အဖွားတို့ငယ်ငယ်က

15Sep15

အဖွား နှစ်တရာပြည့် သူငယ်ငယ်က အကြောင်းလေးတွေ ရေးစေချင်တယ် ဆိုတော့ သူနဲ့က အသက်ကြီးမှ သိတာလေ။ သူ အသက် ၇ဝ လောက်မှ ဒီက လူဖြစ်ခါစ ဒီနောက်ပိုင်း အနှစ် ၂ဝ လောက်ပဲ သိတယ် ပြောရမယ်။ အဲတော့ ကိုယ်သိမဟုတ်တဲ့ သူ့ငယ်ကြောင်းပဲ ရေးနိုင်မယ်။

မန်းမြို့သူတယောက် အကြောင်း

မန်းမြို့သူတယောက် အကြောင်း

 

သူ့အသက် ၇ဝ ကျော်မှာ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိအစပိုင်းကို ရေးတယ်။ ကောလိပ်သပိတ်တွေ ပါလာတော့ ရှေ့ဆက်ရေးလို့မရနဲ့ ရပ်ခဲ့ရတယ်။ ရေးခဲ့သလောက်ထဲက မြန်မာ သမိုင်း မန္တလေးသမိုင်းမှာ အထောက်အထားအဖြစ် သုံးနိုင်တာတွေ ကျန်ခဲ့လို့ ကျေးဇူးတင်စရာပါ။ သူတို့ခေတ် ဘဝရပ်တည်မှု၊ နိုင်ငံရေး လှုပ်ရှားမှု၊ ယဉ်ကျေးမှု နောက်ခံတွေရောပေါ့။ ဒါမျိုး စစ်ကိုင်းဦးဘိုးသင်း ကိုယ်ရေးအတ္ထုပ္ပတ္တိမှာလည်း ဒိထက်စောတဲ့ ခေတ်က မန္တလေးအကြောင်းပါပါတယ်။ ဦးဘိုးသင်းက သူ့နိုင်ငံရေးကလောင်ကို သိပ်အသားပေးလွန်းတာ တချက်ပဲ။ အဖွား စာထဲမှာ သူတို့ သူ့အရွယ်က ခေတ်အလောက် လှုပ်ရှားမှုတွေထဲ ဘယ်လိုပါလာတယ်၊ သူ့အိမ်က လူတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နိုင်ငံရေး လူမှု စီးပွားရေးတွေ ဝံသာနုကာလမှာ လုပ်ခဲ့တယ် ဆိုတာပဲ ပါတယ်။ ဒီတော့ သူရေးတဲ့စာဟာ ကျမချည်း ဇာတ်လိုက်ဆိုတဲ့ စာမျိုးတော့ မဟုတ်ဘူး ထင်ပါတယ်။

မြန်မာပြည်မှာ ထိပ်ဆုံးက လူသိများတဲ့ အတ္ထုပ္ပတ္တိ တအုပ်မှာ ရေးသူက အရေးခံပုဂ္ဂိုလ်ကြောင့် နိုင်ငံရေးသမိုင်းတွေ ဘယ်လိုပြောင်းခဲ့တယ်ဆိုတာမျိုးရေးတော့ သိမီပါဝင်သူ တချို့ ပြန်ရှင်း ပြန်ရေးတာတွေ ရှိပါတယ်။ ဒီခေတ်မှာတော့ တစ်တီတူးတို့ ကြက်ဝက်ခြောက်ကောင်တို့တွေ ပိုများလာပါတယ်။

အဖွားတို့ကာလကတော့ သူတို့ဘာလုပ်တယ်ဆိုတာကို အကုန်တောင်ရေးသွားဖို့ နေနေ ပြောဆိုသွားတာ မဟုတ်ပါဘူး။ တခါက ဘီဘီစီမှာ ဦးဝင်းဖေက မော်စကိုမှာ ဆိုဗီယက်ပါတီ အတွင်းရေးမှူး ခရုရှက်က ဒေါ်အမာကို သေချာ ခေါ်တွေ့တယ်ဆိုတာ ပြောပါတယ်။ ဒါ တရုတ်နဲ့ ဆိုဗီယက်အကွဲမှာ လူစုတဲ့ သဘောနေမှာပါ။ အဲဒိအကြောင်း ဦးဝင်းဖေကို ပြန်မမေးမိပါဘူး။ အဖွားရေးတဲ့ ဆိုဗီယက် တိုင်းပြည်များသို့မှာလည်း ဒီအကြောင်း ရိုးတိုးရိပ်တိပ်တောင် မပါပါဘူး။ အဲဒိခေတ်က တခြားသတင်းသမားတွေ ပြည်ပ ခရီးတွေအကြောင်းရေးရင် တိုင်းပြည်ဥသျှောင်ကြီးတွေနဲ့ တွေ့တဲ့ပုံတွေ ပါတတ်ပါတယ်။

နောက် သူအမှတ်ရရင် ပြောလေ့ ရှိတာက သူတို့က ငရဲခွေးကြီးလို့ အနှိုင်းခံရတဲ့ ဘာဆာ ဦးတင်တို့ လင်မယားကို အန်ကယ်နဲ့ အန်တီခေါ်ရတယ် ဆိုတာပါ။ ငရဲခွေးကြီးဖြစ်ရတာတော့ ခွေးဖြစ်ဖို့ ဇာတာပါသလား။ ဒီသပိတ်မှာ မိန်းကလေးတွေ အနေအထိုင်မမှန်တာလည်း ပါတယ်ဆိုတာမျိုး ပြောတတ်ပါတယ်။ တခါတော့ ဒီကောင်မလေး လော်လည်လို့ ဆိုတာမျိုး နာမည်နဲ့ ထုတ်ပြောဖူးပါတယ်။

နောက် သပိတ်မှာ နောက်ဘာဆက်ဖြစ်တယ် အတွင်းဂိုဏ်းဂဏအကွဲတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးခေါင်းဆောင်တွေ ပါမလာတာလား သူ့အရေးအသားတချို့က တွေးစရာပါ။ အင်မတန် အနောက်ဆန်တဲ့ တက္ကသိုလ်က ပြန်လာတော့ သူ့မှာ ယူနဲ့အိုင်ပြောတဲ့အကျင့်တောင် ပါမလာပါဘူး။ သူငယ်ချင်းတွေ ကျောင်းဆရာမနဲ့ မင်းကတော်ဖြစ်ချိန်မှာ သူက ဆွေမျိုးတွေ အထင်မကြီးတဲ့ ဇရပ်ပေါ်က နိုင်ငံရေးသမားမျိုး ယူပါတယ်။ ဒီလူကလည်း အာဏာရမယ့်အလုပ် တသက်လုံး မလုပ်ခဲ့တော့ နိုင်ငံ့ဂုဏ်ရည်တောင် လင်မယား ၂ ယောက် မခံစားရပါဘူး။ ဦးညိုမြ ပြောသလို ဒေါ်အမာနဲ့ တည့်တဲ့ အစိုးရမှ ဒေါ်အမာကို ပေးမှာပေါ့ဗျ ။

အဖွားကို အင်ဒီရာနဲ့ တူတယ်လို့ အဖိုးက ထောင်တွင်းက ပေးစာများထဲမှာ ရေးဖူးပါတယ်။ သူတို့ခေတ်ဟာ ကမ္ဘာမှာ ကိုလိုနီထမ်းပိုးက ကျွတ်ဖို့ ကမ္ဘာတခြမ်းကျော်က ပြည်သူတွေ ရုန်းရတဲ့ခေတ်ပါ။ ဒီခေတ်မှာ အမျိုးသားရေးစိတ်၊ လက်ဝဲဝါဒ ဆိုတာတွေ ကြီးစိုးခဲ့တာမို့ ဒီစိတ်တွေကို ဂလိုဘယ်ခေတ် ဆိုတဲ့ခေတ်ထိ ဖြန့်ဖြူးပေးသွားတဲ့ အလုပ်ကို ကောင်းကောင်းကြီး လုပ်သွားခဲ့သူလို့ အဖွားကို ပြောနိုင်ပါတယ်။ သူဟာ စာရေးတဲ့ အလုပ်ကို တာဝန်တခုလို ရေးသူပါ။ ရေးပီးသားကို တောင် ပြန်လှည့်ရေးတဲ့အကျင့်ဟာ ရောက်စေချင်လို့ပဲ ဆိုတာ ခုမှ စဉ်းစားမိပါတယ်။ သူတို့ အရွယ်တန်းတွေထဲမှာ စာရေးကောင်းသူ အရေးသွက်သူတယောက်အဖြစ် အရွယ်ကြီးတဲ့ထိ မီးစာကုန်မှ ဆီခမ်းခဲ့သူဖြစ်ပါတယ်။

ပညာရှိဂုဏ်လည်း ခံတတ်သူမဟုတ်ပါဘူး။ သူဟာ ဝတ္ထုကြီးတွေ ကဗျာကောင်းတွေ စပ်တတ်တဲ့ စာပေကျမ်းကြီးတွေ ပြုနိုင်တဲ့ ဖတ်စပ်ကလပ်စ် စာရေးဆရာလို့ သူ့ကိုယ်သူလည်း မှတ်ပုံမရပါဘူး။ လူအများ ဆင်းရဲဒုက္ခကို သိပါစေ ကြားပါစေဆိုပီး အသံထင်ဟပ်ပေးတဲ့ စာသတင်းထောက်၊ အတ္ထုပ္ပတ္တိသမားတယောက် အနေနဲ့ သူ့တာဝန်ကို ဘာအခွင့်ထူးနဲ့မှ မလဲဘဲ မားမားမတ်မတ် ရပ်တည်သွားသူလို့ပဲ ပြောချင်ပါတယ်။

တနည်းပြောရရင် သူရရှိခဲ့တဲ့ ကြိုးပမ်း အားထုတ်မှု ရိုးစစ်မှု စိတ်အမွေကို နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းပေးခဲ့သူပါ။ သူရေးတဲ့ ကျွန်မတို့ ငယ်ငယ်က ထဲက ပွဲစား ဦးကျည်းက ကျွဲနွားတွေ ရုံသွင်း စီးချင်းတိုက် ငွေစုပီး နိုင်ငံရး ရန်ပုံငွေ ရှာဖို့ ကြံသတဲ့။ ဦးလေးကျည်း ပြောတာဆိုတာတွေကို နားထောင်ရတာ ငယ်ငယ်က ကြက်သီးထစရာလည်း ကောင်းပါရဲ့။ အဟောင်းကို တော်လှန်လို့ ရတယ်။ လူဆိုတာ စွန့်ရဲရတယ်၊ သတ္တိမွေးရတယ်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အနစ်နာခံရမယ် ဆိုတဲ့ စိတ်ဓာတ်တွေလည်း အများကြီး ဝင်စေပါတယ်လို့ အဖွား ရေးခဲ့ပါတယ်။



%d bloggers like this: