ခယောင်းလမ်းမှ

18Nov14

မြန်မာ လွတ်လပ်ရေး မျိုးဆက် ခေါင်းဆောင် တွေရဲ့ ရာပြည့် အထိမ်းအမှတ်တွေ ခရစ် နှစ် ၂ဝဝဝ နောက်ပိုင်းတော်တော် ဆင်နွှဲ ခဲ့ပါပီ။ တိုင်းပြည်ကတော့ လွတ်လပ်ရေးနဲ့ တန်တဲ့ အနေအထား လွတ်လပ်ခွင့် ရောက်ပီလား မသိပါ။ လွတ်လပ်စွာ ဆင်ခြင် နိုင်ကြပါတယ်။ လွတ်လပ်ရေး ရာပြည့် ချိန် နောက် ၃၄ နှစ် တိုင်းပြည် ဘယ်အခြေရှိမလဲ သိချင်စရာပါ။ ဒီလိုပဲ ပွဲတွေ လမ်းတွေ အခမ်းအနားတွေနဲ့ ရသေ့စိတ်ဖြေ နေကြမလား။ ရှေ့ဆက်ရမယ့် လမ်းကို ရဲရဲဆက်လှမ်းနိုင်ဖို့ ဘာတွေ ပြင်ပီး ကြပီလဲ။

1950s Burma

နောက်နှစ်က နာမည်အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင် ဗိုလ်အောင်ဆန်း ရာပြည့်ပါ။ ဦးနု၊ ဦးသိန်းဖေမြင့် ၊ ဗိုလ်နေဝင်း စတဲ့ တချိန်က သတင်းစာ ရှေ့ဖုံးက ပုဂ္ဂိုလ်တွေရဲ့ သက်တမ်း ရာကျော်ချိန်မှာတော့ သူတို့ နာမည်တွေ နေရာမှာ နောက်တခေတ် နာမည်ကျော် တွေက အစားထိုး ဝင်နေကြပါပီ။ အလားတူပါပဲ စာပေ ယဉ်ကျေးမှု စီးပွားရေး စတဲ့ ဘက်ပေါင်းစုံ က နေရာတွေမှာ ၅ဝ ကျော် ၆ဝ တန်း လူသစ် တွေက အစားထိုး နေကြပါပီ။

တကယ်က ဒီမျိုးဆက်သစ် ခေါင်းဆောင်တွေဟာ လွတ်လပ်ရေး ယူခဲ့သူ တွေ တည်ထောင်ခဲ့တဲ့ နိုင်ငံစနစ် အောက်မှာ မွေးဖွား လူလား မြောက်ခဲ့ ကြသူတွေပါ။ ဒီခေါင်းဆောင် တွေရဲ့ အဆက်အနွယ်တွေ နေရာစုံမှာ လူကြီး မှူးကြီး ပြုနေတာလည်း မနည်းပါပဲ။ ဒီတော့ ဒီလက်ရှိလူများ တော်ခြင်း၊ တတ်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း အဝဝတို့မှာ ရှေ့လူတွေရဲ့ သြဇာရိပ်က ကျန်ရှိမှာ သေချာပါတယ်။

ဒီလူတွေဟာ လွတ်လပ်ရေးလို့ ပီပီပြင်ပြင် ပြောနိုင်လာတဲ့ခေတ်မှာ ကြီးပြင်းတယ်၊ လွတ်လပ်ရေး ယူတဲ့ နိုင်ငံရေး မျိုးဆက်တွေ ကိုလည်း ကောင်းကောင်း သိမီတယ်၊ စာပေ ပညာ သင်ကြားမှု ကလည်း လွတ်လပ်ပီး နိုင်ငံတခုရဲ့ ပညာရေး စနစ်မှာ။ ဒီတော့ လက်ရှိ ခေါင်းဆောင်ပိုင်း မျိုးဆက် ဟာ လွတ်လပ်ရေး ရဲ့ အမွေလို့ ပီပီသသ ထုတ်ပြနိုင်တဲ့သူ တွေလို့ ပြောလို့ ရပါမယ်။ ဘာကြောင့်ဆိုတော့ လွတ်လပ်ပီး ဆယ်စု တော်တော်ကြာတော့ အထူးသဖြင့် ၁၉၆၂ နဲ့ ၁၉၈၈ နောက်ပိုင်းမှာ ပညာရေး လူမှုစီးပွားရေးတွေ တော်တော် ကျဆင်းခဲ့လို့ နောက်ပိုင်း မျိုးဆက်တွေဟာ လွတ်လပ်ရေး အရသာ ကို တိတိကျကျ သိခဲ့ရသူတွေ မဟုတ်ကြတော့ဘူး။

လက်ရှိ တိုင်းပြည်ရဲ့ ဆုတ်ယုတ် ကျဆင်းမှု တိုးတက်ဖြစ်ထွန်းမှု ဆိုတာတွေမှာ လွတ်လပ်ရေး ခေါင်းဆောင်တွေ ချန်ခဲ့တဲ့ အမွေအစုမှာ လွတ်လပ်ပီး မျိုးဆက် ခေါင်းဆောင်တွေရဲ့ အားထုတ်မှုက အဓိကလို့ ပြောနိုင်တဲ့ ခေတ်ကာလ ကိုလည်း ရောက်ရှိ နေပီ ဖြစ်ပါတယ်။

ဥပမာ ၁၉၃ဝ က လွတ်လပ်ရေး လှုပ်ရှားမှုထဲ ရောက်ခဲ့တဲ့ မျိုးဆက်တွေက ၁၉၆ဝ၊ ၇ဝ၊ ၈ဝ ကျော်တွေထိပဲ အလွန်ဆုံး လုပ်ကိုင် နိုင်ကြမယ်။ နောက်မျိုးဆက်တွေက အမွေဆက်ခံ အလုပ်ဆက်ခံ ဆောင်ရွက်ကြရမှာ ဓမ္မတာ မဟုတ်ပါလား။ ဗမာ နိုင်ငံမှာ ၁၉၄ဝ၊ ၅ဝ မွေးခဲ့သူတွေ သမ္မတ အစိုးရ အုပ်ချုပ်နေကြချိန် နေရာစုံမှာ ခေါင်းစီး ခေါင်းရွက်ပြုနေကြချိန်မှာ တိုင်းပြည် အခြေအနေဟာ ကြားမှာ ကျဆင်းခဲ့တဲ့ ခေတ်တွေထက် သာအောင်၊ အယုတ်ဆုံး သူတို့ မွေးစ လွတ်လပ်စ အဆင့်အတန်းမျိုး ပြန်ရောက်အောင် အားထုတ်ဖို့ မသင့်ပါလား။ သာတဲ့ နေရာတွေမှာ သာပေမယ့်လည်း ကျဆင်းဆဲ နေရာတွေကလည်း အများသားပါ။ ဥဒဟာရုဏ် ဆောင်ရင် နိုင်ငံရေး အဆင့်အတန်းဟာ ဝံသာနု ထစ ၁၉၂ဝ ခေတ်လောက်တောင် စနစ်တကျ စုစုစည်းစည်း မလုပ်တတ်သေးဘဲ အကွဲအပြဲ မညီညွတ်မှု၊ သပွတ်အူလိုက် ရှုပ်ထွေးမှု တွေမှာ ခေတ်အဆက်ဆက် စံချိန်မီရုံ မက သာသယောင်တောင် ရှိနိုင်ပါတယ်။

ကမ္ဘာနဲ့ လမ်းပွင့်လာလို့ ချိတ်ဆက် လုပ်ကိုင် လာရတဲ့ အခါတွေမှာ ကမ္ဘာ့ အထင်အမြင်မှာ မြန်မာ တွေဟာ ဘယ်လို ဘယ်လောက် ခေတ်နောက်ကျန်ရစ်တယ်၊ မဖွံ့ဖြိုး နိမ့်ကျသေးတယ် ဆိုတဲ့ အထင်အမြင်တွေ မြန်မြန် ပျောက်အောင် လုပ်ဖို့ လက်ရှိ လူကြီးပိုင်းမှာ ပိုတာဝန်ရှိပါတယ်။ ဒို့တော်လို့ ကျော်လို့ ကမ္ဘာက စိတ်ဝင်တစား ရှိတယ် ထင်တာထက် သရောကြီးခိုင်းထားတဲ့ ရွာငယ်ကို မြို့သားတွေ ကယ်ဆယ်ရေး လာတဲ့ အနေမျိုးကို မြင်ကြည့်ဖို့ လိုပါတယ်။

ပို အရေးပါတာက လွတ်လပ်ရေး မျိုးဆက်တွေက ကိုယ်မွေးစ အချိန်မှာ ကိုယ့်အနာဂတ် အတွက် သူတို့ ရည်စူး ကြိုးပမ်းခဲ့တဲ့ အသီးအပွင့်တွေကို ကိုယ်တိုင် ခံစားစံစား ခဲ့ရသလို ကိုယ့်သားမြေး မျိုးဆက် ခုလူငယ်တွေ အတွက်လည်း ကိုယ်က ကြွေးသစ်ပြုနိုင်ဖို့က လက်ရှိလူကြီး ဆိုသူများအတွက် မျိုးဆက်တာဝန် တရပ် မဟုတ်ပါလား။



No Responses Yet to “ခယောင်းလမ်းမှ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: