မှာတော်ပုံ

10Jan14

kyatkho

မောင်ကျပ်ခိုးကို လူ့လောကတွင် အကောင်အထည်နှင့် တွေ့သိဖူးသည် မဟုတ်ပါ။ အင်တာနက်ခေါ် တက်ခေတ်ရုပ်သံ စက်ခလုပ်များမှ သိကျွမ်းရသည် ဖြစ်ရကား ကျပ်ခိုးစာရေးကောင်းသည်မှ လွဲ၍ တိတိပပ သိနိုင်သည်မဟုတ်။ ကျပ်ခိုးကို ကြားလူတယောက်ဆီမှ သိလာရပီးနောက် သူ့စာဆိုသည်တွေကို ပေးဖတ်ပါသည်။ မှန်တာပြောရလျှင် အသိစာဖတ်ရတာ လောကမှာ ဝန်ကြီးလှသောအလုပ်ဟု မြင်ပါသည်။ ကောင်းပီကောင်းရဲ့ ပြောလွှတ်လိုက်ရုံနှင့် အတော်များများက ဇာတ်လမ်းက ပြတ်သည်မဟုတ်ပါ။ သို့သော် ကျပ်ခိုးစာ စဖတ်ရသည်နှင့် ဤသူကား နှယ့်နှယ်မဟုတ်ဟု သိလိုက်ပါသည်။

ကျပ်ခိုးလေ ကျပ်ခိုးအသုံးတို့က သူတို့ခေတ် သူတို့အရွယ် စာသမားတွေ သုံးတတ်သည့် လေပေါက်တွေမဟုတ်ဘဲ ဆရာမောင်ထင်တို့ ခေတ်က လူကြီးတွေ၏ အာဝဇ္ဇန်းမျိုး ဖြစ်နေပါသည်။ ကျပ်ခိုးရေးတာမှ ဟုတ်ကဲ့လား၊ လူကြီးတယောက်ယောက်များ နောက်ကရေးနေတာလားလို့လည်း ဒွိဟပွားစရာမရှိပြန်။ အကြောင်းက သူကြုံတွေ့ရသော လောကပြတင်းက မြင်ကွင်းစုံကို စာဖတ်နာသူ တယောက်၏ စာနာစိတ်နှင့် ဖွဲ့သည်ဟုသာ မြင်ပါသည်။ သူ့စာ အသစ် ဖတ်ရတိုင်း ခေတ်တိမ်စပြုနေသော ဘဝသရုပ်ဖော်ခေါ် စာပေတမျိုး၏ အနာဂတ်အတွက် အားတက်ရပါသည်။ ခေတ်ပေါ်ရေးနည်းသစ်တွေ ဆန်းပြားနေချိန်တွင် တိုင်းပြည်လူထုဘဝက ကပ္ပလာက အခြားနိမ်းဆိုသလို ထူးခြားပြောင်းလဲမလာသေးရကား လူအများစုဘဝ ပြေလည်တိုးတက်ဖို့က သူတို့ဘဝတွေကို စာဖတ်သူတွေ ရှေ့မှောက်ဆွဲခေါ်ပြပေးဖို့ လိုနေသေးသည်ဟုသာ နားလည်မိပါသည်။ ဒါမှသာ ဆင်းရဲသားပပျောက်ရေး သွေးပူလေ့ကျင့်ခန်း အရှိန်မပြတ် ဒရစပ်ကြီး လည်နိုင်ပတ်နိုင် ပေမည် မဟုတ်ပါလား။ သို့အတွက် ဆန်းညွန့်ကွန့်ထွင် ရေးလိုရာရေးကြသော်လည်း ခေတ်သရုပ်ခေတ်ဘဝကိုတော့ မမေ့ကြသင့်သေးဟုသာ တောင်းပန်ပရစေ။

သို့သော် ကျပ်ခိုးသည် ဝမ်းစာကုန်က ဆီခမ်းမည့် သာမန်လူတန်းစားဖွဲ့ စာသမားလောဟု သိလိုကြပေလိမ့်မည်။ ကျပ်ခိုးမှာ စာရေးဘို့ ပါရမီမျက်စိက ပါလာသည်ဟု သူ့စာအရေး အတွေးကို ထောက်၍ သိနိုင်ကြပါသည်။ စာပေပညာသုတကို အစဉ်စိုက်လိုက် လိုက်စားမှုလည်းရှိသည်ဟု သူ့ဗဟုသုတကို ထောက်ဆ၍ သိရပါသည်။ ထို့ကြောင့် ကျပ်ခိုးအတွက် လှဝင်းရီတွေ ကဲလားလေးတွေထက် ဆန်းသော ဇာတ်နာသော ဘဝတွေ နောက်ထပ်ထုတ်ပြစရာ ရှိပါအုံးမည်။ သို့သော် ထိုထိုဇာတ်တွေ ဘဝတွေထက် လူ့ဘောင်လောကတွင် မိုးလိုက်လို့ရွာမဆုံးသည့် ဘဝထိုထိုကို စာနာစိတ်၊ ခွင့်လွှတ်အကောင်းမြင်စိတ်နှင့် ကြည့်သည့် စိတ်အမြင်ကသာ ကျပ်ခိုးကို ဒိထက်မြင့်အောင် တိုးဆင့်ပေးလိမ့်မည်ဟု ယူဆပါသည်။

ဘိုဘိုလန်းစင်

ဗိလပ်ပြည်