ဦးလှခေတ်

19Jan15
U Hla and President Win Maung in Maymyo Karen New Year with other writers

U Hla and President Win Maung in Maymyo Karen New Year with other writers

ကနေ့ရှိရင် လူထုဦးလှ ၁ဝ၅ နှစ်ပြည့်ပါ။ သေသောသူကတော့ သွားရှာပေါ့။ သက်ဆိုင်သူများမှာ သတိတရ ရှိကြပါတယ်။ အထူးတလည် သတိရစရာ ရှိရင် ထုတ်ပြောမိကြမြဲပေါ့။ ဒီခေတ် ဒီခါမှာ သူ့ကို ဘာသတိရစရာ ရှိမလဲ။ ခုလို တိုင်းပြည်တံခါးပွင့်ပြီး လူငယ်တွေ အတွက် အခွင့်အခါတွေ ပေါ်စပြုလာတာကို သူတို့ သေချာ ဟုတ်အောင် ယူစေချင်တာ ပြောမိကြမလား။ စာပေ စာနယ်ဇင်း တံခါးတွေ ပြန်ပွင့်၊ နိုင်ငံရေးပြန်ပွင့် ဒီအချိန်မှာပဲ ဘာသာရေး၊ နိုင်ငံရေး ဖိနှိပ်မှု ပုံစံသစ်တွေ ပေါ်လာတာ၊ ဥပဒေနဲ့ အညီ ညှဉ်းပန်းချုပ်ခြယ်တဲ့ ဖဆပလ ကိုလိုနီခေတ်တွေ ပြန်ပေါ်လာတာတွေ … ဒါတွေ ဒါတွေ။

သူ့ကို သူ့ခေတ်နဲ့ ပြန်ကြည့်ရင် လွတ်လပ်ရေး လှိုင်းတံပိုးကြားက လူငယ်တယောက် ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ စသူတွေလို လက်ဝဲနွယ်တဲ့ နိုင်ငံရေး စာပေကဏ္ဍကို အခြေခိုင်စေခဲ့တယ်။ တခြား စာရေးဆရာ အများထက် သာတာက သြဇာရှိတဲ့ အရပ်ဘက် ခေါင်းဆောင် တယောက်နေရာ ယူနိုင်တာပါ။ ရန်ကုန်မြို့မှာ နာမည်ကျော် စာပေပပညာရှင်တွေ များစွာစုနေသော်ငြား အရာရှိ အရာခံထက် ပိုတဲ့ လူမှုနေရာ မရတတ်ဘူး။ သခင်ကိုယ်တော်မှိုင်းမှ အပ။ ဒီလိုနေရာဟာ ဘုန်းကြီး၊ နိုင်ငံရေး ခေါင်းဆောင်၊ စစ်ခေါင်းဆောင်၊ ကြွယ်ဝသူတွေ အတွက် ထားသလိုရှိတယ်။ ဒီအခါ နယ်မြို့တွေက စာသမားတွေက တပန်းသာကြတယ်။ မင်းဘူးမြို့မှာ ဦးမင်းနွယ်၊ မကွေးမြို့ အမတ် ဦးဆုမြိုင်၊ စစ်ကိုင်း ဦးဘိုးသင်း စတဲ့ ကျောင်းဆရာလက်ဟောင်း စာသမားကြီးတွေဟာ မြို့ရွာမှာ သြဇာညောင်းတယ်။ ထိုထက် ခဏ စာသင်ခဲ့တဲ့ ဦးလှဟာ စာသမား အနေနဲ့ မြို့မှာ ဒေသမှာ နောက် နိုင်ငံမှာ ဘယ်လို ပါဝင်ဆံ့ခဲ့လဲ။

စာသမား အများဟာ အတွင်းစွဲစိတ်ခေါ်တဲ့ လူပေါင်းမဆံ့တဲ့ အလေ့ရှိတတ်တယ်။ အနေအထိုင် ပေါ့ပါးပြီး သူများကို ပမာမပြုရှိတတ်တယ်။ ဒဂုန်တာရာ၊ ရွှေဥဒေါင်း၊ ဆရာကြီး ပီမိုးနင်း စသူတွေဟာ ဒီစရိုက်ရဲ့ အခွဲတွေပါ။ ဦးနုသည်ပင် နိုင်ငံရေးသမားထက် ပြဇာတ်ဆရာစိတ် ဒွန်တွဲတဲ့ အချိန်တွေ များမယ် ထင်ပါတယ်။ သိန်းဖေမြင့်ဟာ နိုင်ငံရေး ဆန်သော စာရေးဆရာ ၊ သူရေးသမျှစာဟာ အချစ်အကြောင်းပင် ဖြစ်သော်လဲ နိုင် ငံရေး ဘဝကို မီးထိုးပြသလို ရှိနေတယ်၊ သူငယ်စဉ် ရေးတဲ့စာတချို့ကလွဲလို့။ သူ့ရဲ့ လက်ရင်း ဆရာ ဆရာမှိုင်းဟာ ဘုန်းကြီး၊ ရန်ကုန်ရှေးဦးခေတ်က စာဆို၊ မြန်မာဆရာ၊ နောက် ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ မြို့မိမြို့ဖ ဆိုတဲ့ အသွင်ပုံစံတွေ ရှိသူလို့ ထင်ပါတယ်။ မောင်ဝ၊ ဆရာဇော်ဂျီ စတဲ့ အနောက်တိုင်း ပညာတတ် စာသမားတွေက အရာရှိကြီး အဖြစ် လောကနဲ့ အကန့်ထားလေ့ ရှိပါတယ်။ ဦးလှက ဘယ်လိုလမ်းကြောင်းကလဲ။

နဂါးနီ စာအုပ်တိုက်က နိုင်ငံရေး စင်မြင့်ပေါ် တက်သူတွေလိုလား၊ သတင်းစာမှာပဲ နစ်သွား၊ ဒါမှမဟုတ် မီဒီယာနဲ့ နိုင်ငံရေး ဒီ ၂ ခုမှာ ခြေ ၂ ခွ ထားတဲ့သူမျိုးလား။ သူဟာ စာရေးဆရာ သတင်းသမား အလုပ်သင် လိုမျိုးနဲ့ ဘဝ စခဲ့ပေမယ့် သူ့ အသိုင်းအဝိုင်းက နိုင်ငံရေး သမားတွေ။ ဦးချစ်မောင်လို နိုင်ငံရေးမှာ အဆုံးသတ်တာလည်း မဟုတ်၊ တချို့တွေလို နိုင်ငံရေးက ခွာသွားသည်လဲ မဟုတ်၊ ပါတီ အဖွဲ့အစည်းမှာ တသက်မှာ ၂ ခါသာ ပတ်သက်ခဲ့ပေမယ့် သူ့ဘဝဟာ နိုင်ငံရေးကို စာပေ ဘက်က ထောက်ပြ လမ်းညွှန်တဲ့ အလုပ်ကို တခြား လူမှု တိုးတက်ရေးတွေနဲ့ အတူ ထမ်းဆောင်တာ မျိုးပါ။ ဒါတွေ သူများတွေ ရေးခဲ့ပါပီ။

ပြောချင်တာက မြန်မာနိုင်ငံမှာ စာရေးကောင်းတွေ ရှိပေမယ့် စာကောင်း စာသြဇာညောင်းတာ (လူထုသွေးဆူစေတဲ့ နိုင်ငံရေး ဝေဝါးအောင်လုပ်တဲ့ စာကြမ်း စာပေါ့တွေ မဟုတ်) သိပ်မရှိတော့တာဟာ စိစစ်ဖြတ်တောက်မှု မရှိတဲ့နောက်မှာ ဆက်တည်မြဲ နေတာက အဓိကက လေးနက် တည်ကြည်မှု၊ ပြည်သူကို ပဓာန ပြု စဉ်းစားတဲ့ နိုင်ငံရေး၊၊ ယုံကြည်ခိုင်မာတဲ့ ပေးဆပ်မှုတွေ စတာတွေ အားနည်းနေသေးလို့လို့ ထင်ပါတယ်။ လူထုစိန်ဝင်း၊ ဦးဝင်းတင် စသူတွေ မရှိတဲ့နောက် နိုင်ငံရေး အကဲဖြတ်လောကဟာ အမုန်းခံ အမိုက်ခံ ပြောရဲတဲ့ စာသမားများကို စောင့်စားလို့ နေပါတယ်။



No Responses Yet to “ဦးလှခေတ်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: