Mandalay Fire

11Feb14

Mdy

အနှစ် ၃ဝ ပဲ ရှိပါသေးတယ်။ နောက်လူတွေကတော့ အရင်ကပုံရိပ်တွေကို ဆဝါးလို့ ကြည့်နိုင်ကြ ပါအုံးမလား။ ကျနော်တို့ အညာမှာ မန္တလေးဆိုတာ ပူတာ အိုက်တာ မှန်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ အင်မတန် စုစုရုံးရုံး ရှိကြတဲ့ မြို့ကြီးပါ။ ရာသီလိုက် ပွဲတွေက လည်းများ၊ လူတွေ စီးပွားရေး ကလည်း မှောင်ခိုခေတ်မှာ တော်တော် စည်စည်ကားကား ရှိခဲ့တော့ အဲဒိကိစ္စကြီးသာ မဖြစ်ခဲ့ရင် မြို့ဟာ တရုတ်တွေ ရောက်လာလည်း မြို့ခံတွေနဲ့ စီးပွားရေး လူမှုရေးမှာ ကွာဟမှု ကြီးပါ့မလား စဉ်းစားမိတယ်။

အဲဒိအဖြစ်တွေ အားလုံး လက်သည် ကတော့ ပူပြင်းတဲ့ဥတု၊ ဆင်းရဲတဲ့ ရပ်ကွက် တွေမှာ လောင်တတ်တဲ့ မီးတွေနဲ့ မြို့လယ်က လူဆင်းရဲတွေ နေတဲ့ ဝင်းတွေထဲမှာ မီးသတ်ကား ဝင်ရခက်တာပါပဲ။ အဲဒါတွေ မဖြစ်ခင် ၃ နှစ်လောက်က မြို့မြောက်ပိုင်းမှာ မီးကြီး ၂ ခါလောက် လောင်ပီးပါပီ။ မန္တလေး ရုပ်ရှင်ခြံနဲ့ ဘဝသံသရာ လို ရုပ်ရှင်ကားတွေ၊ မြို့မအသင်းရုံးတွေ ပါသွားခဲ့ပါပီ။ ဒါပေမဲ့ မဆလခေတ် အစိုးရ ဘက်ဂျက်မှာ ဒီလိုမီးတွေကို ကာကွယ်ဖို့ အစီအမံ များများ ရှိပုံမရပါ။ အဲဒိနှစ်ပိုင်းတွေမှာ မော်လိုက်၊ တောင်တွင်းကြီး စတဲ့ အရပ်တွေမှာ မီးကြီးတွေ လောင်တာဟာ နဝတခေတ် မိတ္ထီလာမီးထိပါပဲ ။ ဒါလည်း ကာကွယ်ရေး စရိတ် သူပုန် ချေမှုန်းရေးက ပိုအရေးကြီးတယ် ထင်ပါရဲ့။

မတ်လ ၂၄ ရက် စနေရုပ်ရှင် ကြည့်နေကြချိန်ပါ။ ကွယ်လွန်သူ အဖိုးအတွက် ဂျပန်က စာမူခ ပေးတဲ့ ရုပ်သံ ဖမ်းစက်လေးနဲ့ ကြည့်နေကြတဲ့ မိသားစုတွေ အိမ်တောင်ဘက် ဆီက မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရ၊ လူတွေလည်း လမ်းပေါ်မှာ ပွက်လောရိုက် နေကြတာပေါ့လေ။ မကြာပါဘူး။ သယ်နိုင်သမျှ ကားလေးပေါ်တင်ပီး မိသားစုတွေ ပြေးကြရတယ်။ မီးက အိမ်နား ၃ ပြလောက်က စတာကိုး။ ဓာတ်ဆီ လှောင်တဲ့ဝင်း ထဲကစတာ ဆိုတော့ အားလုံး ဒုက္ခရောက်ဖို့ပေါ့။

အဖွားက သူတို့ သမီးရည်းစား ဘဝရေးကြတဲ့ စာလေးတွေ ဂျပ်ပုံးလိုက် ဘုန်းကြီးကျောင်း သယ်သွားတယ်။ နောက်အဖိုးပုံတူ ပန်းချီကားသစ်ကြီး။ ဦးလေးတွေက နံဘေးအိမ်ကမီး ကူးမလာအောင် ပက်နေကြတယ်။ ရေကုန်တော့ မြောင်းထဲက ရေနဲ့ပေါ့။ ပက်နိုင်လွန်း လို့သာ ပါမသွားတာပဲ။ အိမ်မပါတော့ တောက်လျှောက် ဈေးချိုထိ တိုက်တော်တော် များများ လွတ်သွားတယ်။

ဝင်းတွေထဲကတော့ ကားတွေ ဝင်မရ ပြုမရနဲ့ မလွယ်ပါဘူး။ မြို့ရဲ့ ဖွဲ့စည်းပုံ ပဒေသရာဇ် အခံ တရုတ်ပုံစံ ဝင်းကြီးတွေ အလယ်က မှူးမတ်အိမ်တွေ ခေတ်ကုန်တော့ ဆင်းရဲသားတွေ ဆောက်ချင် သလို ပတ်ချာလှည့် ဆောက်တဲ့ ခေတ်ရောက်ပီး မီးစာ ဖြစ်ကုန် တာပေါ့။ ဒါနဲ့ ဝင်းထဲက ပုံနှိပ်စက်တွေ စာအုပ်တွေ ပါသွားတယ်။ မီးဟာ မြို့လယ်က အရှေ့အနောက် ၄-၅ ပြ၊ တောင်-မြောက် အားဖြင့် ၉ ပြ ပတ်လည် အကွက် တွေကို လောင်မြိုက် သွားတဲ့ အတွက် မြို့လယ် အရောင်းအဝယ် ရပ်ကွက်ကြီး ဟာ ၈၄ လမ်း အနောက်မှာပဲ ကျန်ပါတော့တယ်။ အင်္ဂလိပ် လက်ကျန် အုတ်ဈေးချိုတော် ဟာလည်း အရှေ့ဘက် တိုက်တန်း တချို့ အဖျားသင့်တယ် လို့ပဲ မှတ်မိတယ်။ နဝတခေတ် မှာတော့ အားလုံး ပျက်တာပါပဲ။ သပိတ် အားပေးတဲ့ ဈေးချို မြန်မာ စီးပွားရေး ချက်မကို ဖြိုလှဲခဲ့တာပါပဲ။

၈၄ မီးကြီးဟာလည်း ဗမာလူကြီး တချို့ စိတ်ထဲမှာ စည်းလုံးတဲ့ မြို့ရဲ့ စိတ်ဓာတ်ကို အားယုတ်အောင် မဆလ ကြံတဲ့မီး၊ သေချာ မငြှိမ်းတဲ့ မီးလို့တောင် ထင်ကြတယ်။ ၂ဝဝ၇ နောက်ပိုင်း ဈေးတချို့ မီးလောင်တော့ကို အဲဒိတွက်ကိန်း ဟုတ်သလို ထင်မိတယ်။ တကယ်က မြို့တွေမှာ မီးသတ်နဲ့ အရေးပေါ် လုံခြုံရေး သိပ်လျော့ရဲတာပါ။ အဲဒိညက နီရဲနေတဲ့ ကောင်းကင်ကြီး ကို ကြည့်ပီး အနောက်ပြင် က အိမ်တလုံး ပေါ်ကနေ မိုးလင်းခဲ့တာ၊ မနက်လင်းလို့ အဖွားအိမ်ဘက် ထွက်ကြည့်ကြ တဲ့အခါ အိမ်က ကျန်ရစ်ပီး တောင်ဘက် လမ်းခြားတဲ့ ဆီက အပြမှာ အကုန်လိုလို ပါသွားတာတွေ သတိရ ပါတယ်။ အထူးသဖြင့် ကိုယ့်ကို ထိန်းကျောင်း လာတဲ့ ရေချို ကုန်သည်တွေအိမ် ပါသွားတာ၊ တိုက်သစ် ပြန်ဆောက် ရတာတွေ မှတ်မိနေပါတယ်။

မီးလောင်စဉ်က ပါသွားတဲ့ ထဲက မန္တလေး ရုက္ခစိုး အဖြစ် ဂျာနယ်ကျော် မမလေး ချီးကျူးစာတင်ခဲ့တဲ့ မြန်မာ့အလင်း သတင်းထောက်ဟောင်း ဦးကိုကိုလတ်(ကွယ်လွန်) ပိုင်ဆိုင်သမျှ ရှေးပစ္စည်း စာစုတွေ မီးသင့် တာလည်း အထူး ဝမ်းနည်းစရာပါ။ မီးစလောင်စဉ်က ဒီထိ ရောက်မယ်မထင်လို့ ဘာမှ မသယ်နိုင်ဘူး၊ သူများတွေ အယောင်ယောင် အမှားမှားနဲ့ ရေနွေးကရား မပြေးလာတာ ကြည့်ရီနေတာ ကိုယ့်ဆီ မီးက ခဏမကြာရောက် လာတာလို့ ၂၆ ဘီလမ်း ကျုံးနားက ဦးကိုကိုလတ် သမီး အထပြ ဆရာမဟောင်း ပြောတာ မှတ်မိပါတယ်။ အဲဒိမှာ သူတို့ ရှိသေးလား လည်း မသိပါ။ မန္တလေးက အင်္ဂလိပ်အသိမ်း တခါ၊ အထွက်နဲ့ ပြန်အဝင်မှာ တခါ မီးဘေး စစ်ဘေးတွေ ဆိုးဆိုးရွားရွား သင့်ပီး ရှေးဟောင်း ယဉ်ကျေးမှု ပြစရာ မကျန်ရစ်တဲ့ ထဲမှာ ဒီလို မီးထပ်သင့်တော့ လိပ်ကို ပက်လက်လှန်ရုံမက ရေနွေးအိုးထဲ ထည့်ပြုတ်သလို ပါပဲ။

မီးပြေးခဲ့ရတဲ့ ဝင်းလိုက် ရုပ်ရှင်ရုံ ပိုင်ရှင်ဟောင်းတွေထဲက ဦးစိန်ဝင်း ဇနီး ဒေါ်ယဉ်ယဉ် (အမ္မာပန်းရည်)တို့ အတွေ့အကြုံကို အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတာ ရန်ကုန် ဗြိတိသျှကောင်စီက တဆင့် အင်္ဂလန်မှာ ရောက်ရှိနေတာ ကိုလည်း ရရှိထားပါတယ်။ ခင်ပွန်းမမာတဲ့ ကြားက မီးခံသေတ္တာ သော့ပျက်နေတာ ဖွင့်မရလို့ ထားပီး ပြေးကြရပုံ၊အဝတ်အစားတောင် ဝတ်စရာ မကျန်တော့လို့ အမရပူရ မြို့က မိတ်ဆွေတွေက ချက်ချင်း ရက္ကန်းစင်က ယူလာကြပုံ၊ ဆွမ်းခံကြွ လှူဒါန်းနေကျ ဖြစ်တဲ့ သံဃာတော် များက တိုက်ဟောင်းက ပြာတွေကို အိတ်တွေနဲ့ထည့် ၊ လှည်းတွေပေါ် တင်လာပီး ပြန်စစ်ချကာ ရွှေနဲ့ လက်ဝတ်လက်စား တွေ ရေဖျော်ရှာကြပုံ၊ စိန်တွေ မီးသွေးဖြစ်ပီး ရွှေတွေ ပြန်ရပုံ စတဲ့ စိတ်ဝင်စားစရာ တွေ ပါပါတယ်။

ဒီမီးနဲ့ ပတ်သက်ပီး နတ်မောက် ထွန်းရှိန်က စာတအုပ် ထုတ်ဖူးပါတယ်။ အချက်အလက် အတော်ပါပါတယ်။ ဒီမီးတွင်း မြို့လယ်က စာကြည့်တိုက်တွေ ကျောင်းတွေ စတဲ့ တိုက်တာ အိုးအိမ်တွေ ထောင်ချီ ပါသွားတာဟာ မြသန်းတင့် မှတ်မိတဲ့ စစ်ပီးစ မန္တလေး လိုပါပဲတဲ့။ အဲဒိချိန်က ဈေးချိုက ကြည့်ရင် မြို့ရှေ့က ဗုံးသင့် ဘူတာကြီးကို အရိုးပြိုင်းပြိုင်းနဲ့ မြင်ရတယ်။ ကျုံးကိုလည်း အဆီးအတား မရှိ တွေ့နေရတယ်။ ဒါပေမဲ့ မန္တလေးဟာ မသေတဲ့ မီးငှက်လိုပဲ ပြန်ရုန်းထ နေကျပါလို့ သူပြောခဲ့သလိုပဲ မီးမတိုင်ခင်ကထက် များစွာ စည်ကား ကြီးမား လာပါတယ်။ သို့သော် မြို့ခံ အင်အားနဲ့တော့ မဟုတ်တော့ဘူး။ အရှေ့မြောက်က ထပ်ရောက်လာတဲ့ တရုတ် နွယ်ဘွားတွေ အင်အားနဲ့ မြို့က ပြန်တက် လာတာ ဆိုတော့ လူဟောင်းတွေ နေရာပြောင်းကုန် ပါတယ်။ လူသစ် လူဟောင်း တင်းမာမှု ကလည်း ရှိလာတယ်။ ငွေနဲ့ပေါက်ဝယ်တယ်၊ စပါးကြီးမြွေလို စတဲ့ သဘောထားတွေ ရှိလာတယ်။ ဆိုရှယ် အင်တီဂရေရှင်းခေါ် လူမှုအဖွဲ့အစည်း တွေ ပေါင်းစည်းနိုင်မှုက ဒီတိုင်းပြည်မှာ သိပ်နည်းပါတယ်။ လူတွေဟာ ကိုယ့်မူတွေ ကိုယ်ဆုပ်ကိုင်ရင်း အစွန်းချည်း ရောက်သွားကြတာပါ။ ဒီတော့ ဝသုန္ဒြရေ လက်ရေးလို အရေးအသား တွေ ထွက်လာတယ်။ ဒါတွေနဲ့ စပ်လျဉ်းပီး တရုတ်လူမျိုး အပေါ်ရေးတဲ့ စာပေမျိုး စာတမ်းလုပ်ရင် ကောင်းမယ်လို့ ဆရာ ဦးသော်ကောင်း ပြောဖူးပါတယ်။ ခုခေတ်မှာတော့ ပုဂ္ဂလိက သတင်းစာတွေက တရုတ် ဆန့်ကျင်ရေး ကာတွန်းတွေ စုရင်ကို အများကြီး ရပါမှာ။ ဒီကမ်ပိန်းတွေ နောက်က ဘယ်သူတွေ ရှိလေသည်တော့ မသိပါ။

ွှသိကျွမ်းရင်းစွဲရှိတဲ့ ရပ်ဆွေရပ်မျိုးတွေ တဖြည်းဖြည်း အနေဝေးကုန်တာ၊ မြို့ရဲ့ အစဉ်အလာ ပွဲလမ်းသဘင်တွေ ပုံစံ ပြောင်းကုန်တာ ဒါတွေကတော့ ပြန်ရဖို့ မလွယ်တော့ပါဘူး။ ဗုဒ္ဓဘာသာ အလိုအရ ဘာမှ မတည်မြဲဘူးပေါ့။ မြို့ ၁၅ဝ ပြည့်တုန်းက အင်္ဂလန်ရောက် မန္တလေး သားကြီး တယောက်ကို မေးမြန်းထားတာ နားထောင်ရတာ ဟိုတုန်းက မန္တလေးသားတွေ ပြောတဲ့ ယဉ်ကျေးသမှု လေယူလေသိမ်း နဲ့ သူတို့ခေတ် ပျော်စရာ ကောင်းပုံ ရပ်ရွာထဲမှာ ဆွေမျိုးလို ကြည့်ရှုကြပုံ တွေကို စားမြုံ့ပြန် ထားပါတယ်။ ရပ်ရွာ အစွဲအလမ်း မရှိရင် မြို့တွေဟာ လူမျိုး ၁ဝ၁ ပါး တွယ်ရာမဲ့ စုဝေးနေတဲ့ ပျံကျ မြို့ကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ပေကျင်းဟာ ဟောင်ကောင် ဖြစ်ဖို့တော့ မကောင်းဘူးပေါ့။



No Responses Yet to “Mandalay Fire”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: