Sangha and Laity

26Dec13

မြန်မာပြည်မှာ သံဃာထုရဲ့ နိုင်ငံရေးသြဇာနဲ့ ပတ်သက်ပီး ပြောဆိုမှု တော်တော်ရှိလာပါတယ်။ အဓိကက မျိုးစောင့်ဥပဒေကိစ္စ၊ ၉၆၉ စသည် ဖြစ်ပါတယ်။ မြန်မာပြည် ခေတ်သစ်နိုင်ငံရေးဟာ ဘာသာရေး အဖွဲ့တွေက အစပြုတာမို့ သံဃာထု သြဇာက အထူးရှိခဲ့ပါတယ်။ ကနေ့ထိလည်း ရှိဆဲလို့ ပြောနိုင်ပါတယ်။ မြို့ပေါ် ပညာတတ် လူလတ်တန်းစားက ဒီသြဇာကို သတိမမူနိုင်ပေမယ့် ကုန်သည်လယ်လုပ် လူထုအများစုမှာ ဘာသာရေး အရှိန်အဝါ ယုံကြည်မှုက အထူး ကြီးမားဆဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရေးမှာ ရှေ့တန်းက နေရာယူထားတဲ့ လှုပ်ရှားသူများ၊ လူမျိုးစု နိုင်ငံရေး အင်အားများထက် အဓိက ဘာသာရေး ခေါင်းဆောင် များရဲ့ နောက်လိုက်နဲ့ ထောက်ခံမှုက ပိုသည် သာသည် မပြောနိုင်ရင် မတိမ်းမယိမ်း ရှိပါမယ်။ အစဉ်အဆက် လည်း နိုင်ငံရေး အင်အားစုများက ဘာသာရေး ထောက်ခံမှု ရဖို့ ကြိုးစားလေ့ ရှိပါတယ်။

မြန်မာပြည် အထက်လွှာ နိုင်ငံရေးမှာ ဘုရင် မရှိတဲ့နောက် အရေးပါတဲ့ ခေတ်ဟောင်း မှူးမတ်လူတန်းစား အရှိန်အဝါကျသွားပီး ပေါ်လာတဲ့ ပညာတတ် လူတန်းစား အားယူစ ပြုချိန်မှာပဲ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အတူ ဘာသာရေး လေ့လာမှု တိုးပွား လာချိန် ကလည်း တိုက်ဆိုင် နေပါတယ်။ မြန်မာ တွေရဲ့ အမျိုးသားရေး စိတ်ကို ရှာဖွေ တည်ထောင်ချိန် ဖြစ်တဲ့ အတွက် ရှိရင်းစွဲ ဘာသာရေး ယုံကြည်မှု၊ ပဒေသရာဇ် အချုပ်အခြာ ပိုင်စိုးမှုကို ပြန်လည် မျှော်လင့်တာ၊ ခေတ်သစ် နိုင်ငံရေး စနစ်တွေ ထူထောင်ချင်တာ အားလုံး ယှက်သန်းနေတာပါ။ ဒီအချိန်မှာ ထူထောင်တဲ့ အဖွဲ့အစည်း ခေတ်ပညာတတ်တွေ ခံယူချက်က လူများစု ဘာသာကို သခင် ဘာသာ ပြန်လည် ထူထောင်မှု၊ ဘာသာရေးနဲ့ အာဏာပိုင် အဖွဲ့အစည်း ဆက်စပ် သြဇာထူတဲ့ တိုင်းရင်းသား အုပ်ချုပ်ရေး ပေါ်ပေါက်ဖို့က အဓိက ဖြစ်လာပါတယ်။

မြန်မာ နိုင်ငံရေးကို အထူး နိုးကြားစေတဲ့ ဦးဥတ္တမ အစ ခေတ်အဆက်ဆက် သံဃာ့ သမဂ္ဂီ၊ ရဟန်းပျို အဖွဲ့ အဆင့်ဆင့်နဲ့ နိုင်ငံရေး အဖွဲ့အစည်းများ အာဏာပိုင်များ ဆက်ဆံရေး ကလည်း မြန်မာပြည် နိုင်ငံရေးမှာ အထူးတခြား ရှိပါတယ်။ သံဃာ နိုင်ငံရေးကို တိတိကျကျ ဆန့်ကျင် တာကတော့ အသစ်ဖွဲ့စည်းတဲ့ မြန်မာ စစ်တပ် ခေါင်းဆောင် လက်ဝဲသမားတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဦးအောင်ဆန်းနဲ့ ဦးနေဝင်းတို့ လိုလားတဲ့ ဘာသာရေး သြဇာမခံတဲ့ နိုင်ငံရေး စနစ်ဟာ သခင် ကိုယ်တော်မှိုင်း၊ သခင်နုစတဲ့ သူတို့ရောင်းရင်း နိုင်ငံရေး သမားတွေ ခြေလှမ်းတွေနဲ့ ကွာလှမ်းပါတယ်။ သခင်နုခေတ် နိုင်ငံရေးမှာ လက်ဝဲသြဇာ ကျဆင်းရေး အတွက် ဘာသာရေး လှုပ်ရှားမှုတွေ ဖော်ဆောင် တာဟာ သံဃာ့သြဇာကို တခေတ် ဆန်းတာ ဖြစ်သလို ပဒေသရာဇ်ပုံစံ ဘာသာရေးနဲ့ အာဏာပိုင် ဆက်ဆံရေးကို ပြန်လည် အခြေစိုက်တာ လည်း ဖြစ်ပါတယ်။ ဒီဘာသာရေး လှုံ့ဆော်မှု တွေကို ၁၉၅၈ လက်ဝဲ ဆန့်ကျင်ရေး စစ်အုပ်ချုပ်ရေး ကာလမှာ အထူး အားပေးခဲ့ပေမယ့် ၁၉၆၂ မှာ ဘာသာရေး လူမျိုးစုရေး ကိစ္စတွေ ထိန်းချုပ် လိုတဲ့ စစ်အာဏာပိုင် စနစ်က နိုင်ငံတော် ဘာသာနဲ့ တခြား အစိုးရ အထောက် အပံ့ခံ ဘာသာရေး လှုပ်ရှားမှုတွေကို ပြည်ဖုံးကား ချမတတ် လျှော့ချလိုက်လို့ ၁၉၆၅ သံဃာ အရေးအခင်းစတဲ့ သံဃာ-အစိုးရ ဆက်ဆံရေး ပျက်ပြားမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်တပ် လက်ဝဲ စနစ်ကို ဓမ္မန္တရာယ် ကွန်မြူနစ် အဖြစ် သံဃာဘက်က စွပ်စွဲသလို သံဃာ့ အဖွဲ့အစည်းတွေ ကိုလည်း အကျင့် ပျက်ပြားနေတဲ့ အနောက် သြဇာခံ နိုင်ငံရေး စက်ပုန်း ခုတ်မှုတွေလို့ စစ်အစိုးရက ယူဆခဲ့ပါတယ်။

သံဃာ့မဟာနာယက ထူထောင်ထိန်းချုပ်ပီးနောက်မှသာ သံဃာကြီးများနဲ့ အစိုးရ ဆက်ဆံရေး ပြန်လည် အခြေခိုင် လာပါတယ်။ ၁၉၈၈ နောက်ပိုင်း သံဃာ ကံဆောင်မှုများ ကြောင့် ပြန်လည် ပျက်ပြားခဲ့တဲ့ ဆက်ဆံရေး ကတော့ ဘာသာရေး အဓိကရုဏ်းများ ပေါ်ပီးနောက် အတိုက်အခံ-သံဃာ-အစိုးရ တြိဂံ အနေအထား တခု ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ သံဃာများ ဘက်က နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေး သြဇာကို ပြန်လည် ထူထောင်လို သလိုပဲ တချို့သော နိုင်ငံရေး အစိတ်အပိုင်းတွေ ကလည်း သံဃာအရှိန်နဲ့ နိုင်ငံရေး မဲဆွယ်မှုမျိုး လုပ်လိုတဲ့ ခြေလှမ်းတွေ မြင်ရပါတယ်။ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အီဂျစ် စတဲ့ ဘာသာရေး သြဇာကြီးတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲ နိုင်ငံရေး မျိုး ပေါ်ပေါက် လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။



No Responses Yet to “Sangha and Laity”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: