Mandalay Artists

25May14
Mandalay Artists

Mandalay Artists

မမြရင်အသံသည် ပီလည်းပီ၏၊ ကြည်လည်းကြည်၏။ မြည်လည်းမြည်၏ ဆိုတဲ့စာသားတွေ ကျောင်းသင်ရိုးမှာ ဖတ်ရတုန်းက ဒီစာအုပ်ကမှန်း စာရေးသူ မြေးတွေ မသိခဲ့ကြဘူး။…..

ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ရွှေရတု ချိန်တိုင်တော့ မြန်မာပညာရှိ ရွှေပြည် ဦးဘတင်သား ဦးဝင်းဖေ ဘီဘီစီ မြန်မာပိုင်းမှာ ပြောခဲ့တဲ့ စကားတခွန်း သတိရ ပါတယ်။ မြန်မာတွေဟာ တိုင်းပြည် စီးပွားရေး လျှောကျ လာပီးနောက် ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ပြောရ ဂုဏ်ယူရမှာ ရှက်ပီး မြန်မာယဉ်ကျေးမှု ဂီတ ဆိုတာတွေ မက်မက်စက်စက် မရှိတော့ကြောင်း အလားတူစကား ထုတ်လွှင့်သွားတာပါ။ မန္တလေး မင်းမျိုးစိုးမျိုး မကင်းသူ ထဲက ပြောတာကတော့ ထိုင်းမှာ နန်းဆက် မပျက်တော့ ဝတ်ပုံစားပုံ တီးမှုတ်ပုံ ကစလို့ အတော် စနစ်တကျ ကျန်တယ်လို့ ဆိုပါတယ်။ မြန်မာ ကတော့ ကျန်ကောင်းကျန်ရာ စနစ်မကျပါတဲ့။ ပဒေသရာဇ်မူကို ဖက်ထားတာ မဟုတ်ဘဲ လူတမျိုးရဲ့ သရုပ်၊ မတူကွဲပြားမှုကို ထိန်းသိမ်း ဖော်ထုတ်ပီး အစဉ်အလာကို လက်ဆင့် ကမ်းကြရင် ယဉ်ကျေးမှု မူသစ်ထွင်ရာမှာ အပုံကြီး အကျိုးပြု ပါလိမ့်မယ်။

ဒီစာအုပ်ဟာ သဘင်သမိုင်း အတွက်၊ ယဉ်ကျေးမှု စစ်မျက်နှာနဲ့ နိုင်ငံရေး သုံးသပ်ချက် အတွက် အရာရောက်ပုံကို တော်တော် ပြောခဲ့ကြပါပီ။ သဘင် လူတန်းစားကို ခေတ်ဟောင်း လူ့အဖွဲ့အစည်းအမြင်နဲ့ ခွဲခြားမှု ပျောက်ရေးနဲ့ အတူ အရင်းရှင် စီးပွားရေးအောက်မှာ အရင်းမဲ့ အနုပညာ လူတန်းစား ဘဝ မရေရာမှုကို ဖော်ထုတ်တာဟာ စစ်အေးခေတ် ဝါဒတိုက်ပွဲ ရိုက်ခတ်မှုကို ပြနေတာတွေပါ။ မြို့မငြိမ်းနဲ့ နန်းတော်ရှေ့ ဆရာတင်၊ မမြရင် စတဲ့ အကျော်အမော်တွေ ဘဝနိဂုံး မလှမှေးမှိန်တာဟာ အရင်းရှင် ဖိနှိပ်မှုလား၊ ခေတ်အခြေ စစ်အနေတွေကြောင့်လား ဒါတွေက လွတ်လပ်စ နိုင်ငံတွေက ဘဝမုန်တိုင်းတွေပါပဲ။ ခမာနီခေတ်က ဂီတ သဘင်တွေ ဖိနှိပ်ခံရချိန်မှာ နန်းတွင်း ဇာတ်ဆရာတွေ သေကျေ ဘဝပျက်ကြ၊ နာမည်ကြီး ခေတ်ပေါ် အဆိုတော် တယောက် လမ်းပေါ်မှာ ပစ်သတ်ခံရ ဒါတွေဟာ မုန်တိုင်းထဲက ခေတ် စနစ်နဲ့ အဖြစ်တွေပါ။

စစ်အေးခေတ်မှာ အနောက်အုပ်စုက ခေတ်ပေါ် အဆိုအက ရုပ်ရှင်စာပေ ပန်းချီ စတဲ့ ယဉ်ကျေးမှု ထိုးဖောက်အားက တတိယ ကမ္ဘာ နိုင်ငံတွေမှာ ကိုလိုနီခေတ်ကထက် မလျော့တဲ့နှုန်းနဲ့ ဝင်လာတာပါ။ အမျိုးသား နိုင်ငံထူထောင်စ ကိုလိုနီ ဆန့်ကျင်ရေး ပညာတတ်တွေ ကြီးစိုးတဲ့ ဒီနိုင်ငံတွေက ယဉ်ကျေးမှု စီးပွားရေး နိုင်ငံရေး မတည်ငြိမ် ကျဆင်းမှုတွေက ဒီထိုးဖောက်မှုတွေ အားကောင်းစေတဲ့ အချက်တွေပါ။ စစ်အေးရဲ့ ယဉ်ကျေးမှု စစ်မျက်နှာ အကြောင်း တခြား တိုင်းပြည်တွေမှာ တော်တော် ရေးကြပါပီ။ ဗမာပြည်က အနှစ် ၃-၄ဝ တံခါးပိတ် သွားတော့ ဒီထိုးဖောက်မှုက တနည်း တန့်နေသလို၊ နောက်တဘက်က ကြည့်တော့ ယဉ်ကျေးမှု အကူးအသန်း မရှိဘဲ အဟောင်းတွေ အိုင်၊ အသစ် ဝင်သမျှလေးကို မက်မက်စက်စက် ဆွဲသွင်း ဆိုတဲ့ အလွန်အကျွံတွေ ဖြစ်ခဲ့တဲ့ ကာလလို့ ပြောလို့ရပါတယ်။ ဒီအချိန်တွေမှာ ယဉ်ကျေးမှု ကာကွယ်ရေး ဘက်က ရေးသူ အများဟာ ရှေးရိုးစွဲ ပြည်ပ ဆန့်ကျင်ရေးစိတ် ရှိသလောက် ရှိကြ တာတွေကို တွေ့ရပါမယ်။ အမျှတဆုံး အမြင်ပြရင် မကြာခင်က အနိစ္စရောက်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ခြေမှာစကား လက်ဖျားကဗျာ စာအုပ်ဟာ သဘင် ခရီးသွားမှတ်တမ်းအပြင် သဘင်ပြုပြင် ဆန်းသစ်ရေး အတွက် ကနေ့ထိ အသုံးကျတဲ့ စာအုပ်ပါ။

ဒေါ်အမာဟာ သတင်းစာ အတတ်နဲ့ ဒီသဘင်စာအုပ်တွေ ပြုစုသွားခဲ့တာကို သူကိုယ်တိုင်လဲ ဝန်ခံပါတယ်။ သူတို့ သတင်းစာကို အများက နှစ်လိုတဲ့အတွက် ဒီမိတ်အားနဲ့ ဒီစာအုပ်တွေ ပြုတယ်လို့ ဆိုပါတယ်။ မီဒီယာ သတင်းလောကနဲ့ အများပြည်သူ အလယ် နေသူတွေ မိမိသန်ရာကို စာတစောင် ပေတအုပ် ပြုချင်ကြရင် ရှေးလူတွေ ထားတဲ့ နမူနာ ပြန်ကြည့်သင့်ပါတယ်။ ဒီစာအုပ်တွေ ထူးခြားမှုက အောက်ခြေ ပရိသတ်အမြင်၊ သဘင်သမားတွေ အမှတ်တရ စကားတွေကို သူတို့ အသံ အတိုင်း မှတ်တမ်း တင်ပေးတာပါ။ သတင်းစာ ပညာနဲ့ ဒီအကြောင်းတွေကို ယက်ဖောက် သီချိတ်ပီး စာရုပ်ထွက်အောင် ရေးတာက ကျွမ်းကျင်သော စာလက်သမားရဲ့ အတတ်ပါ။ ခေတ်ကောင်းခဲ့ရင် ဒီအဆိုတွေ အသံတွေပါ တိတ်ပြား ဓာတ်သားမှာ ထိန်းထားခဲ့ရမှာ ဖြစ်ပါတယ်။ တချို့ကျန်ကောင်း ကျန်နိုင်ပါတယ်။

ဒီစာအုပ်တွေမှာ မန္တလေး ဝန်းကျင် သဘင် ပညာသည်တွေက တခြားအရပ်တွေထက် ပိုများတာဟာ သဘင်ရဲ့ အခြေအမြစ် မြို့ရွာဖြစ်တာအပြင် စာပြုသူရဲ့ စွဲလမ်းမှုလဲ ပါပါမယ်။ သိကြတဲ့အတိုင်း မန္တလေးက ခွဲဖြာသွားတဲ့ ရန်ကုန် သဘင်ဂီတသမားများဟာ မိခင်ရပ်ရွာနဲ့ တန်းတူကြောင်း ပြလိုပါတယ်။ ခေတ်အာဏာက အောက်ပြည်မှာ တည်တဲ့ အတွက် အောက်မူ က နိုင်ငံတော်မူ ဖြစ်ကြောင်း ပြဖို့ ကြံစည် တာက ကဗျာလွတ်မူ မှတ်တမ်းထိန်းတဲ့ ကိစ္စတင် မဟုတ်ပါဘူး။ သို့သော်လဲ ဖဆပလ ခေတ်ဦးထိ မန္တလေးဟာ သဘင်ရဲ့ ချက်မဖြစ်ကြောင်း ပြဖို့ ပန်တျာကျောင်း မူလ ဖွင့်တာမျိုးက ပြနေပါတယ်။ ဒါကြောင့် မန္တလေး ပညာရှင် ပြုတဲ့စာမှာ သူနီးစပ်တဲ့ နားမျက်စိ ယဉ်တဲ့ အညာမူ အညာသဘင်က ပိုပါနေတာ မဆန်းပါ။

ဒီစာအုပ်ဟာ လူတွေဘဝကို လူရုပ်ထင်အောင် ဖွဲ့တာမို့ ဝတ္ထုဇာတ်ကြောင်းတွေ အများပါပါတယ်။ ရုပ်ရှင် ရိုက်နိုင်ရင် မဗေဒါကားလို ဇာတ်နာစရာတွေ အများပါပါတယ်။ တခုပဲ မမြရင်၊ မထွေးလေးတို့ အကြောင်း ရိုက်ရင် ကြည်ကြည်ဌေးလောက် ကတတ်တဲ့ မင်းသမီးအစစ်မျိုး ရမှ ဖြစ်ပါမယ်။ နန်းတော်ရှေ့ အကြောင်းလို့ ယူဆရတဲ့ ကချေသည် ဆိုသော ဝတ္ထုကိုလဲ ဒဂုန်ခင်ခင်လေးက စစ်မဖြစ်ခင်က ပြုစုခဲ့ပါတယ်။ ရှေ့ကာလမှာ သဘင်ပြန် အသက်ဆက်ဖို့က သဘင်သည်ကို အရုပ်တူအောင် ရေးတတ်တဲ့ ပန်းချီသမား ရှိဖို့နဲ့အတူ အရေးကြီးတယ် ထင်ပါတယ်။ ပြည်သူချစ်သော အနုပညာသည် စာအုပ် ရှေ့နှိပ်ခြင်းတွေမှာ သရုပ်ဖော်သူတွေဟာ သဘင် ဖွံ့ဖြိုးဆဲကာလမှာ အငြိမ့်စင်မေးတင် ကြည့်ခဲ့သူတွေ ဖြစ်တဲ့အတွက် မင်းသမီးနဲ့ လူပြက်ကို မင်းသမီး လူပြက်အစစ်ကဲ့သို့ တူအောင် ဆွဲတတ်ကြတယ်လို့ လူထု အယ်ဒီတာများက မှတ်ချက်ပြုပါတယ်။

အင်္ဂလိပ်လက်ထက် စပါးဈေး အကောင်းဆုံးအချိန် တွေမှာ မြို့ရွာနယ်အနှံ့ သဘင်ဂီတကို အားပေး ခဲ့တာရယ်၊ ထိုင်းလို ခေတ်မီတဲ့ နိုင်ငံတွေမှာ ခုထိ ရိုးရာ သဘင်ဂီတကို လူတွေ စုံရေမက်ရေ ရှိကြသေးပီး အကအခုန်တွေကို ကမ္ဘာထိ ဖြန့်နေကြတာကိုလဲ မမေ့ကြသင့်ပါ။ အချက်အလက် ရှာနိုင်သေးတဲ့ သဘင်ခေတ်မှာ ရေးခဲ့ကြတဲ့ စာရေးဆရာတွေရဲ့ သဘင် စာပေတွေကိုလဲ လူအများ လက်လှမ်း မီအောင် ဖြန့်ချိသင့်ကြပါတယ်။



No Responses Yet to “Mandalay Artists”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: