မှတ်ပါရစ်စေ

11Mar15

Atumashi

လူ့ဘောင်သစ် ဂျာနယ်မှ

ကျောင်းတော်နှင့် နိုင်ငံရေး

မြန်မာပြည် ရန်ကုန်မြို့ထုတ် မြန်မာသမိုင်းသုတေသန စာစောင် ဒီဇင်ဘာ ၂ဝ၁၃ တွင် စိတ်ဝင်စားစရာ စာတမ်းတစောင် ပါလေသည်။ မန္တလေးမြို့ အရှေ့ပြင် မဟာအတုလဝေယန် အတုမရှိကျောင်းကြီး တည်ဆောက်မှုနှင့် ထိုကျောင်းပေါ်တွင် သံဃာတချို့၏ သီးခြားသင်္ဂါယနာ တင်ပွဲ အကြောင်း ဖြစ်ပါသည်။ မြို့တည် ၇ ဌာန အဝင် ဤကျောင်းတော်ကြီးမှာ မြန်မာ ရှင်ဘုရင်များ လက်ထက် တည်ဆောက်သမျှ ဘုန်းကြီးကျောင်းများထဲတွင် အကြီးဆုံး ကျောင်းကြီးဟု ဆိုနိုင်ပါသည်။ ၁၈ နှစ်ကြာ တည်ဆောက်ချိန် ကြာမြင့်ပြီး မင်းတုန်းမင်း နတ်ရွာစံခါနီးမှ ကျောင်းရေစက်ချနိုင်သည်ဟု သိရပါသည်။ ထိုထက် ဤကျောင်းမှာ မူလ ပန္နက်ပုံစံ များအရ အဆောင် ၄ ဆောင် ထည့်သွင်း ဆောက်လုပ်ရန် ရှိသော်လည်း ဆောင်မကြီးနှင့်သာ ပြီးခဲ့ရသည်ကို မန္တလေးပြတိုက်ရှိ ပုရပိုက်မူ အရ သိရကြောင်း စာတမ်းရှင် ဒေါက်တာ တင်မိုးလတ်၊ မန္တလေး တက္ကသိုလ်က ရေးသားသည်။ ပတ်ပတ်လည် ပေ ၃ဝဝ ဝန်းကျင်ခန့် တဘက်စီ ရှိသော ဤကျောင်းကြီးကို မင်းတုန်းမင်း၏ ပိဋကတ် ကျမ်းစာများ သိုမှီးရာ အဖြစ် သုံးသည်ဟုလည်း သိရပြီး သေနတ်ကိုင် ၁ဝ ယောက်အပါ အစောင့် အမှုထမ်း ၆ဝ ထားရှိသည် ဟု ဆိုသည်။

နိုင်ငံတော် ကျောင်းတော်အဖြစ် အင်မတန် ခမ်းကြီးနားကြီး အမွှမ်းတန်ဆာနှင့် တည်ဆောက်ခြယ်လှယ်ထားသည့် ကျောင်းတော်ကြီး ဖြစ်၍ အဖိုး များစွာ ထိုက်ပြီး ၃၂ ရတီ စိန်လုံးကြီးတပ် ဆင်းတုတော်ကြီးလည်း ထားရှိပူဇော်သည်ဟု ဆို၏။ မင်းတုန်းမင်း လက်ထက် မြို့တော် ရွှေ့ပြောင်း၊ ကျောင်းဘုရားဆောက်တည်၊ ပိဋကတ် ကျောက်စာတင် စသည့် အစုစု သာသနာရေး အလှူငွေတော် ၂၂ ကုဋေ ၆ သန်း ကုန်သည်ဟုလည်း ရေးထားသည်။ ဤမျှ မင်းတုန်းမင်းက စိုက်ထုတ် ကုန်ကျ ခံသည်မှာ သာသနာရေးဖြင့် နိုင်ငံ စည်းရုံးရေး လုပ်လိုသည်ဟု စာတမ်းရှင်က ယူဆသည်။ နန်းတက်စကပင် တိုင်းပြည်တဝက် အင်္ဂလိပ်လက်ပါခြင်း၊ နန်းတွင်း ဆူပူမှုများ၊ စိုက်ပျိုးရေး ကျဆင်းမှုများကြောင့် ပြည်သူများ အင်္ဂလိပ်လက် ခိုဝင်ကြခြင်း စသည်တို့ကို ပြန်လည် စည်းရုံးသည့် အနေနှင့် ထိုသို့ စည်းရုံးသည်ဟု ယူသည့် အမြင်များလည်း ယခင်က တွေ့ရပါသည်။

မင်းတုန်းမင်းသည် စက်ရုံတည်၊ သတင်းစာတည်၊ လစာပေး၊ အခွန်စနစ်ပြင် စသည့် ပြုပြင်ပြောင်းလဲရေးကြီးများကို မြန်မာ ဘုရင် အဆက်ဆက်ထက် ထူးကဲသာလွန် လုပ်ခဲ့သူ မှန်ပါသည်။ သို့သော် ခေတ်သစ် အရင်းရှင် နယ်ချဲ့နှင့် ယှဉ်ရသည့် ခေတ်ဟောင်း ပဒေသရာဇ် အဖို့ အကွက်ချင်း ယှဉ်ဖို့ ခက်ပါသည်။ ဘေးတော် ဗဒုံမင်း လက်ထက် မင်းကွန်း ပုထိုးတော်ကြီး မပြီးမပြတ်နှင့် တိုင်းပြည်တွင် အငတ်ဘေး၊ ရောဂါများဘေးကြားမှ မနည်း ရုန်းခဲ့ရသည်ကို သူ သင်္ခန်းစာ ယူဟန်မတူပါ။ တိုင်းပြည် ထူထောင်မှု မူလ ပင်မ စားဝတ်နေရေး ပြေလည်ဖို့ အရင်းမခံဘဲ မြို့သစ် နန်းသစ် တည်လိုစိတ်၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ် အဖြစ် မော်ကွန်းတင်လိုစိတ် တို့က တိုင်းသူပြည်သားတို့ အတွက် ကြည့်သည့်စိတ်ထက် လွှမ်းမိုးခံခဲ့ရပုံ ရှိပါသည်။ တနည်း တိုင်းပြည်တွင် သာယာဝပြော၍ တိုင်းပြည်လူထု တည်သည့်ဘုရားက ဘုရင်ကုသိုလ်တွေနှင့် အပြိုင်များသည့် ပုဂံခေတ် လိုမျိုး မဟုတ်ဘဲ အာဏာဘုရား ၊ ယတြာဘုရားများ ပိုများခဲ့ပုံ ပေါ်ပါသည်။ အောက်ပြည်ရောက်၍ စီးပွားရေး ကောင်းလာသည့် မြန်မာများ ကျောင်းဘုရားတို့ကို အညာနှင့်အပြိုင် တည်ကြသည်မှာ ထိုခေတ်က စပါသည်။

ယခု ပို၍ ထူးသည်မှာ ဤမျှ မင်းအာဏာဖြင့် တည်ခဲ့သော ကျောင်းတော်ကြီး ပေါ်တွင် သံဃာများ အစီအမံနှင့် သင်္ဂါယနာ တကြိမ်တင်ခဲ့သည့် အချက်ဖြစ်ပါသည်။ ထိုအချက်မှာ ကုန်းဘောင်ဆက်၊ မှန်နန်းစသည့် ရာဇဝင် အစောင်စောင်တွင် မပါခဲ့သည့် အချက် ဖြစ်ပါသည်။ ရှေးရှေး သင်္ဂါယနာတို့မှာ သံဃာညီညွတ်ရေး၊ ကျမ်းဂန်တည်တံ့ရေးတို့ အတွက် သံဃာများ ကြီးကြပ်မှုနှင့် တည်ရလေ့ရှိသည်ဟု စာတမ်းရှင်က ဆိုပါသည်။ ပေထက် ကျောက်ထက် ပိဋကတ် တို့ကို ရေးကူးပြီး ဖြစ်၍ နှုတ်ငုံဆောင်သော မင်းတုန်းမင်း၏ ပဉ္စမ သင်္ဂါယနာမှာ မလိုဘဲ ဘုရင့်ဆန္ဒသဘောနှင့် နိုင်ငံရေး ဗန်းပြတင်သော သင်္ဂါယနာဟု ဆိုသည်။ အသိအမှတ်မပြုသည့် သံဃာများလည်း ရှိပါသည်။ အတုမရှိတွင် သင်္ဂါယနာ ထပ်တင်သည့် ကြိုးပမ်းမှု ရှိခဲ့ကြောင်း စာတမ်းရှင်က ပုရပိုက် အကိုးအကားနှင့် ဖော်သည်။ ပရက္ကမ ဆရာတော် ဦးဆောင်၍ သံဃာများ အတုမရှိ ကျောင်းတော်တွင် သံဃာ အပါး ၁၉၂ဝ နှင့် သင်္ဂါယနာ တင်လိုကြောင်း ဘုရင်ထံသို့ ၁၈၇၇ ခုနှစ်တွင် စာသွင်းပါသည်။ နောက် သံဃာများ အတွက် သင်္ဂါယနာ တင်စဉ် ဆွမ်းကပ်ဖို့ ၁၈၇၈ တွင် စာတင်သည်ကို တွေ့သည် ဆိုသည်။ ထိုအကြိမ်ကိုလည်း ပဉ္စမ ဟုပင် ရေတွက်ပါသည်။ မင်းတုန်းမင်း ပထမတင်သော သင်္ဂါယနာနှင့် ၇ နှစ်ကွာပါသည်။ နောက်တကြိမ်ကို မင်းမိန့်ရမရ မသိဆိုသည်။ ဤကား မင်းကုသိုလ် ကျောင်းပေါ်တွင် သံဃာအားနှင့် ဖီဆန်မှု ဟု ပြောလောက်ပါသည်။

ကျောင်းတော်ကြီးကား ပျက်ယွင်းခဲ့လေပြီ။ မူလ လက်ရာအနုပညာ တို့ကို ဗြိတိသျှမှတ်တမ်းတင်တို့ ကောင်းမှုနှင့် အင်တာနက် ဝက်ဆိုက်တို့တွင် ကြည့်နိုင်ပါသည်။ ဆိုခဲ့ပြီးသော ကျောင်းတော်ကြီး အကြောင်းတွင် အဖိုးများစွာ စိုက်ထုတ်ပြီး တိုင်းပြည်ငွေနှင့် ခက်ခက်ခဲခဲ တည်ခဲ့သော်ငြား ထိန်းသိမ်းစောင့်ရှောက်မည့် အာဏာပိုင် မရှိလျှင် အဖျက်အဆီး လောင်မီးတို့နှင့် ကြုံရတတ်ပါသည်။ မန္တလေးမြို့တွင် ဘုရင်မရှိသည့်နောက် ပျက်စီးသော ကျောင်းဘုရားဇရပ်တန်ဆောင်း ကုသိုလ်များ များပါသည်။ နောက်ဆုံး ဘုရင်နန်းတော်ပင် ပျက်ရပါသေးသည်။ ဆိုလိုသည်မှာ ဘုန်းကြီးသခိုက် ဘုန်းတန်ခိုးပြလိုသူတို့သည် သူတို့ပြုသမျှ လုပ်ရပ်အစုံကို တိုင်းပြည်အကျိုးထက် ပကာသနနှင့် အာဏာစွမ်းပြဖို့ လုံ့လထုတ်လေလျှင် တိုင်းပြည်လည်း ပင်ပန်း၊ လုပ်ရပ်လည်း ရေရှည်မတည်တတ်သည်ကို ၁၅ နှစ်ခံ အတုမရှိ ကျောင်းတော်ကြီး က ပြနေသည်ပါတကား။

မှတ်ပါရစ်စေ မှာခဲ့ပေအံ့။



No Responses Yet to “မှတ်ပါရစ်စေ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: