် မသိပါဘူး။ ဂျပန်နဲ့ စစ်ပြေးရင်း လမ်းက ဖမ်းထားတဲ့ ဗမာတော်လှန်ရေး သမားတွေကိုတော့ ကယ်နိုင်သလောက် ကယ်သွားတယ်လို့ ဦးကျော်ငြိမ်းက ရေးပါတယ်။

ယိုးဒယား လမ်းပန်း (လကွန်း)မြို့မှာပဲ အဆုတ်နာနဲ့ ဆုံးပါတယ်။ ဂူသင်္ချိုင်း ရယ်လို့ ရှိခဲ့ပုံလည်း မရပါ။ ညောင်လေးပင် အမျိုးများ မှာလည်း သူ့ကိုမီနိုင်သူ ဆိုလို့ ကုန်သွယ်ရေး အတွင်းဝန်ဟောင်း ဗိုလ်သိန်းဟန် ကတော်ပဲ လူကြီးရယ်လို့ ရှိတော့တဲ့ အတွက် ဆွေမျိုးထဲက ဝင်းမော်ဦး၊ လူထု စတဲ့ စာအုပ်တိုက်များနဲ့ စာရေးဆရာ များက သူ့လုပ်ဆောင်မှုတွေကို ရသလောက် စုစည်း ရေးသား ကြဖို့ ကောင်းပီ ထင်ပါတယ်။ ဂျပန်နဲ့ ဆိုင်ရာ ဝါဒဖြန့်ဌာန မှတ်တမ်းတွေကတော့ ဂျပန်လိုတတ်မှ လက်လှမ်းမီမယ် ထင်ပါတယ်။ ဆာမောင်ကြီးဟာ မဟာဆွေ၊ ဦးသိမ်းမောင်စတဲ့ လက်ျာမျိုးချစ် စာသမားတွေရဲ့ အန္တေဝါသိက ဖြစ်တဲ့ အပြင် ရာဇဝင် လူစွမ်းကောင်း ကိုးကွယ်မှုကို အားပေးခဲ့တဲ့ လက်ျာစွန်း ဝင်ရိုးတန်း နိုင်ငံရေး သမားကြီး ဖြစ်တဲ့အတွက် သူ့တူနဲ့ ဘုရင့်ဂိုဏ်း၊ လက်ျာစာပေ တွေနဲ့ မြန်မာ နိုင်ငံရေး၊ စစ်တပ် ဆက်စပ်မှုကို ပြန်ဖော်သင့်ပီ ထင်ပါတယ်။



No Responses Yet to “A Forgotten Comrade”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: